ထုတ်ပြန်ကြေညာချက် – Total နှင့် Chevron တို့အား ရက်စက်ကြမ်းကြုတ်သောစစ်အုပ်စုထံ စီးဝင်နေသည့်ဝင်ငွေများ ရပ်တန့်ရေး ပိုမိုလုပ်ဆောင်ရန် မြန်မာ CSO များက တောင်းဆိုလိုက်သည်

04 June 2021

408 Myanmar Civil Society Organizations

ထုတ်ပြန်ကြေညာချက် – Total နှင့် Chevron တို့အား ရက်စက်ကြမ်းကြုတ်သောစစ်အုပ်စုထံ စီးဝင်နေသည့်ဝင်ငွေများ ရပ်တန့်ရေး ပိုမိုလုပ်ဆောင်ရန် မြန်မာ CSO များက တောင်းဆိုလိုက်သည်

၂၀၂၁ ခုနှစ် ဇွန် လ ၄ ရက်

Total နှင့် Chevron တို့မှ မုတ္တမသဘာဝဓါတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (MGTC) က မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း (MOGE) အပါအဝင် ၎င်း၏ အစုရှယ်ယာရှင်များအား အမြတ်ဝေစုများ ခွဲဝေမှုကို ရပ်ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်အပေါ် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၈ ဖွဲ့မှ သတိကြီးစွာဖြင့် ကြိုဆိုလိုက်သည်။ ယင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းအပါအဝင် မြန်မာစစ်တပ်၏ ကျယ်ပြန့်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အားဖြည့်ပေးနေသည့် အလွန်အရေးကြီးသော ဝင်ငွေဖြစ်သောကြောင့် မြန်မာစစ်အုပ်စုအတွက် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ဝင်ငွေ စီးဆင်းမှုကို ဖြတ်တောက်သည့် ပထမအဆင့်ကို ကြိုဆိုခြင်းဖြစ်သည်။ သို့ရာတွင် ဤ အမြတ်ဝေစု ခွဲဝေမှု ရပ်ဆိုင်းခြင်းသည် စစ်အုပ်စုသို့ ကမ်းလွန် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စီမံကိန်းများမှ ပေးပို့နေသော ဝင်ငွေ၏ ၇ ရာခိုင်နှုန်းမျှသာရှိပြီး ၂၀၂၀/၂၁ ခုနှစ်အတွက် လျာထားချက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ၏ အပိုင်းအစလေးတစ်ခုသာ ဖြစ်သည်။ ထို့အပြင် ယင်းအမြတ်ငွေရပ်ဆိုင်းမှုသည် အမြဲတမ်း လုပ်ဆောင်မှုတစ်ခု မဟုတ်ဘဲ မည်သည့်အချိန်တွင်မဆို အထူးသဖြင့် အစုရှယ်ယာရှင်ဝင်များမှပေးရန် တောင်းဆိုလာပါက ပယ်ဖျက်နိုင်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ဧပြီလ ၂၀ ရက် ရက်စွဲများဖြင့် ပေးပို့သော အိတ်ဖွင့်ပေးစာများတွင် (MOGE) သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်တွင်ရှိပြီး စစ်အုပ်စု၏ ထိန်းချုပ်ခြင်းခံနေရကာ MOGE နှင့် အစိုးရဘဏ်စာရင်းများကို စစ်အုပ်စုက တရားမဝင် စီမံခန့်ခွဲနေကြောင်းကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများက ရှင်းလင်းစွာ ဖော်ပြထားပြီး ဖြစ်သည်။ ထိုပေးသွင်းငွေများ၏ပိုင်ရှင်မှာ မြန်မာပြည်သူလူထုများဖြစ်ပြီး ပြည်သူများကို ကိုယ်စားပြုဟန်ဆောင်ထားသော တရားမဝင်စစ်အုပ်စု မဟုတ်ပေ။ မြန်မာပြည်သူများအပေါ် ကျူးလွန်သော စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးများတွင် အသုံးပြုရန်အတွက် လက်နက်များ ဝယ်ယူရာတွင် ဤရံပုံငွေများကို အသုံးပြုနိုင်သည်။ ယင်းစစ်ဆင်ရေးများတွင် မြို့ပြလမ်းမများပေါ်၌ အရပ်သားများအား ပစ်သတ်ခြင်းနှင့် တိုင်းရင်းသားနယ်မြေများတွင် ကျေးရွာများအား လေကြောင်းဖြင့် အရမ်းကာရော ပစ်ခတ်တိုက်ခိုက်ခြင်းများ ပါဝင်သည်။

မြန်မာစစ်တပ်၏ အကြီးမားဆုံးသော တစ်ခုတည်း ဝင်ငွေအရင်းအမြစ်မှာ Total ဖြစ်နိုင်သည်။ Total သည် အကျိုးအမြတ်ကြီးသော ရတနာကမ်းလွန်သဘာဝဓါတ်ငွေ့ စီမံကိန်းတွင် စီမံကိန်း၏ ၃၁.၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်မှုဖြင့် လုပ်ကိုင်နေသည်။ Chevron က ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ကျန်သည့် အပိုင်းမှာ ထိုင်းနိုင်ငံ၏ PTTEP မှ ၂၅.၅ ရာခိုင်နှုန်းနှင့် MOGE မှ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ MGTC ၏ အခန်းကဏ္ဍမှာ ရတနာစီမံကိန်းမှ ထုတ်လုပ်လိုက်သော သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံနယ်စပ်သို့ သယ်ပို့သည့် ပိုက်လိုင်းကို စီမံခန့်ခွဲခြင်း ဖြစ်သည်။ ဤသေးငယ်သော ကဏ္ဍသာ ဖြစ်သော်လည်း MGTC မှ MOGE ကောက်ယူရသည့် အခွန်နှင့် အမြတ်ဝေစုမှာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ သန်းရှိပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၂ သန်းရှိခဲ့သည်။ ယင်းမှာ အတော်အသင့် များပြားသော ငွေပမာဏ ဖြစ်သည့်တစ်ချိန်တည်းတွင်  ရတနာ စီမံကိန်းအတွက် နိုင်ငံတော်မှ ရရှိမည့် အခွန်များ၊ မူပိုင်ခများ နှင့် အခြားပေးသွင်းငွေများ ပါဝင်သော ခန့်မှန်းဝင်ငွေများနှင့် နှိုင်းယှဉ်ကြည့်ပါက အနည်းငယ်သာ ဖြစ်သည်။

Total က မြန်မာဥပဒေအောက်တွင် သဘောတူလက်မှတ်ရေးထိုးထားချက်အရ စစ်အုပ်စုကို ငွေပေးချေရန် လိုအပ်သည်ဟု ချေပပြောဆိုပြီးပြီး ထိုငွေပေးသွင်းမှုများကို ရပိုင်ခွင့်မရှိသည့် တရားမဝင်သောအဖွဲ့အစည်းကို ပေးသွင်းနေခဲ့သည်ကိုမူ ချန်လှပ်ထားသည်။ Total က ထိုသို့ ဆက်လက်ထုတ်လုပ်နေခြင်းနှင့် ငွေပေးသွင်းခြင်းများကို လူသားချင်းစာနာထောက်ထားမှုအရလုပ်ဆောင်နေသည်ဟု အကြောင်းပြချက်များပေးသော်လည်း မြန်မာပြည်သူများအနေဖြင့် ထိုငွေပေးသွင်းမှုများ၏ အကျိုးခံစားခွင့်များကို မမြင်တွေ့ရဘဲ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများသာ ဆက်လက်ဖြစ်ပေါ်နေသည်။

တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွာသည့် လွန်ခဲ့သော လေးလတာ ကာလအတွင်း မြန်မာစစ်တပ်သည် ကလေး ၅၇ ဦး အပါအဝင် လူပေါင်း ၈၄၂ ဦးကို သွေးအေးစွာ သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၅,၀၀၀ ကျော်ကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ဒီမိုကရေစီကို သတ္တိရှိစွာ ကာကွယ်သူ လူဦးရေ ၂,၀၀၀ ခန့်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့သည်။ စစ်အုပ်စုသည် ၎င်းတို့ သတ်ဖြတ်လိုက်သည့် လူများ၏ အလောင်းများကို လုယူသွားပြီး အလောင်းဖျက်ဆီးခြင်း၊ တရားမဝင် ရင်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ခြင်း၊ သေစာရင်းအတုများ ထုတ်ပြန်ခြင်း၊ ခန္ဓာကိုယ်မှ သက်သေအထောက်အထားများကို ဖယ်ရှားခြင်းနှင့် မိသားစုဝင်များထံမှ ခွင့်ပြုချက်မရဘဲ တချို့ကို မီးသင်္ဂြိုလ်ခြင်းနှင့် မြေမြှုပ်သင်္ဂြိုလ်ခြင်း နှင့်သတ်ဖြတ်ခံထားရသူ၏ အလောင်းများကို မိသားစုဝင်များအား ငွေဖြင့် ရွေးခိုင်းစေခြင်းများ လုပ်ဆောင်ခဲ့သည်။ အခြားသော ကျူးလွန်ခံရသူများမှာ ညအချိန် သို့မဟုတ် လမ်းများပေါ်မှ အမှတ်အသားမပါသော ကားများဖြင့် ခေါ်ဆောင်သွားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခံခြင်းများ ခံရပြီးနောက် ချစ်ခင်သူများထံသို့ နှိပ်စက်ညှင်းပန်းမှုနှင့် ခန္ဓာကိုယ်ဖြတ်တောက်ထားသည့် လက္ခဏာများဖြင့် ပြန်ပို့ခြင်းများ ရှိနေသည်။ တိုင်းရင်းသား နယ်မြေများဖြစ်သော ကချင်၊ ကရင်၊ ချင်းနှင့် မကြာသေးမီက ကရင်နီနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် တရားမဝင် အာဏာသိမ်းစစ်အုပ်စုက နယ်မြေပေါင်းများစွာကို တပြိုင်နက် စစ်မျက်နှာဖွင့်လိုက်သဖြင့် ပဋိပက္ခအခြေအနေမှာ အလွန်အမင်း မြင့်မားလာခဲ့သည်။ ဖေဖော်ဝါရီလမှ ဧပြီလများအတွင်း ပဋိပက္ခဒေသများတွင် အရပ်သားများအပေါ် တိုက်ခိုက်မှုပေါင်း ၁၆,၀၀၀ နီးပါးရှိခဲ့သည်။ ထိုအခြေအနေများမှာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ နှင့် လက်နက်ကြီးများကို အသုံးပြုပြီး ကရင်နီနှင့် ရှမ်းပြည်နယ်များအတွင်း ထိုးစစ်ဆင်မှုများလုပ်ဆောင်ခြင်းကြောင့် အရပ်သား ၁၀၀,၀၀၀ ကျော်ကို အိုးအိမ်နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်စေခဲ့သည်။

ယခု Total နှင့် Chevron တို့ လုပ်ဆောင်ခဲ့သည်မှာ မြန်မာပြည်သူများအား ၎င်းတို့ ကူညီနိုင်သည့်အတိုင်းအတာ၏ အပိုင်းအစကလေးမျှသာ ရှိသေးသည်။ MOGE ကဲ့သို့ စစ်တပ်နှင့် ဆက်နွယ်နေသော လုပ်ငန်းများအပေါ် ပစ်မှတ်ထား အရေးယူဆောင်ရွက်မှုများ ပါဝင်သင့်ပြီး မြန်မာစစ်အုပ်စုအား ဘဏ္ဍာရေးအရ အထီးကျန်ဖြစ်စေရန် အတူတကွ ပူးပေါင်းလုပ်ဆောင်မှုရှိသည့် နောက်ထပ်အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရမည်။ Total နှင့် Chevron တို့က ဥရောပသမဂ္ဂ သို့မဟုတ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို လိုက်နာမည်ဟု ပြောဆိုသော်လည်း တစ်ချိန်တည်းမှာပင် Chevron သည် အမေရိကန်အစိုးရအား ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများကို ပိတ်ဆို့အရေးယူမှုများမှ ကင်းလွတ်ခွင့်ပြုရန် စည်းရုံးလှုံ့ဆော်နေသည်။

သို့ဖြစ်၍ မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်းများအနေဖြင့် Total နှင့် Chevron တို့အား အောက်ပါအချက်များကို တောင်းဆိုသည်။

  • တရားဝင် ဒီမိုကရေစီအစိုးရ အာဏာပြန်ရသည်အထိ ထိုဝင်ငွေ ပေးသွင်းမှုများအားလုံးကို ကာကွယ်ထားသော အကောင့်များသို့ တိုက်ရိုက် ပေးသွင်းရန်၊
  • စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အား အသိအမှတ်ပြု ပံ့ပိုးပေးရန်၊
  • လူ့အခွင့်အရေး အခြေခံမူများကို လေးစားလိုက်နာပြီး ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံလမ်းညွှန်မှုများနှင့်အညီ အပြည့်အဝ လိုက်နာဆောင်ရွက်ရန်၊ နှင့်
  • အတိတ်က လုပ်ဆောင်ခဲ့သကဲ့သို့ MOGE ကို ကင်းလွတ်ခွင့်ပေးရေး စည်းရုံးလှုံ့ဆော်မှု မလုပ်ဆောင်ဘဲ ပစ်မှတ်ထား အရေးယူမှုကို အားပေးထောက်ခံသွားရန်။

ပိုမို သိရှိလိုပါက ဆက်သွယ်ရန်


PDF ဖိုင်ရယူရန်။

English version

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia