15 June 2021
ဒေဝီ။ ။
” ဖက်ဆစ် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အံတုရင်ဆိုင်ဝံ့တဲ့ အာဂအမျိုးသမီးတွေ ဖြစ်တဲ့အတွက် အထူး လေးစားပါတယ်။ ဂုဏ်လည်းယူပါတယ်။ ညဆိုတာ အမြဲတမ်းမှောင်မနေပါဘူး၊ အမှောင်ညတွေပြီးရင် အလင်းရောင် ရောက်လာမှာပါ၊ ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”
ဒီစကားစုလေးကတော့ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းမလေးများအတွက် ပေးစာများထဲက စာတစ်စောင်ပါ။ ၁၉၈၉ ကနေ ၁၉၉၇ အထိ အကျဉ်းကျခဲ့တဲ့ စီနီယာအကျဉ်းသူတစ်ဦးက လက်ရှိအကျဉ်းကျနေတဲ့ အကျဉ်းသူညီအမတွေကို ပေးပို့ခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ သူရဲကောင်းအမျိုး သမီးလေးတွေအတွက် ကမ္ဘာတစ်ဝှမ်းနဲ့ ပြည်တွင်းက အမျိုးသမီးတွေက စာရေးသားပေးပို့တဲ့ LETTERS TO SISTERS ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။
အကျဉ်းထောင်တွင်းက အမျိုးသမီးတွေဆီ စာရေးသားပေးပို့တဲ့ LETTERS TO SISTERS လှုပ်ရှားမှုက Sisters 2 Sisters Campaign (တော်လှန်ရေးညီအမများမှ တော်လှန်ရေးညီအမများဆီသို့) ရဲ့ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းပါ။
ပြည်တွင်းကတက်ကြွလှုပ်ရှားသူလူငယ်မျိုးသမီးတွေ၊ယခင်က အကျဉ်းကျခံရပြီး ပြန်လွတ်လာတဲ့ စီနီယာနိုင်ငံရေးအကျဉ်း သူဟောင်းတွေနဲ့ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေရဲ့ ခွန်အားပေးစာလွှာတွေကို စုစည်းပြီးအကျဉ်း ထောင်အသီးသီးနဲ့မိသားစုဝင်တွေကို ပေးပို့ခဲ့သလို လူမှုကွန်ရက်တွေမှာလည်းဖြန့်ဝေခဲ့ပါတယ်။
” အကျဉ်းထောင်မှာထိန်းသိမ်းခံထားရတဲ့အမျိုးသမီးတွေအတွက်ကို နေ့စဉ်နဲ့အမျှ အားယူပြီးတော့ အပြင်မှာရှိတဲ့ ညီအမ တွေကလည်း ကြိုးစားနေတယ်ဆိုတာ သိစေချင်တယ်ပေါ့။ ရပ်တန့်မသွားဘူး။ အားလျော့မသွားဘူး၊ အသားကျမသွားဘူး အဲ့ဒါလေးသိစေချင်တယ်။” လို့ sisters 2 sisters ကမ်ပိန်းဦးဆောင်သူ မသဉ္စာရွှန်းလဲ့ရည်က ပြောပါတယ်။
LETTERS TO SISTERS ကမ်ပိန်းကို တိုင်းနဲ့ပြည်နယ်အသီးသီးနဲ့ နိုင်ငံတကာက အမျိုးသမီးအချို့ကလည်း လက်ရှိ အချိန်ထိ ပါဝင်ပေးပို့လျက်ရှိကြပါတယ်။
အကျဉ်းထောင်အတွင်းက အမျိုးသမီးတွေက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေသလို သတင်းအချက်အ လက်တွေလည်းမရတဲ့အချိန် ဒီလိုစာရေးသားပေးပို့ခြင်းကြောင့် သူမတို့အပေါ် ဂရုတစိုက်ရှိသေးတယ်ဆိုတဲ့ စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှု ဖြစ်သွားစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
” ဒီလိုစာတွေပို့ပေးခြင်းအားဖြင့် သူတို့ကို မမေ့နေဘူး။ သူတို့အတွက် ဂရုတစိုက်နဲ့စောင့်ရှောက်ပေးတယ်ဆိုတဲ့ အမြင် တုံ့ပြန်ချက်တွေကသူတို့ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပိုဖြစ်စေတယ်။ နောက် ပိုပြီးခွန်အားဖြစ်စေတယ်” လို့ မသဉ္စာရွှန်းလဲ့ ရည်ကပြောပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူလူငယ်တွေကို အမျိုးသမီးပါမကျန် အကြမ်းဖက် ဖမ်းဆီးတာ ၊ဖမ်းဆီး ခံရတဲ့ မိန်းကလေးတွေကို လူမြင်မကောင်းအောင် ရိုက်နှက်ထားတာ၊ စစ်ဆေးမေးမြန်းစဉ် ရိုက်နှက်တာ၊ လိင်အကြမ်းဖက် ထိပါးတာတွေက စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာခဏဆိုသလို ကြားသိနေရတဲ့ ဖြစ်ရပ်တွေပါ။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်ညှင်းပန်းနှိပ်စက်တာ၊ လိင်အကြမ်းဖက်တာတွေကို အနယ်နယ်အရပ်ရပ်က ပြည်သူ တွေက ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ၊ရပ်တန့်ပေးဖို့တောင်းဆိုမှုတွေကိုလည်း အွန်လိုင်းကရော မြေပြင်မှာပါ နည်းလမ်းမျိုးစုံနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။
စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် မျက်နှာဆိုးဆိုးရွားရွားထိခိုက် ဒဏ်ရာရခဲ့တဲ့ အမျိုး သမီးငယ်တွေရဲ့ ပုံတွေ လူမှုကွန်ရက် မှာပြန့်နှံ့လာတဲ့အခါ အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ယောက် အနေနဲ့ ကိုယ်တိုင် လည်းကြုံတွေ့နိုင်တဲ့ ခံစားချက်မျိုးဖြစ်ပေါ်မိတယ်လို့ မသဉ္စာရွှန်းလဲ့ရည်က ဆိုပါတယ်။
ဒီနှိပ်စက်ညှင်းပန်းခံရတဲ့ အမျိုးသမီးတွေက စစ်ကောင်စီကို တော်လှန်ပုန်ကန်နေတဲ့ အမျိုးသမီးတွေဖြစ်တဲ့အတွက် သူတို့ ကို လေးစားတန်ဖိုးထားတယ်ဆိုတာကို ပြသချင်တာကြောင့် ဒီအမျိုးသမီးငယ်တွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ ပုံစံအတိုင်း မျက်နှာမှာ ပြင်ဆင်ချယ်သပြီးတော့ လူမှုကွန်ရက်မှာ တင်ခဲ့ရာကနေ ဒီကမ်ပိန်းတွေစလုပ်ဖြစ်တာလို့ မသဉ္စာရွှန်းလဲ့ရည် ကပြောပါတယ်။
“သူတို့လိုနာကျင်ရမှု မျက်နှာထိခိုက်ရမှုက ကျွန်မတို့လည်း ဖြစ်နိုင်တယ်၊ ကျွန်မတို့သည် ဆက်ပြီး တော်လှန်ပုန်ကန်ဆဲပဲ ဖြစ်တယ်ဆိုတဲ့ အတူရပ်တည်ပေးတဲ့ သွေးစည်းညီညွှတ်ခြင်းကို ပြချင်တဲ့အတွက်ကြောင့် စတင်ခဲ့တာ” လို့ မသဉ္စာရွှန်းလဲ့ ရည်ကပြောပါတယ်။
ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ပုံသဏ္ဍာန် အပြင်အဆင်နဲ့ လက်သုံးချောင်းထောင် ဆန့်ကျင်တဲ့လှုပ်ရှားမှုကို Sisters 2 Sisters ဆိုတဲ့ သင်္ကေတနဲ့ လှုမှုကွန်ရက်မှာမျှဝေတဲ့အခါ အမျိုးသမီးရေးလုပ်ဆောင်သူတွေ၊ လူငယ်တက်ကြွ လှုပ်ရှားသူတွေ၊ အခြားစိတ်ဝင်စားသူတွေကပါ လိုက်ပါလုပ်ဆောင်ခဲ့ပါတယ်။
Sisters 2 Sisters ကမ်ပိန်းက အမျိုးသမီးတွေရဲ့ ရဲရင့်မှု၊စစ်ကောင်စီကို တော်လှန်ပုန်ကန်တဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုပြီး သွေးစည်းညီညွှတ်မှုကို ပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ဆန့်ကျင်ကန့်ကွက်တာတွေကြောင့် ဖမ်းဆီးခံရတဲ့အထဲ အမျိုးသမီးဦးရေ တစ်ထောင်ကျော်ခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး အကျဉ်းထောင်တွေ စစ်ကြောရေးစခန်းတွေမှာ ညှင်းပန်း နှိပ်စက်တာ၊လိင်ပိုင်းဆိုင်ရာထိပါးတာတွေလည်း အမျိုးသမီးတစ်ချို့ ကြုံတွေ့နေရပါတယ်။
