25 May 2021
ရဲစခန်းအတွင်းမှ လက်နက်ကိုင် ၁၅ ဦးထက်မနည်း သေဆုံးသည့် တိုက်ပွဲကို စစ်ကူများ အလွယ်တကူ ရောက်မလာစေရန် KPDF က ဗျူဟာကျကျ စီစဉ်ခဲ့သည်
မိုးဗြဲမြို့မရဲစခန်းကိုKPDF ဝင်ရောက်တိုက်ခိုက်မှု မြင်ကွင်းတစ်ခု
By Myanmar Now
နာမည်ပျက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတိုက်ခိုက်ရာတွင် အရှိန်ရနေသော ဒေသထဲတွင် ကယား ခေါ် ကရင်နီဒေသလည်း ပါဝင်သည်။
ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က မေ ၂၃ တွင် ရှမ်းနှင့် ကယားနယ်စပ်ဒေသမှ ရဲစခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး တချို့ကို အရှင်ဖမ်းမိသည်။
ရဲစခန်းကို ဝင်တိုက်ခြင်းအတွက် KPDF တွင် အကြောင်းပြချက်ရှိနေသည်။
“ရဲစခန်းလို့ သူတို့ပြောတယ်။ ရဲတွေက မရှိဘူး၊ ရဲက သုံးလေးယောက်ပဲ၊ ကျန်တဲ့သူတွေက စစ်ကောင်စီ(စစ်သား)တွေ။ ရဲစခန်းမဟုတ်ဘဲ စစ်စခန်းဖြစ်နေလို့ ကျွန်တော်တို့က ဝင်တိုက်တာပေါ့နော်” ဟု မိုးဗြဲရဲကင်းစခန်းကို တိုက်ခိုက်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ KPDF မှ အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
လက်လုပ်သေနတ်တချို့သာ ကိုင်ဆောင်နိုင်သည့် KPDF က ထိုစခန်းကို တိုက်ရန် နှစ်ရက် ကြိုတင်ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ ဝင်တိုက်သည့်နေ့က နံနက်ပိုင်းတွင် ရဲစခန်းအပြင်ဘက်မှ ဝိုင်းရံပိတ်ဆို့ကာ လက်နက်ချရန် အရင်ဆုံး ငြာသံပေး ကြွေးကြော်ခဲ့သည်ဟု KPDF တပ်ဖွဲ့ဝင်က ပြောသည်။
“ကျွန်တော်တို့လာကတည်းက သူတို့သိနေတယ်။ လက်နက်ချပါမယ်လို့ သူတို့ပြောရင် ကျွန်တော်တို့အတွက် အရမ်းကောင်းတယ်။ အပြန်အလှန်ကျဆုံးမှု မရှိဘူးလေ၊ အချိန်လည်း အဲ့ဒီလောက် မကုန်သွားဘူး။ ကျည်ဆန်လည်း မကုန်ဘူးလေ” ဟု ၎င်းက ဆိုသည်။
နံနက် ၉ နာရီခွဲအချိန်တွင် KPDF က ရဲစခန်းရှေ့ ဝင်ပေါက်အနီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့သည်။ ရဲစခန်းအတွင်းဘက် ကတုတ်ကျင်းများထဲမှ အကာအကွယ်ယူ ခုခံခဲ့သည့် စစ်သားနှင့် ရဲအင်အား ၃၀ ခန့် ရှိမည်ဟု အဆိုပါ KPDF တပ်ဖွဲ့ဝင်က ပြောသည်။
“သူတို့လည်း ပြေးတဲ့လူကပြေး၊ ခံပစ်တဲ့လူကပစ်။ အဓိကတော့ ပြေးတာများပြီး ခံပစ်တဲ့လူနည်းတော့ အကျအဆုံးများတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲစပြီး သုံးနာရီခန့်အကြာတွင် စစ်ကောင်စီဘက်က ၁၅ ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အခြားတပ်ဖွဲ့ဝင်တစ်ဦးကမူ သေဆုံးသူ အယောက် ၂၀ ခန့် ရှိနိုင်သည်ဟု ဆိုသည်။
