14 June 2021
မိတ္ထီလာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်။ (ဓာတ်ပုံ-ပေးပို့)
အရှင်ဂမ္ဘီရ၏ ညီဖြစ်သူ မိတ္ထီလာ NLD အမတ် ဒဏ်ရာဖြင့် အဖမ်းခံရပြီး ၁၄ ရက်အကြာတွင် ထောင်ချခံရသော်လည်း လူချင်းတွေ့ခွင့်မရသေးဟု မိသားစုက ဆိုသည်
By Myanmar Now
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်ကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ညက အသက် ၃၇ နှစ်အရွယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်သည် မြို့မှ ၁၀ မိုင်အကွာ မိတ္ထီလာစက်မှုဇုန်ရှိ ၎င်းနေအိမ်ရှိရာသို့ ခေတ္တပြန်လာစဉ် နာရီပိုင်းအတွင်း အဖမ်းခံရခြင်း ဖြစ်သည်။
ဦးလွင်မောင်မောင်ကို မိတ္ထီလာထောင်တွင် ချုပ်နှောင်ထားပြီးနောက် မိသားစုက ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း ပစ္စည်းပေးပို့ခွင့်သာ ရခဲ့ကာ ထောင်ဒဏ်ချမှတ်လိုက်သည်ကို ယင်းနေ့က ထောင်သို့ ပစ္စည်းပို့ပေးချိန်တွင် မိသားစုက သိရှိခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးပြီး ၁၄ ရက်အကြာ မေ ၁၂ တွင် ထောင် ၃ နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး မည်သည့်ပုဒ်မဖြင့် စွဲချက်တင်ခဲ့သည်ကို မသိရကြောင်း မိခင်ဖြစ်သူက ဆိုသည်။
၎င်းသည် မန္တလေးတိုင်းအတွင်းရှိ တပ်သိမ်းလယ်ယာမြေအရေးတွင် တောင်သူများဘက်မှ လိုက်ပါဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲမဝင်ရန် တားမြစ်နေသည့်ကြားမှ လယ်ယာမြေအရေးကို လွှတ်တော်တွင်း၌ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ မိခင်ထံမှ သိရသည်။
လာရောက်ဖမ်းဆီးစဉ်က စစ်ကား ၁၂ စီးအပြင် ရဲကားများဖြင့်ပါ အင်အားသုံး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေးက ပြောသည်။
“ဖမ်းချင်လို့ ဖမ်းတယ်။ ထောင်ချချင်လို့ ချတယ်။ ဒါပါပဲ။ NLD မို့လို့ပေါ့။ အမှန်က သူ (ဦးလွင်မောင်မောင်) ရှောင်ရင် အချိန်ရတယ်၊ မရှောင်တာ။ တကယ်လို့ သူရှောင်လိုက်ရင် အမေ့ကို ခေါ်သွားမှာ စိုးရိမ်တယ် ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
ဦးလွင်မောင်မောင်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဦးဆောင်သံဃာတစ်ပါးအဖြစ် ထင်ရှားခဲ့သူ အရှင်ဂမ္ဘီရခေါ် ဦးညီညီလွင်၏ ညီဖြစ်ပြီး အရှင်ဂမ္ဘီရသည် အဆိုပါလှုပ်ရှားမှုကြောင့် စစ်ကြောရေးတွင် အပြင်းအထန်ရိုက်နှက်စစ်ဆေးခံရပြီးနောက် န-အ-ဖ စစ်အစိုးရလက်ထက်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
ထိုသို့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းရှိသော မိသားစုအဖြစ် စစ်ကောင်စီဘက်က ယူဆကာ အမှုမစစ်ဘဲ ထောင်ချခြင်းလည်းဖြစ်နိုင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။
“နိုင်ငံရေးနဲ့ ပတ်သက်ပြီး တစ်အိမ်လုံး ထောင်မကျဘူးတဲ့သူ မရှိတော့ ၈၈ ရော၊ ၂၀၀၇ ရော၊ ၂၀၂၁ ရော လိုင်စင်များဆွဲထားသလား အောက်မေ့ရတယ်”ဟု ကျောင်းဆရာမဟောင်းတစ်ဦးလည်းဖြစ်သူ ဒေါ်ရေးက ပြောသည်။
အမှုမစစ်ဘဲ ထောင်ချသည်၊ ထောင်ချပြီးသော်လည်း လူချင်းတွေ့ခွင့်မရသေးဟူသော မိသားစု၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
တပ်စခန်းအများအပြားရှိသော မိတ္ထီလာခရိုင်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD က အနိုင်ရရှိခဲ့သည်။
ယင်းခရိုင်၌ NLD ပါတီမှ ဦးလွင်မောင်မောင်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဆင့်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘုန်းကျော်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ကြီးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီ၏ ဥပဒေမဲ့ဖမ်းဆီးခြင်းများကြောင့် မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံခဲ့ရသော NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးသာမက NLD ပါတီဝန်းရံသူ မြို့မိမြို့ဖများပါ နေအိမ်တွင်မနေရဘဲ လုံခြုံသည့်နေရာသို့ တိမ်းရှောင်နေထိုင်နေရသည်ဟု မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီသည် NLD ပါတီဝင်များအပါအဝင် ၎င်းကို ဆန့်ကျင်သူများအား ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အရေးယူဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.