30 May 2021
၂၀၂၁ ခုနှစ် မေလ ၃၀ ရက်
မေလ ၁၁ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခဲ့သည့် EAOs ၈ ဖွဲ့မှ လက်မှတ်ထိုးကာ NCA စာချုပ် ချုပ်ဆိုရာတွင် သက်သေအဖြစ်ပါဝင်ခဲ့သည့် နိုင်ငံများ သို့မဟုတ် ပုဂ္ဂိုလ်များထံသို့ စစ်ကောင်စီနှင့် ကြားဝင်ညှိ နှိုင်းရန် ပေးပို့သောစာသည် တိုင်းပြည်၏ ရေရှည်ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကောင်းကျိုးထက် ဆိုးကျိူးကိုသာ ပိုမိုဦးတည်ဖြစ်ပေါ်လာစေမည်ကို လေးနက်စွာဆင်ခြင်ရန် မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်းများမှ သတိပေး အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါသည်။
ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရမှ စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် NCA သည် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာစစ်တပ်၏ လက်စွဲရင်နှစ်သည်းချာဖြစ်သော ဒို့တာဝန်အရေးသုံးပါးဆိုင်ရာ အခြေခံမူများကို ရှေးရှုလျက် စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အဖြစ် နိုင်ငံတကာ ၏ ဖိအားများမှ လွတ်မြောက်ရန် ဖော်ဆောင်ခဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သက်သက်သာ ဖြစ်သည်ကို လွန်ခဲ့ သည့် ၁၀ နှစ်တာကာလ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းစဉ်တလျှောက်မှ သက်သေ ပြခဲ့ပြီးဖြစ်သည်။
NCA လက်မှတ်ရေးထိုးသည့် အချိန်မှစ၍ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာဖိအားများ လျော့ကျသွားပြီး စစ်တပ်အနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားလုပ်ငန်းများကို ပြည်တွင်းပြည်ပတွင် တရားဝင် ချဲ့ထွင်လုပ်ဆောင် ခဲ့ခြင်းဖြင့် စစ်တပ်သည် ဘဏ္ဍာရေးဆိုင်ရာ အင်အားပိုမိုတောင့်တင်းခိုင်မာလာပြီး ကြည်း၊ လေ၊ ရေ တပ်များ အတွက် နှစ်မျိုးသုံးနှင့် ဆိုက်ဘာထောက်လှမ်းရေး ကိရိယာများအပါအဝင် စစ်ရေးလက်နက်အင်အားများကို သိသိသာသာတိုးချဲ့ခဲ့သည်။ ထို့နောက် NCA လက်မှတ်ရေးထိုးထားသော EAOs နယ်မြေများအပေါ်တွင် ဖွံ့ဖြိုးရေးကို အကြောင်းပြုလျက် စစ်ရေးနှင့် အုပ်ချုပ်ရေးနယ်မြေများ တိုးချဲ့ခြင်း၊ စစ်ရေးနည်းပညာများကို အသုံးပြုလျက် စစ်ရေးအတွက် အချက်အချာကျသော EAOs နယ်မြေများအား စဉ်ဆက်မပြတ် ထောက်လှမ်း စုံစမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ထို့အပြင် NCA လက်မှတ် မရေးထိုးထားသောအခြားသော EAOs များ အပေါ်တွင်မူ ပြောင်ပြောင်တင်းတင်း စစ်ရေးတိုက်ခိုက်မှုများကို NCA အပစ်အခတ် ရပ်စဲရေးကာလ တလျှောက် လုံးတွင်လုပ်ဆောင်နေခဲ့သည်။
ထို့အပြင် NCA အပစ်အခတ်ရပ်စဲရေးကာလတလျှောက် မြန်မာစစ်တပ်မှ တိုင်းရင်းသားနယ်မြေများ တွင် လူအခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် ပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာများ လုယူခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ရွာသားများ၏အိုးအိမ်နှင့် လုပ်ကိုင် စားသောက်ရာနေရာများ ထိခိုက်ဖျက်စီးခြင်း၊ တိုင်းရင်းသားများ မလိုလားသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို အတင်းစိုက်ထူပြီး ၎င်းတို့ အထွတ်အမြတ်ထားသော ရုပ်တုများကိုမူ စိုက်ထူခွင့် မပြုခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်းများ ဆက်လက်ကျုးလွန်နေသည့်အပြင် ရိုဟင်ဂျာလူမျိုးများအပေါ်တွင် လူမျိုးတုံးသတ်ဖြတ်ခြင်းများပင် လုပ်ဆောင်ခဲ့သည်။ NCA သည် အဆိုပါဆိုးဝါးသော လူအခွင့်အရေး ချိုးဖောက်မှုများအား တစ်စုံတရာ တားဆီးအရေးယူနိုင်ခြင်း အလျင်းမရှိခဲ့ပါ။ ထိုမျှသာမက ကျူးလွန်ခံရသည့် တိုင်းရင်းသားပြည်သူများအပေါ် ကုစားနိုင်မည့် အခွင့်အလမ်းကိုလည်း ဖန်တီးဖော်ဆောင်နိုင်စွမ်း လုံး၀မရှိခဲ့ပေ။ သို့ဖြင့် NCA စာချုပ်သည် ဥပဒေအရ စည်းနှောင်အား မရှိသကဲ့သို့ ပြစ်မှုကျူးလွန်သူများကိုလည်း အရေးယူ အပစ်ပေးနိုင်သော စာချုပ်တစ်ခု မဟုတ်ပေ။
စင်စစ်မူ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဟူသော NCA သည် လက်မှတ်စတင် ရေးထိုးသည့် အချိန်မှစတင်ပြီး အလုံးစုံသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EAOs) အားလုံး သဘောတူညီမှု မရှိသည့်ကြားထဲမှ ရေးထိုးခဲ့သော စာချုပ်တစ်ခုသာ ဖြစ်သည်။ NCA စာချုပ်သည် EAOs အားလုံး၏ ဘုံသဘောတူညီမှုဆန္ဒဖြင့် ပေါ်ပေါက်လာသည့် စာချုပ်တစ်ခုမဟုတ်ဘဲ ဦးသိန်းစိန် ဦးဆောင်သော အစိုးရမှစစ်တပ်၏ အကျိုးစီးပွားအတွက် ဦးတည်ပြီး သန္ဓေမမှန်ဘဲ ဖြစ်တည်လာခြင်း ဖြစ် သဖြင့် တိုင်းရင်းသားများ လိုလားသည့် ဖယ်ဒရယ်ဒီမိုကရေစီပန်းတိုင်းနှင့် ကွာဝေးစေခဲ့သည်သာမက တိုင်းရင်းသား အင်းအားစုများအကြားတွင်လည်း အင်အားချိနဲ့စေခဲ့ကာ အကွဲကွဲအပြဲပြဲဖြင့် နောက်ဆုံးတွင် EAOs ၁၀ ဖွဲ့ဖြင့်သာ လက်မှတ်ထိုးနိုင်ခဲ့သည်။ လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းစဉ်သည် ဟိုတယ်နှင့် စားပွဲပေါ်တွင် ဆွေးနွေးလုပ်ဆောင်သည့် ငြိမ်းချမ်းရေးအတုအယောင် အဖြစ် သာရှိနေခဲ့သည်။
ယခုအချိန် မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံအခြေအနေများကို NCA မှတစ်ဆင့် ကုစားနိုင်ရန်အတွက် NCA အား လက်မှတ်ရေးထိုးထားသော EAOs ၁၀ ဖွဲ့ထဲမှ ၈ ဖွဲ့သည် NCA စာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခဲ့သော မျက်မြင်သက်သေများအား ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုမှုသည် ပြည်သူ့ထံမှ အတင်းအဓမ္မ အာဏာလုယူခြင်း၊ ပြည်သူများအား မတရားဖမ်းဆီးညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း၊ စာသင်ကျောင်းနှင့် ဆေးပေးခန်းများ ပစ်ခတ်ဖျက်ဆီးခြင်း၊ လေကြောင်းများဖြင့် အရပ်သားများအား ပစ်မှတ်ထားပစ်ခတ်ခြင်း စသည့် ရာဇဝတ်မှုပေါင်းများစွာအား ဆက်လက်ကျူးလွန်နေသော မြန်မာစစ်ခေါင်းဆောင်တို့၏ လုပ်ရပ်များကို NCA မှတစ်ဆင့် EAOs များမှ တရားဝင်ထောက်ခံအားပေးသကဲ့သို့ဖြစ်ပြီး စစ်အာဏာရှင် အဓွန့်ရှည်ရေးနှင့်၎င်းတို့၏ ပြည်သူအပေါ်ကျူးလွန် သည့်ရာဇဝတ်မှုများကို လွတ်ရာလွတ်ကြောင်းကူညီရာရောက်ပြီး အဓမ္မကိုတဖက်လက်နှင့်ကူညီရာရောက်သည် သာမက တိုင်းရင်းသားပြည်သူများမှ မွေးဖွါးလာသည့် တော်လှန်ရေး မဟာမိတ်များနှင့် လက်ရှိတော်လှန်ရေး ရဲဘော်များကိုလည်း တရားဝင် စော်ကားရာရောက်သည်။
NCA လမ်းကြောင်းကို အသက်သွင်းခြင်းသည် EAOs အကြားနိုင်ငံရေးဆုံချက်ပိုမို အလှမ်းဝေးသွားစေ နိုင်သည်။ တဖက်တွင် နိုင်ငံရေးကို ဖြေရှင်းမည်ဆိုလျှင်၊ ဗမာမဟုတ်သည့် တိုင်းရင်းသားများသည် ကိုယ်ပိုင်ပြ ဌာန်းခွင့်နှင့် တိုင်းရင်းသားတန်းတူရေးသည် ဖြစ်တည်လာသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သို့သော် NCA လမ်းကြောင်းသည် သူတိုးဓားရိုးကမ်းသည့် အသွင်ဆောင်သော နိုင်ငံရေးလမ်းကြောင်းသို့သာ ဦးတည်မည်ဖြစ်သည်။ အဆိုပါလုပ်ရပ်၏ လားရာသည် တိုင်းရင်းသားပြည်သူ များ၏ မျှော်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖယ်ဒရယ် ဒီမိုကရေစီနှင့် နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ပိုမိုလျင်မြန်စွာ ဖျက်ဆီးပစ်နိုင်သည့် အက်ကြောင်းများကို ထပ်မံလုပ်ဆောင်ခြင်းသာဖြစ်သည်။ ထို့ပြင် ပြည်သူများ၏ ရင်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် နာကျင်နေသော ခံစားချက်များကို လျစ်လျူရှုခြင်းသည် ပြည်သူများမှ EAOs အပေါ်တွင် ထားရှိသော ယုံကြည်မှုကို ထာ၀စဉ် ပျက်သုဉ်းသွားစေမည်ဖြစ်ပြီး နာကျည်းမှုဖြင့် ပြည်သူများ၏ အရေးယူဒဏ်ခတ်ခြင်းကိုလည်း ဖြစ်ပေါ်စေ နိုင်သည်။
ယခုအချိန်သည် စစ်အာဏာရှင်အား အပြီးတိုင် ဖြုတ်ချရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့အတွက် အခွင့်အခါကောင်းပင် ဖြစ်သည်။ ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေးနှင့် ဒီမိုကရေစီအင်အားစု အသီးသီးတို့ အားလုံးမှ တညီတညွတ်တည်း ဝိုင်းဝန်းပူးပေါင်း တိုက်ပွဲဝင်မှသာ အောင်မြင်မည်ဟု မိမိတို့ အရပ်ဘက် လူထုအဖွဲ့အစည်းများမှ ယုံကြည်သည်။ ထို့အပြင် ယခုအချိန်သည် EAOs အနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးမှ လိုလားတောင့်တနေသော စစ်မှန်သည့် ဖက်ဒရယ်အုပ်ချုပ်မှုစနစ်သည် EAOs ၏ ရည်မှန်းချက်နှင့် တစ်ထပ်တည်းဖြစ်ကြောင်းနှင့် မိမိတို့သည် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တန်းတူမိတ်ဖက်များ ဖြစ်ကြောင်းကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ နားလည်လာစေရန်နှင့် အားလုံးပူးပေါင်းပါဝင်လာစေရန် ဦးဆောင်အကောင်အထည်ဖော်ရမည့် အချိန်ကောင်းပင် ဖြစ်ပေသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ကြိမ်ဖန်များစွာ ရှိခဲ့ပြီဖြစ်သဖြင့် အာဏာသိမ်း စစ်အာဏာရှင်နှင့် နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် မဖြစ်နိုင်သည်မှာ အထင်အရှားပင်ဖြစ်သည်။ လူထုတိုက်ပွဲနှင့်အတူ ပူးပေါင်းဖော်ဆောင်မှုသည်သာလျှင် မဟာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဖြစ်သည့်အပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရန်အတွက်လည်း တစ်ခုတည်းသောလမ်း ဖြစ်သည်။ ထို့ကြောင့် ဘုံရည်မှန်းချက် ပန်းတိုင်တူညီပြီး ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ် အမြန်ဆုံးအဆုံးသတ်နိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်နိုင် ရန်အတွက် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ NCA လက်မှတ်ရေးထိုးခဲ့သော EAOs အပါအဝင် EAOs အားလုံးအောက်ပါအချက်များ လုပ်ဆောင်ရန် လေးနက်စွာ တိုက်တွန်းလိုက်သည်။
နောက်ဆုံးအားဖြင့် လက်ရှိ NCA လက်မှတ်ရေးထိုးထားသော EAOs များအနေဖြင့် NCA မှတစ်ဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရန် မဖြစ်နိုင်တော့ကြောင်း၊ NCA သည် ပျက်ပြယ်သွားပြီးဖြစ်ကြောင်း တရားဝင် ကြေငြာပြီး ဤတစ်ကြိမ်တွင် စစ်အာဏာရှင်စနစ် အပြီးတိုင်အမြစ်ဖြတ်ပျက်သုဉ်းရေးအတွက် စစ်ရေး၊ နိုင်ငံရေးအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရန် အားထုတ်ကြိုးပမ်းလျက်ရှိသော အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်းများမှ သတိပေး အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။
ဆက်သွယ်ရန် – [email protected]
မှတ်ချက် – လုံခြုံရေးကြောင့် လက်မှတ်ထိုးထားသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏နံမည်ကို ဤအိတ်ဖွင့် ပေးစာတွင် ဖေါ်ပြထားခြင်းမရှိပါ။ လက်မှတ်ရေးထိုးသည့်အဖွဲ့များသည် မြန်မာနိုင်ငံတဝှမ်းရှိ လူအခွင့်အရေး၊ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးရေးရာ၊ LGBTQ အရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေးတရားမျှတမှု၊ ဒီမိုကရေးစီနှင့်ဖယ်ဒရယ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသား ကူညီ စောင့်ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူထုအခြေပြုဖွံ့ဖြိုးရေး၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ် ရေး၊ ကောင်းမွန်သော သံယာဇာတစီမံခန့်ခွဲရေး၊ မြေယာဆိုင်ရာအခွင့် အရေး အရေး၊ သစ်တောနှင့်ရာသီဥတု ထိန်းသိမ်းကာကွယ်ရေး၊ စသည့်ရေးရာကဏ္ဍအသီးသီးများတွင် တက်ကြွလှုပ်ရှားပါဝင်ဆောင်ရွက်ကြသော အရပ်ဖက်လူအဖွဲ့အစည်း များဖြစ်ကြသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.