အရှင်ဖမ်းမိသူ လေးဦးအနက် တစ်ဦးမှာ ရဲယူနီဖောင်းဝတ်ဖြစ်ပြီး ကျန်သုံးဦးမှာ အားကစားအင်္ကျီနှင့် ဂျင်းဘောင်းဘီဝတ်ဆင်ထားသည်။ သေဆုံးသူများမှာ ယူနီဖောင်း ပြည့်ပြည့်စုံစုံ ဝတ်ဆင်ထားခြင်းမရှိသဖြင့် စစ်သားအရေအတွက် မည်မျှပါဝင်ကြောင်း မသိနိုင်ပေ။
စစ်ကောင်စီက သတင်းထုတ်ပြန်ချက်တွင်လည်း “သာမန်ရဲကင်းစခန်းတစ်ခု” တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးသည်ဟုသာ ဖော်ပြထားသည်။
KPDF ကမူ တပ်ဖွဲ့ဝင်တစ်ယောက် ခါးတွင် ကျည်ထိမှန်သေဆုံးကာ လေးယောက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ ယမန်နေ့ (မေ ၂၄) သတင်းထုတ်ပြန်ချက်တွင် နံနက် ၉း၂၅ ခန့်က စခန်းကို ဝင်တိုက်သူအရေအတွက် ၇၀ ခန့် ရှိကြောင်း၊ နံနက် ၁၁ နာရီခန့်တွင် မိုးဗြဲဆည်အတွင်းမှ စက်လှေသုံးစင်းဖြင့် အင်အား ၃၀ ခန့် ထပ်မံပူးပေါင်းလာပြီး ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကူလမ်းကြောင်း ဟန့်တားမှု
မိုးဗြဲမြို့သည် မြောက်ဘက်တွင် ဖယ်ခုံမြို့၊ တောင်ဘက်တွင် ကယားပြည်နယ်လွိုင်ကော်မြို့တို့နှင့် ထိစပ်နေသည်။ မိုးဗြဲရေကာတာသည် လွိုင်ကော်အနီးရှိ လောပိတရေအားလျှပ်စစ်စက်ရုံအတွက် အဓိကရေအရင်းအမြစ်ကြီးဖြစ်သည်။
မိုးဗြဲရဲစခန်းတိုက်ခိုက်ခံနေရစဉ် တပ်ကူများ လမ်းကြောင်းနှစ်ခုမှ ဝင်ရောက်လာရာ လမ်းခုလတ်တွင် တိုက်ခိုက်ခံရပြီး မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင်မှ မိုးဗြဲရဲစခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။
KPDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း အလားတူပြောပြသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် ဖယ်ခုံဘက်မှ လာသော စစ်ကားသုံးစီးကို ဟန့်တားခဲ့သည်ဟု ဆိုသည်။
“ခေါင်မှိုင်းမှာ သစ်ပင်ခုတ်လှဲထားတာရှိတဲ့အတွက်ကြောင့် သူတို့က ခေါင်မှိုင်းကနေ ခြေကျင်ဆင်းလာတယ်။ ခေါင်မှိုင်းမှာ ခဏတော့ ဖြစ်ကြသေးတယ်။ အင်အားမမျှတော့ ခေါင်မှိုင်းမှာစောင့်နေတဲ့ လူငယ်တွေက ခဏဆုတ်လိုက်ပြီး ကျွန်တော်တို့ ရဲစခန်းသိမ်းပြီးမှ (စစ်ကောင်စီတပ်က) မိုးဗြဲကို ရောက်လာတာပေါ့” ဟု သူက ပြောသည်။
လွိုင်ကော်မှတက်လာသော စစ်ကားခြောက်စီးကိုလည်း မိုးဗြဲ-လွိုင်ကော်လမ်းမဘေး လမ်းတစ်ဝက်ရှိ ကုန်းသာရွာမှဖြတ်၍ တိုက်ခိုက်ခဲ့ကြသည်။
“ကုန်းသာကနေလည်း လူငယ်တွေ လှမ်းဟန့်တားပေးတယ်။ ခဏတာပစ်ခတ်ပြီး လူငယ်တွေက ပြန်ဆုတ်နေရတယ်။ မိုးဗြဲစခန်း သိမ်းပြီးတဲ့အချိန်မှ ဖယ်ခုံက စစ်အင်အားရော လွိုင်ကော်က စစ်အင်အားရော မိုးဗြဲကို ရောက်လာတယ်။ သူတို့ ခြေကျင်နဲ့ပဲ တက်လာကြတယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ လူစုခွဲပြီးချိန်မှာ လာတဲ့စစ်ကူအကုန်လုံးက ရဲစခန်းထဲမှာဝင်ပြီး နေရာယူပြီး ကျဆုံးသွားတဲ့ သူတို့ရဲဘော်အခြေအနေကို သွားကြည့်တာပေါ့။ ညမိုးချုပ်အထိလည်း မိုးဗြဲမြို့မှာ ရပ်ကွက်ထဲမှာ ဝင်ပြီးခြိမ်းခြောက်တာရှိတယ်”
မိုးဗြဲရဲစခန်းနှင့် တစ်မိုင်ကျော်အကွာ မိုးဗြဲရေကာတာအနီးတွင် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေစဉ် အဆိုပါတပ်ရင်းမှ တပ်ကူများရောက်မလာဘဲ စိန်ပြောင်းလက်နက်ဖြင့် ပစ်ကူမှုများသာရှိကြောင်း သိရသည်။
တချိန်တည်းမှာပင် ရဲစခန်းနှင့် ငါးမိုင်ခန့်အကွာ ရှမ်းကယားနယ်စပ် ဝင်ထွက်ပေါက်ဖြစ်သည့် ဝါရီကောခူဂိတ်စခန်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု ဆိုသည်။
နေပြည်တော်နှင့် ကီလိုမီတာ ၁၈၀ ခန့် ကွာဝေးသော မိုးဗြဲမြို့သည် ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို စသည့် လတ်တလော တိုက်ပွဲဖြစ်ပွားနေသော မြို့များနှင့် ထိစပ်နေသည် (မြေပုံ – Google Map)
အရပ်သားကို ပစ်သတ်ခြင်း
အထိနာသွားသော စစ်ကောင်စီတပ်သည် ဒေသခံ အရပ်သားများကို သံသယကြီးကြီးထားပြီး ဆက်ဆံတုန့်ပြန်လာသည်။ တချို့သော အရပ်သားများကို ရန်သူကဲ့သို့ သတ်မှတ်လာသည်။ စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် မိုးဗြဲမှ လွိုင်ကော်သို့ ဆိုင်ကယ်မောင်းလာသော အသက် ၅၀ ကျော် ဈေးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ထိုနေ့ည ၈ နာရီခန့်က မိုးဗြဲ-လွိုင်ကော်လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းလာသူ အမျိုးသားတစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ပြီး သေဆုံးခဲ့ပြန်သည်။
အပြင်မထွက်သော အရပ်သားများလည်း အသက်ဘေးနှင့် ရင်ဆိုင်ရနိုင်သည်။ ထိုနေ့က ဝါရီကောခူရွာကို လက်နက်ကြီးကျည်များ ကျလာသဖြင့် ထိုရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တို့ ထွက်ပြေးရပြန်သည်။
နောက်တစ်နေ့ မေ ၂၄ နံနက် ၁ နာရီအချိန်တွင်လည်း မိုးဗြဲ-လွိုင်ကော်ကားလမ်းမဘေး ကယန်းသာယာရွာတွင် ဘုရားကျောင်းကို ထိရာ စစ်ဘေးရှောင်လေးဦး ပွဲချင်းပြီးသေဆုံးကာ ရှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။
အရပ်သားများပစ်သတ်ခံရခြင်း၊ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းတို့နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို ဆက်သွယ်၍ မရသေးပေ။
စစ်ကောင်စီဘက်က အထိနာသွားသည့် မိုးဗြဲမြို့မရဲစခန်းတိုက်ပွဲနှင့် ဆက်ဖြစ်လာနိုင်သော တိုက်ပွဲများကြောင့် ဒေသခံအများအပြား မိုးဗြဲမှ တိမ်းရှောင်နေကြသည်။
ကျေးရွာ ၄၀ ကျော်မှ ဒေသခံတစ်သောင်းခွဲခန့်မှာ စစ်ဘေးရှောင်နေရပြီး မြို့ပေါ်တွင် ပိတ်မိနေသူများလည်း ရှိသည်ဟု မိုးဗြဲဒေသခံတစ်ဦးက ပြောသည်။
“တချို့ကလည်း မသွားချင်ဘူး၊ ဒီမှာပဲ ဆက်နေမယ်၊ တချို့ကလည်း သွားချင်တယ်၊ လမ်းကြောင်းက မရှိဘူး၊ ပိတ်မိနေတယ်။ စစ်တပ်က ရှိနေတော့ ထွက်ရင်ပစ်မလားပေါ့၊ ကြောက်စိတ်တွေ ဝင်နေကြတော့ မထွက်ရဲကြဘူး” ဟု အဆိုပါဒေသခံက ပြောသည်။
ရဲစခန်းကျပြီး နောက်တစ်နေ့တွင် ထုတ်ပြန်သည့် အခြေအနေကြောင့် နံနက် ၆ နာရီမှ ၉ နာရီအထိသာ အပြင်ထွက်ခွင့်ရတော့ကြောင်း၊ ရဲစခန်းနှင့် ၃ ဖာလုံခန့်အကွာ မိုးဗြဲဘောလုံးကွင်းတွင် စစ်တပ်က တပ်စွဲထားကြောင်း ၎င်းက ဆိုသည်။
“မနေ့ကတော့ပစ်တယ်၊ နေ့လယ် ၁၂ နာရီကျော်ကျော်လောက်ပေါ့၊ အများကြီး ပစ်တယ်။ ဖြတ်သွားရင်းနဲ့ သေနတ်တွေ ဖောက်ဖောက်ပြီးတော့ လွိုင်ကော်ဘက်သွားတယ်။ အပြန်ကျတော့ သေနတ်ပြန်ဖောက်ပြီးတော့ ဖယ်ခုံဘက် တက်သွားတာရှိတယ်။ ဘောလုံးကွင်းထဲ ဝင်ခိုတဲ့ စစ်သားတွေလည်း ရှိတယ်။ အပြင်ထွက်တဲ့လူတွေ့ရင် သူတို့ပစ်တယ်” ဟု အဆိုပါဒေသခံက ပြောသည်။
ယမန်နေ့က လူငယ် ၅၀ ခန့် ဖမ်းဆီးခံရသော်လည်း စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း၊ မိုးဗြဲမြို့တွင် ကျန်ရှိနေသော ပြည်သူများသည် ဘုရားကျောင်းများတွင် ခိုလှုံနေရကြောင်း ၎င်းက ပြောသည်။
ဖယ်ခုံမြို့နယ်တွင် ဆီးဘူးကျေးရွာဘက်သို့ တိမ်းရှောင်သူများရှိသကဲ့သို့ တောထဲသို့ ထွက်ပြေးသူများလည်း ရှိကြောင်း၊ သောက်သုံးရေနှင့် ရိက္ခာအကူအညီ လိုအပ်နေကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များ ရုပ်သိမ်းမှု မရှိသေးသည့်အပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမည့်ရန်ကြောင့် ဒေသခံတို့ နေရပ်ပြန်ရန် မဝံ့ရဲကြသေးပေ။
အဆုံးသတ်တိုက်ပွဲ ပြီးမြောက်ရေး
အခြားသော ဒေသများမှ ကာကွယ်ရေးတပ်ဖွဲ့များကဲ့သို့ပင် ကယား ခေါ် ကရင်နီဒေသခံတို့သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူများဖြစ်ကြသည်။ ၎င်းတို့၏ လှုပ်ရှားမှု အကြမ်းဖက်ချေမှုန်းခံရသောအခါ လက်နက်ကိုင်ခုခံရေးကို ရွေးချယ်လိုက်ကြသည်။
မိုးဗြဲရဲစခန်း ဝင်အစီးမခံရမီ ထိုဒေသတွင် အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးဖြစ်သည်။
မေ ၂၀ တွင် စစ်ကောင်စီတပ်များက ဒီးမော့ဆိုမြို့တွင် CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ ဆန္ဒပြသူတို့ကို အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရပ်ကွက်အတွင်း လိုက်လံပစ်ခတ်ခြင်းတို့ ဖြစ်ပွားပြီးနောက် တိုက်ပွဲများ အစပြုလာသည်။
ပွဲဦးထွက် ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည့်အပြင် စစ်တပ်ဂိတ်စခန်းအချို့ မီးရှို့ဖျက်ဆီးခံရကြောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက မေ ၂၁ တွင် Myanmar Now ကို ပြောထားသည်။
စစ်ကောင်စီဘက်က ဒီးမော့ဆိုတွင် အထိနာပြီးနောက် နှစ်ဖက်ဆွေးနွေးညှိနှိုင်းရန် စစ်ကောင်စီက စစ်ထောက်လှမ်းရေးမှဆစ်ဆင့် မေ ၂၂ တွင် ကမ်းလှမ်းလာခဲ့ကြောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတဲ့အချိန်မှာ မြို့နယ်ဆက်ဆံရေးရုံးတွေ ကျွန်တော်တို့ထားတယ်။ ပြည်သူကိုကာကွယ်ဖို့ ကိုယ်ပိုင်ခံတပ်တွေ လုပ်ထားတယ်။ အဲဒါကို မကျော်ဖို့ ကျွန်တော်တို့ အစကတည်းက ပြောထားတယ်။ အရင်လိုမျိုး ပြန်နေပါတဲ့။ ခင်ဗျားတို့ရုံးကို ခင်ဗျားတို့ပြန်လာပါလို့ သူတို့ပြောတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအပေါ် အယုံအကြည်မရှိသဖြင့် အဆိုပါ ညှိနှိုင်းမှုကို KPDF က တိတိကျကျ အကြောင်းမပြန်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် စစ်တပ်က ဒီးမော့ဆိုတွင် အင်အားဖြည့်တင်းလာကြောင်း ၎င်းက ပြောသည်။
ဒီးမော့ဆိုတိုက်ပွဲများတွင် စစ်တပ်က ဒရုန်းဖြင့် မြေပြင်အခြေအနေကို ကြိုတင်လေ့လာပြီးမှ လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒရုန်းက သွားနေတယ်၊ ဒရုန်းကျော်ပြီးတာနဲ့ လက်နက်ကြီးက တစ်ခါတည်း ကျလာတယ်။ ဒရုန်းက တအားမြန်တယ်၊ လိုက်ပစ်လို့မမီဘူး၊ တအားခေတ်မီတယ် သူတို့ဟာတွေက” ဟု ၎င်းက ဆိုသည်။
ယမန်နေ့ (မေ ၂၄) ကလည်း စစ်သားနှင့် စစ်ပစ္စည်းတင်လေယာဉ်များ လွိုင်ကော်လေဆိပ်ကို ခြောက်ကြိမ် ဆင်းသက်ခဲ့သည်ဟုလည်း KPDF က သတင်းရထားသည်။
လက်နက်အင်အားသာလွန်သော စစ်ကောင်စီကို လက်လုပ်သေနတ်များဖြင့် ရင်ဆိုင်နေရသည့် အခြေအနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာနိုင်သော်လည်း ပြည်သူတို့က အာဏာသိမ်းစစ်ကောင်စီကို အောင်မြင်မည် ဖြစ်သည်ဟု KPDF တပ်ဖွဲ့ဝင်က ပြောသည်။
“တစ်နိုင်ငံလုံး ထကြွပေးဖို့ တောင်းဆိုချင်တယ်။ အဲဒီလိုဆိုရင် အချိန်တိုတွင်းမှာ ပြီးဆုံးသွားနိုင်တယ်” ဟု ၎င်းက ပြောလိုက်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.