အမျိုးသမီးတွေကို ဖမ်းဆီးစဉ်မှာ အကြမ်းဖက်သလို စစ်ဆေးမေးမြန်းစဉ်မှာလည်း နှိပ်စက်ညှင်းပန်းတာတွေ အများအပြား ကြားသိနေရတယ်လို့ အမျိုးသမီးအခွင့်အရေးလုပ်ဆောင်နေသူ မစုစုငယ်ကပြောပါတယ်။
” အမတို့သိရသလောက်က စစ်ဆေးမေးမြန်းစဉ်မှာ နှိပ်စက်ညှင်းပန်းတာကတော့ များတယ်။ စစ်ကြောရေးကို ရောက် သွား တဲ့အချိန်ပေါ့၊ ဒါကတော့မဖြစ်သင့်ဘူးပေါ့နော်၊ လူ့အခွင့်အရေးတွေ.ချိုးဖောက်ခံရတယ်။ စိတ်တွေအကြမ်း ဖက်ခံ နေရတယ်”လို့ ပြောပါတယ်။
ဒီလိုအကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေ ဆုံးရှုံးနေရတဲ့လူ့အခွင့်အရေးတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ပါဝင် ကူညီမှုတွေလုပ်စေချင်တယ်လို့ မစုစုငယ်က ဆိုပါတယ်။
ဒီလိုမျိုး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ ဖြစ်စဉ်တွေကြားသိနေရတဲ့အတွက် သတင်းအချက် အလက် မှတ်တမ်းတွေကို ကောက်ယူနေပြီးကျူးလွန်ခံရသူတွေကို ကူညီပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မသဉ္စာရွှန်းလဲ့ ရည် က ပြောပါတယ်။
အမျိုးသမီးတွေကြုံရတဲ့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေ ဖမ်းဆီးနှိပ်စက်မှုတွေကို မှတ်တမ်းယူတဲ့အခါ အမျိုးသမီးတွေ ကိုယ်တိုင်က သူတို့ကြုံတွေ့ရတာကို Sisters 2 Sisters ကပြုလုပ်ထားတဲ့ ဖောင်မှာဝင်ဖြည့်ပြီး သူတို့ကိုယ်တိုင်က ပြောပြတာနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေကို မှတ်တမ်းယူပါတယ်။
” ကျွန်မတို့ဆီကပေးပို့တဲ့ အဖြစ်အပျက်တွေထဲက အသက်၂၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦးရဲ့အဖြစ်ဆိုရင် သူ့ကို ဖမ်းဆီးစဉ်က အဖြစ်အပျက်နဲ့ စစ်ဆေးမေးမြန်းတဲ့အချိန်အဖြစ်အပျက်တွေကြောင့် ပြန်လွှတ်ပြီးနောက်ပိုင်းမှာတောင် အိမ်မက်ဆိုးတွေမက်တာ၊ စိတ်ဒဏ်ရာရတာတွေ ဖြစ်နေတုန်းပဲ”လို့ Sisters 2 Sisters ကမ်ပိန်းကို ပေးပို့လာတဲ့ ဖြစ်စဉ် တစ်ခုကို မသဉ္စာရွှန်းလဲ့ရည်ကပြောပါတယ်။
ယင်းအမျိုးသမီးငယ်ကို ဖမ်းဆီးစဉ်က စစ်သားတွေက အရက်သေစာသောက်စားထားပြီး သူ့ကို ရိုက်နှက်တာ ၊ရုန့်ရင်း ကြမ်းတမ်းစွာဆဲဆိုတာတွေပြုလုပ်ခဲ့သလို၊ စစ်ဆေးမေးမြန်းစဉ်မှာလည်း နှိမ့်ချစော်ကားတဲ့ စကားတွေပြောတာ ၊ကြမ်း ကြမ်း တမ်းတမ်းဆက်ဆံတာ၊ချိန်းခြောက်တာတွေလည်းကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့ အန္တရာယ်ထပ်မဖြစ်အောင် ပြန်လည်ခွန်းတုံ့ပြန်ခြင်းမပြုပေမဲ့ ဒီဖြစ်ရပ်တွေအပေါ် ထိတ်လန့်နေခဲ့ပြီး စိတ်ဒဏ်ရာ ရခဲ့တယ်လို့ ဖြေကြားထားကြောင်း မသဉ္စာရွှန်းလဲ့ရည်ကပြန်ပြောပြပါတယ်။
ဒီလိုကြုံတွေ့ရတဲ့ အမျိုးသမီးတွေရဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီးတော့နိုင်ငံတကာ အဖွဲ့အစည်းအချို့ UN လူအခွင့်ရေး အထူးကိုယ်စားလှယ်တွေ၊ အမျိုးသမီးအဖွဲ့တွေ နိုင်ငံတကာအစိုးရတွေကို ပေးပို့တာမျိုးနဲ့ ပြည်တွင်းက သတင်းမီဒီယာတွေကို ဖြန့်ဝေတာမျိုး ပြုလုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။
ဒီလို သတင်းအချက်အလက်တွေစုဆောင်းရမှာလည်း အမျိုးသမီးတွေက ထုတ်ဖော်ပြောဆိုမှု နည်းနေသေးတာကို တွေ့နေရတယ်လို့ဆိုပါတယ်။ အများစုက ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါ အန္တရာယ်ထပ်ဖြစ်စေမလားဆိုတာကို စိုးရိမ် တာတွေကြုံတွေရတဲ့အတွက် အမျိုးသမီးတွေကိုယ်တိုင် ထုတ်ပြောလာဖို့ နှိုးဆော်နေရတယ်လို့ မသဉ္စာရွှန်းလဲ့ရည် ကပြောပါတယ်။
” တော်တော်များများက ထုတ်ပြောလိုက်ရင် အန္တရာယ်ဖြစ်စေမလား စိုးရိမ်တာရှိတယ်။ ဒါကို အားပေးမြှင့်တင်ပြီး များများ ထုတ်ပြောဖို့ များများဖော်ထုတ်ဖို့တွေကြိုးစားနေတယ်။”လို့ ဆိုပါတယ်။
လတ်တလောအနေနဲ့ ဇွန် ၁၉ရက်နေ့မှာကျရောက်တဲ့ ” ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အဆုံး သတ်ရေး အပြည်ပြည်ဆိုင်ရာနေ့ ” အထိမ်းအမှတ်အဖြစ် ” အာဏာရှင်ကိုအံတုမယ့်နှုတ်ခမ်းနီပိုင်ရှင်များ” ဆိုတဲ့လှုပ်ရှားမှု ကို Sisters 2 Sisters ကမ်ပိန်းက လုပ်ဆောင်နေပြီး စိတ်ပါဝင်စားသူအမျိုးသမီးတွေ၊ အမျိုးသားတွေလည်း အများ အပြားရှိတာ တွေ့ရတယ်လို့ မသဉ္စာရွှန်းလဲ့ရည်ကပြောပါတယ်။
“အာဏာရှင်ကိုအံတုမယ့်နှုတ်ခမ်းနီပိုင်ရှင်များ” လူပ်ရှားမှုဟာ ပဋိပက္ခတွေကြားမှာ အမျိုးသမီးတွေအပေါ် ပစ်မှတ် ထားတိုက်ခိုက်မှုတွေ ရှိပေမယ့် စစ်ကောင်စီရဲ့ အမိန့်အာဏာတွေကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး အာဏာရှင်ကို အန်တုနေတဲ့ ဒီအမျိုးသမီးတွေကို ဂုဏ်ပြုမယ့် လှုပ်ရှားမှုတစ်ခုပါ။
အနီရောင်နှုတ်ခမ်းနီဆိုး ၊လက်သုံးချောင်းထောင်အလေးပြုပြီး အမှန်တရားပြောခြင်းဖြင့် အာဏာရှင်ကို အာခံတဲ့ လှုပ်ရှားမှု ကို အခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေ၊အမျိုးသမီးနဲ့လူ့အခွင့်အရေးလုပ်ဆောင်သူတွေက လည်း ပါဝင်လုပ်ဆောင်ကြမှာပါ။
ဒီလှုပ်ရှားမှုကနေပြီး မြန်မာပြည်တွင်းစစ်တပ်ရဲ့ ကျူးလွန်မှုများအပေါ် အာရုံစိုက်လာကြစေဖို့ အမျိုးသမီးများရဲ့ ရဲရင့်မှုနဲ့ စစ်အာဏာရှင်အား အာခံမှုသတ္တိကို လေးစားဂုဏ်ပြုဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှနားလည်မှုတိုးလာပြီး တုံ့ပြန်မှုများ ဆောင်ရွက်လာစေဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
” အမျိုးသမီးတွေက အဲ့နေ့မှာ နှုတ်ခမ်းနီဆိုးပြီး အမှန်တရားကိုပြောမယ်။ အာဏာရူးကိုပုန်ကန်မယ်ဆိုတဲ့အမြင်ပေါ့ ၊အယူ အဆ၊ လွတ်လပ်စွာပြောဆိုမှုကို နှုတ်ခမ်းနီနဲ့ ပုံပမာပြုလို့ ကျမတို့မျိုးဆက်တွေ နိုင်ငံတကာကိုလည်းဒီလှုပ်ရှားမှုနဲ့ အသိပ ညာမြင့်မယ်။” လို့ မသဉ္စာရွှန်းလဲ့ရည်ကဆိုပါတယ်။
Original Post: Honest Information (HI)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.