စစ်တပ်၏ ရိုက်နှက်မှုကြောင့် မှော်ဘီဒေသခံ ကိုယ်ဝန်ပျက်ကျ

စစ်တပ်၏ ရိုက်နှက်မှုကြောင့် မှော်ဘီဒေသခံ ကိုယ်ဝန်ပျက်ကျ

စိန်ရွှေကုန်းစာသင်ကျောင်းမီးလောင်ကြောင်း စစ်ကောင်စီထုတ်ပြန်သည့် သတင်းတွင် ပါဝင်သည့် ဓာတ်ပုံ 

ရန်ကုန်မြို့ပြင်မှ စာသင်ကျောင်းမီးလောင်ပြီးနောက် စစ်တပ်က လူ ၄၀ ကျော်ကို ဖမ်းဆီးနှိပ်စက်နေသည်

By Myanmar Now

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စိန်ရွှေကုန်းရွာမူလတန်းကျောင်း ဇွန် ၁၄ ရက်နေ့က မီးလောင်ပြီးနောက် ၎င်းရွာမှ လူ ၄၀ ကျော်ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့ရာ အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း ရွာခံများထံမှ သိရသည်။

ကိုယ်ဝန် ၂ လရှိနေသည့် ယင်းအမျိုးသမီး၏ ဖုန်းထဲတွင် ၎င်းဆန္ဒပြနေသည့် ဓာတ်ပုံတစ်ပုံတွေ့ရှိသောကြောင့် ထိုနေ့တွင် ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရသည်။

“အဲဒီတစ်ပုံကို တွေ့ပြီး ခေါ်သွားတာ။ သူ့ဖုန်းကို စက်လေးနဲ့ထိုးကြည့်တော့ ဖျက်ထားတဲ့ပုံတွေ ပေါ်တယ်လို့ ပြောတယ်။ ကိုယ်က ဘယ်လိုဖျက်ဖျက်၊ ပုံတွေ အကုန်ပေါ်တယ်တဲ့။ သူတို့စက်လေးနဲ့ ထိုးကြည့်တော့ ဓာတ်ပုံတွေက ပေါ်နေတယ်။ ညာလို့မရဘူးလို့ ပြောတယ်။ ဆန္ဒပြပွဲမှာ ဓာတ်ပုံရိုက်ခဲ့တော့ ပုံထဲမှာပါတဲ့ သူတွေရဲ့ နေရပ်လိပ်စာတွေ၊ လမ်းနာမည်တွေကို တောင်းတယ်တဲ့။ ဖုန်းထဲကနေ တောက်လျှောက်လိုက်နေတာ”ဟု ရွာခံတစ်ဦးက ပြောသည်။

ထိုအမျိုးသမီးငယ်မှာ ဇွန် ၁၆ တွင် ပြန်လွတ်လာပြီးနောက် လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရပြီး ၎င်းနှင့် တိုက်ရိုက်အဆက်အသွယ် ရရှိရန် Myanmar Now က ကြိုးစားနေဆဲဖြစ်သည်။

ထိုသို့ ရိုက်နှက်စစ်ဆေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းတို့နှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်၍ မရသေးပေ။

စစ်သားများသည် မီးလောင်ပြီး နာရီပိုင်းအတွင်း ရွာသို့ ရောက်လာသည်ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်သားတွေ ဝင်လာပြီး ရွာသားတွေကို ဖမ်းသွားတယ်။ မီးရှို့တဲ့အမှုကို မေးတယ်။ မသိဘူးပြောရင် NLD နဲ့ ပတ်သက်တာတွေ၊ ဆန္ဒပြတာတွေမှာ ဘယ်သူတွေပါလဲ မေးတယ်။ မပြောမချင်းကို ရိုက်တာ။ သူတို့ (စစ်တပ်) ရိုက်လို့ နာလို့အော်ရင်လည်း အရိုက်ခံရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

“သူတို့က မီးရှို့တဲ့လူကို လိုချင်တယ်။ မပေါ်မချင်းစစ်မယ်လို့ ပြောထားတယ်။ ညီမတို့မှာ ရှောင်လို့မရဘူး။ ကျောင်းမီးရှို့တဲ့ကိစ္စနဲ့ ဝရမ်းထုတ်မယ်၊ ပစ်မယ် ပြောထားတယ်။ ရှောင်လို့ရှိရင် အိမ်မှာကျန်တဲ့ မိဘတွေကို ဒုက္ခပေးမယ်လို့ ပြောသွားတယ်။ အခု ညမိုးချုပ်လို့ရှိရင် ကိုယ့်အလှည့်ဘယ်တော့ပါမလဲဆိုပြီး အိမ်ကနေ ထိုင်စောင့်နေရတာ”

လူ ၁၀၀၀ ဝန်းကျင်ရှိ အဆိုပါရွာတွင် ထိုနေ့က ၁၀ ဦး၊ ဇွန် ၁၆ တွင် ၃၀ ကျော် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန် ၁၈ ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင် ထိုကျောင်းမှ ကျောင်းသုံးစာအုပ် ၅၆ အုပ်၊ ဗလာစာအုပ် ၃ ဒါဇင်၊ ပရိဘောဂတချို့ မီးလောင်သွားသည်ဟု ဖော်ပြခဲ့သည်။

လတ်တလောတွင် မီးလောင်မှုကို အကြောင်းပြု၍ စစ်တပ်က ရွာထဲ၌ အိမ်တိုင်းစေ့ ဧည့်စာရင်းစစ်ဆေးနေသည်။

“မီးရှို့တဲ့ကိစ္စတွေကို ရွာထဲက အိမ်တွေကို (စစ်တပ်က) လိုက်မေးတယ်။ ဧည့်စာရင်းစစ်တယ်။ ဧည့်စာရင်းစုံလို့ရှိရင်လည်း ကလေးတွေ ကျောင်းအပ်လား မေးတယ်။ ကျောင်းမအပ်ရသေးဘူးဆိုရင် မိဘတွေကို ရိုက်တယ်။ အိမ်မှာတင်ပဲ ရိုက်တာနော်”ဟု ရွာခံတစ်ဦးက ပြောသည်။

ထို့အတူ ရွာရှိလူငယ်များကိုလည်း ခေါ်ယူ၍ ဖုန်းများကို စစ်ဆေးကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) နှင့် ပတ်သက်သည့် Facebook Post များကို Like လုပ်ထားလျှင်ပင် ဖမ်းဆီးနေသည်ဟု သိရသည်။

“သူတို့ဖင်တွေမှာ (အရိုက်ခံရလို့) ညိုမည်းစွဲနေတာ။ ခရမ်းရောင်သမ်းနေတာတွေ အကုန်ပဲ။ တင်ပါးတွေကို ရိုက်တာ။ ရိုက်တဲ့ပုံစံက အမြည်းဆိုပြီး ၅ ချက်စီရိုက်လိုက်တယ် ဝါးလုံးနဲ့။ မီးရှို့တာ ဘယ်သူလဲဆိုပြီး အစကနေ ပြန်ခေါ်မေးတယ်။ မသိဘူးဆိုရင် ၁၀ ချက်တိုးတယ်။ အဲဒီကနေ ၁၅ချက်၊ အချက် ၂၀ တိုးတိုးရိုက်သွားတာ”ဟု ပြန်လွတ်လာသူတချို့ကို ကိုးကား၍ ရွာခံတစ်ဦးက ပြောသည်။

ပြန်လွတ်လာသူတချို့သည် ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်နေ၍ ထုတ်ဖော်မပြောဆိုလိုသောကြောင့် လွတ်လာသူအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း မှော်ဘီမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဇွန် ၁ တွင် စာသင်ကျောင်းများ အတင်းအကျပ်ဖွင့်လှစ်ပြီးနောက် စာသင်ကျောင်းတချို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ NLD ပါတီနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်သောင်းကျန်းသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ ပညာသင်ကြားနေမှုအပေါ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ကန့်ကွက်စာများရေးသားခြင်းတို့ကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

စစ်ကောင်စီကို တော်လှန်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များကလည်း ထိုကဲ့သို့ ပြည်သူကို ထိခိုက်စေမည့် အလုပ်မျိုးမလုပ်ကြောင်း အသီးသီး ပြောဆိုထားကြသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia