ထိန်းသိမ်းခံရစဉ် ၂၄ နာရီမပြည့်မီ သေဆုံးခဲ့သူ ကလေးမြို့မှ ကိုမင်းမင်း

04 June 2021

Ko Min Min (Kale)

ထိန်းသိမ်းခံရစဉ် ၂၄ နာရီမပြည့်မီ သေဆုံးခဲ့သူ ကလေးမြို့မှ ကိုမင်းမင်း

ကလေးမြို့မှ ဆိုင်ကယ်ပြင်သူတစ်ဦးသည် ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း ဒဏ်ရာဗရပွဖြင့် သေဆုံးသွားရာ စစ်တပ်က မိသားစုကို ကျပ် ၅ သိန်း ပေးခဲ့သည်။ (ဓာတ်ပုံ-CJ)

By Myanmar Now

စစ်ကောင်စီက ဖမ်းဆီးပြီး ၂၄ နာရီ မပြည့်မီ သေဆုံးခဲ့သူများအနက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အသက် ၃၉ နှစ်အရွယ် ကိုမင်းမင်းလည်း ပါဝင်သည်။

မြို့သာရပ်ကွက်၊ နန်းကလိန်ချောင်းအနီး “စိတ်ထားမဏ္ဍိုင်”ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသည့် သူ့ကို မေ ၂၄ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်တပ်နှင့် ရဲ အင်အား ၅၀ ဝန်းကျင်ဖြင့် လာရောက်ဖမ်းဆီးခဲ့သည်။

“အိမ်ပေါ်မှာရော၊ အိမ်အောက်မှာရော စစ်သားတွေက ပစ္စည်းတွေ ဝိုင်းရှာကြတယ်။ ဖုန်းလည်း မတွေ့ဘူး။ ဘာပစ္စည်းမှလည်း မသိမ်းသွားဘူး။ သူ့အမျိုးသမီးကို ပြောတယ်။ စိတ်မပူနဲ့၊ မေးစရာလေးတွေရှိလို့ ခေါ်သွားတာ။ ပြီးရင် ပြန်လွှတ်ပေးမှာပါဆိုပြီး ပြောတယ်” ဟု လာရောက်ဖမ်းဆီးစဉ်က အခြေအနေကို မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုနေ့ည ၈ နာရီဝန်းကျင်တွင် ဇနီးဖြစ်သူထံ ကိုမင်းမင်းက ဖုန်းဆက်လာသည်။ ထိုနေ့မနက်ပိုင်း အထက ၆ အနီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ၎င်းကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ဒေသကွပ်ကဲရေးစခန်းဌာနချုပ် (ဒကစ)တွင် ရောက်ရှိနေကြောင်း ကိုမင်းမင်းက ဇနီးသည်ကို ဖုန်းဆက်ပြောဆိုသည်ဟု ဆိုသည်။

ဖုန်းအဆက်အသွယ်ရခြင်း၊ နှိပ်စက်ညှင်းပန်းမှုမရှိဘဲ စစ်ဆေးမေးမြန်းသည်ဟု ဆိုခြင်းတို့ကြောင့် ကိုမင်းမင်းအပါအဝင် မိသားစုဝင်များကလည်း စိတ်သက်သာရာ ရခဲ့ကြသည်။

“နှိပ်စက်သေးလားလို့ သူ့အမျိုးသမီးက မေးတယ်။ မနှိပ်စက်ဘူးတဲ့။ အဆင်ပြေပြေပဲတဲ့။ ပြန်လွတ်မှာပါ၊ ပူမနေနဲ့လို့ ကိုမင်းမင်းက ပြောတာ” ဟု မိသားစုဝင်တစ်ဦးက ရှင်းပြသည်။

ယင်းနောက် နောက်တစ်နေ့ မေ ၂၅ မနက်ပိုင်းတွင် ခင်ပွန်းအတွက် အဝတ်အစားအနည်းငယ်နှင့် စားစရာအချို့ကို ကိုမင်းမင်းဇနီးက ဒကစရုံးသို့ သွားပို့ရာ အရပ်ဝတ်နှင့် စစ်သားတစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် အိမ်ပြန်ရောက်ပြီး တစ်နာရီနီးပါးအကြာတွင် ဇနီးဖြစ်သူထံ သတင်းဆိုးရောက်လာသည်။

ကိုမင်းမင်း သေဆုံးသွားပြီဖြစ်သောကြောင့် ဒကစဌာနနှင့် ကပ်လျက်ရှိသည့် ခုတင် ၁၀၀ ဆေးရုံတွင် အလောင်းလာထုတ်ရန် ဇနီးဖြစ်သူထံ ဖုန်းဆက်ပြီး အကြောင်းကြားလာသည်။

“သွားထုတ်တဲ့အချိန်မှာ တပ်ဘက်က ပြောတယ်။ အဆုတ်ရောဂါလည်းရှိတော့ အဲဒီရောဂါနဲ့ သေသွားတယ်လို့ ပြောတယ်။ (အိမ်က) လာပို့တဲ့ အဝတ်အစားလေး လဲပြီးရုံ ရှိသေးတယ်၊ ငေါက်ခနဲ သေသွားတယ်လို့ သူတို့ (စစ်တပ်) က ပြောတယ်” ဟု ကိုမင်းမင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

လူလတ်ပိုင်းအရွယ် ကိုမင်းမင်းသည် ရောဂါကြီးကြီးမားမားရှိသူ မဟုတ်ဘဲ သွေးတိုးရောဂါနှင့် အာရုံကြောအားနည်းသည့်ရောဂါသာ ရှိသည်ဟု မိသားစုဝင်များက ဆိုသည်။

ကိုမင်းမင်းသေဆုံးမှုနှင့် ပတ်သက်ပြီး စစ်တပ်အရာရှိက တောင်းပန်ကြောင်းပြောပြီးနောက် ငွေကျပ်ငါးသိန်း ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။

“ကိုယ့်လူက သေသွားချိန်မှာ မကျေနပ်ဘူးပေါ့။ ဒါပေမယ့် မကျေနပ်ဘူး။ ခင်ဗျားတို့ ဘာလုပ်ပေး၊ ညာလုပ်ပေးလို့ဆိုရင် သူ့ (အလောင်းသွားထုတ်သူမိသားစုဝင်) ကိုပါ အန္တရာယ်ပြုမှာစိုးလို့ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့ဗျနဲ့ ပြောပြီးမှပဲ အလောင်းရအောင်ပဲ ထုတ်လာခဲ့တယ်” ဟု အဆိုပါ မိသားစုဝင်က ပြောသည်။

ကိုမင်းမင်း၏ ရုပ်အလောင်းကို အိမ်သို့ ပြန်လည်သယ်ဆောင်လာပြီး ရေချိုးပေးချိန်တွင် ရင်ဘတ်မှသည် ခြေထောက်အထိ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရှိနေကြောင်း မိသားစုဝင်များက မြင်တွေ့ခဲ့ရသည်။

“ရှေ့မျက်နှာစာကတော့ ရင်ဘတ်မှာ ဒဏ်ရာညိုညိုကွက်တွေ့တယ်။ နဖူးမှာတော့ သေနတ်ဒင်နဲ့ ရိုက်ထားတာလို့ ယူဆရတဲ့ ဒဏ်ရာ ၃ ချက်လောက် တွေ့တယ်။ အဲ့ဒီ ရိုက်ခံထားရတဲ့နေရာက တော်တော်အိနေတယ်။ ပါးစပ်မှာလည်း သွေးတွေ အန်ထွက်ထားတာလို့ ယူဆရတယ်။ သူက ကွမ်းမစားဘူး။ ရဲစရာအကြောင်းကို မရှိဘူး။ ပါးစပ်မှာလည်း သွေးစလိုမျိုးလေး ကပ်နေတာတွေ့တယ်။ ခြေမမှာလည်း ပေါက်ပြဲနေတာ နှစ်ခုတွေ့တယ်” ဟု ၎င်းမိသားစုဝင်က ပြောသည်။

ခန္ဓာကိုယ်အရှေ့ဘက်ခြမ်းရှိ ထိုဒဏ်ရာများသာမက ကျောဘက်တွင်လည်း လည်ဂုတ်နားမှ ခြေသလုံးအထိ ညိုမည်းပုတ်နေသည့် ဒဏ်ရာများ၊ လက်တွင် ဓားနှင့် မွှမ်းထားသည့် ဒဏ်ရာများ၊ သံချွန်နှင့် ထိုးပြီး နှိပ်စက်ထားသည့် ဒဏ်ရာတချို့ကိုလည်း ထပ်မံတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အချိန်တိုအတွင်း နှိပ်စက်ညှင်းပန်းသည့် ဒဏ်ရာဒဏ်ချက်များနှင့် သေဆုံးခဲ့ခြင်းမှာ လက်မခံနိုင်စရာကိစ္စဖြစ်သည်ဟု သူ၏ မိသားစုဝင်များက တုံ့ပြန်သည်။

သို့သော်လည်း တရားဥပဒေကြောင်းအရ အရေးယူနိုင်သည့် အချိန်အခါမဟုတ်၍ ရှေ့ဆက်လုပ်ဆောင်ရန် မရှိဟု မိသားစုက ပြောသည်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွဲခဲ့သည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ဒေသသုံး လက်လုပ်တူမီးသေနတ်ဖြင့် ပထမဆုံး ပြန်ခုခံတော်လှန်ခဲ့သည့် ကလေးမြို့၌ စစ်ကြောရေးအတွင်း နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးခဲ့သည်မှာ ပထမအကြိမ်ဖြစ်သည်။

ကိုမင်းမင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးသူဖြစ်သော်လည်း ပါတီဝင်မဟုတ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခြင်းမရှိကြောင်း ကိုမင်းမင်း၏ မိတ်ဆွေများက ဆိုသည်။

ကိုမင်းမင်းအိမ်သို့ တိုက်ရိုက်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြောင်းရင်းမှာ မလိုလားသူက သတင်းမှားပေးခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု မိတ်ဆွေများက ယူဆနေသည်။

“ကျွန်တော်တို့ သုံးသပ်ထားတာကတော့ ဒလန်က တိုင်လို့လို့ပဲ ယူဆထားတယ်။ သူ့ရဲ့ဘေးအိမ်နဲ့က မတည့်ဘူး။ ပုဂ္ဂိုလ်ရေးကိစ္စတော့မဟုတ်ဘူး။ နိုင်ငံရေးကိစ္စပေါ့။ ဘေးအိမ်က မြို့ပေါ်မှာ ဒလန်လို့ နာမည်ကြီးနေတာကြာပြီ။ အဲ့ဒီ ဒလန်အိမ်က လွန်ခဲ့တဲ့ ၂ လလောက်တုန်းက သတိပေးစာ လာပေးဖူးတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုမင်းမင်းသည် ဆိုင်ကယ်ပြင်ဆိုင်လုပ်ငန်းဖြင့် အသက်မွေးသည်မှာ ဆယ်စုနှစ်တစ်စုနီးပါးခန့်ရှိပြီဖြစ်သော်လည်း နန်းကလိန်ချောင်းတံတားအနီးသို့ ဆိုင်ပြောင်းလာသည်မှာ တစ်နှစ်ဝန်းကျင်သာ ရှိသေးသည်။

ဆန္ဒထွက်မပြသော်လည်း ကိုမင်းမင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သည့် ည ၈ နာရီတိုင်း သံပုံးတီးလေ့ရှိသူဖြစ်သည်။

ကိုမင်းမင်း၏ ညစဉ် သံပုံးတီးသံသည် စိတ်အနှောင့်အယှက်ဖြစ်ရသည့်အတွက် သံပုံးမတီးရန်နှင့် ဆက်လက်လုပ်ဆောင်ပါက သက်ဆိုင်ရာသို့ တိုင်ကြားမည်ဖြစ်ကြောင်း ဘေးချင်းကပ်လျက်အိမ်က မတ်လကုန်ပိုင်းတွင် သတိပေးစာ ပေးပို့ခဲ့သည်။

ထိုသတိပေးစာရပြီး မကြာမီတွင် အိမ်နှင့် တွဲလျက်ဖွင့်ထားသည့် ဆိုင်ကယ်ပြင်ဆိုင်ကို တစ်လနီးပါး ပိတ်ပစ်လိုက်သည်။ သို့သော်လည်း စားဝတ်နေရေးအခြေအနေအရ ဆိုင်ကယ်ပြင်ဆိုင် ပြန်ဖွင့်သည်မှာ ရက် ၂၀ ဝန်းကျင်သာ ရှိသေးသည်ဟု မိသားစုဝင်များက ဆိုသည်။

ကိုမင်းမင်း ဆုံးပါးခဲ့သည့်နေ့ကတည်းက ၎င်းဆိုင်ကယ်ပြင်ဆိုင်ကို ပိတ်လိုက်ပြီး ကျန်ရစ်သည့် မိသားစုဝင်များက သာစည်ရွာသို့ ပြန်လည်ပြောင်းရွှေ့သွားကြသည်။

မိသားစုဝင်ငွေ ဦးဆောင်ရှာဖွေသူ ကိုမင်းမင်း ကွယ်လွန်သွားပြီးနောက် လူမမယ် ကလေးငယ်နှစ်ဦးနှင့် ကျန်ရစ်သူ ဇနီးသည်မှာ စားဝတ်နေရေးအတွက် ရင်ဆိုင်ရုန်းကန်ရတော့မည်ဖြစ်သည်။

ကိုမင်းမင်း၏ ကျန်ရစ်သော ရုပ်ကလာပ်ကို မေ ၂၇ နေ့လယ်၌ သာစည်ကျေးရွာသုဿန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့ပြီး ၎င်း၏ နောက်ဆုံးခရီးကို လူတစ်ထောင်ဝန်းကျင် လိုက်ပါပို့ဆောင်ခဲ့ကြသည်။

သေဆုံးသူ ကိုမင်းမင်းနှင့် ကျန်ရစ်သူ ကလေးနှစ်ဦး။ (ဓာတ်ပုံ-CJ)

ထိုသို့ဂူမသွင်းခင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး သေဆုံးခဲ့သူများ၏ ရုပ်အလောင်းတွင် ကိုယ်တွင်းအင်္ဂါအချို့ ပါမလာလေ့ရှိသည်ဟူသော သတင်းများကြောင့် ကိုမင်းမင်း၏ ရုပ်အလောင်းကိုလည်း ရင်ဖွင့်စစ်ဆေးရန် ဒေသခံများက ဆန္ဒရှိခဲ့သည်။

ထို့အတွက် မိသားစုခွင့်ပြုချက်တောင်းခံပြီး ရုပ်အလောင်းကို ရင်ဖွင့်စစ်ဆေးရာ နှလုံးနှင့် ကျောက်ကပ် ရှိမနေကြောင်း သာစည်ဒေသခံများထံမှ သိရသည်။ ယင်းနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့်ဆိုသည်ကို အသေးစိတ်မသိရှိရပေ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ ပြီးခဲ့သည့် ၄ လအတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့သူ ၂၁ ဦးထိ ရှိသည်။

ကိုမင်းမင်းအပါအဝင် အချုပ်ခန်းအတွင်း သေဆုံးသူ ၂၁ ဦးနှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

English version


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia