21 May 2021
စစ်ကောင်စီက သတင်းမှန် မထွက်စေရန် ကြိုးစားပိတ်ပင်နေချိန်တွင် အများပြည်သူတို့ သတင်းအတွက် အားကိုးလာရသည်မှာ CJ ခေါ် ရပ်ရွာထဲမှသတင်းသမားများ ဖြစ်လာသည်
By Myanmar Now
စစ်တပ်သည် နိုင်ငံ့အာဏာကို သိမ်းယူလိုက်ပြီးနောက် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာများအပေါ် ပစ်မှတ်ထားနှိပ်ကွပ်လာခဲ့သည်။
သတင်းမီဒီယာတိုက်များကို ရှောင်တခင်စီးနင်းပြီး ထုတ်ဝေခွင့်ပိတ်သိမ်းခြင်းများ၊ သတင်းထောက်များကို စောင့်ကြည့်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာနေသည့် စစ်ကောင်စီက သုံးလအတွင်း သတင်းသမား ၅၁ ဦးအထိ ဖမ်းဆီးချုပ်နှောင်ထားသည်။
ဆန္ဒပြပွဲများအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခြင်းနှင့်အတူ သတင်းမီဒီယာအပေါ် ဖိနှိပ်မှုများ ပိုမိုပြုလုပ်ခဲ့သဖြင့် မြေပြင်ကွင်းဆင်းသတင်းယူရန် သတင်းထောက်များအတွက် ခက်ခဲလာသောကြောင့် Citizen Journalist (CJ) ဟု ခေါ်သည့် ရပ်ရွာထဲမှသတင်းသမားများ၏ အခန်းကဏ္ဍသည် အရေးပါလာခဲ့သည်။
အခက်အခဲများကြားမှ အရပ်သားများသည် ဒေသအတွင်း စစ်တပ်၏ ကျုးလွန်မှုများကို မှတ်တမ်းတင်ကာ အချိန်နှင့်တစ်ပြေးညီ သတင်းတိုက်များကို ပေးပို့နေသောကြောင့် သတင်းစီးဆင်းမှု နှေးကွေးသော်လည်း သတင်းမှန်များသည် ပြည်သူများထံ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။
စတင်ပစ်မှတ်ထား
ဖေဖော်ဝါရီ ၁၄ တွင် မြစ်ကြီးနားမြို့၊ ဘူဂါးလျှပ်စစ်ရုံးတွင် စစ်တပ်က လာရောက်တပ်စွဲခဲ့၍ ဖယ်ရှားပေးရန် ဆန္ဒပြခဲ့သော ဒေသခံများကို ရဲနှင့် စစ်တပ်က ည ၉ နာရီခန့်၌ မျက်ရည်ယိုဗုံးနှင့် ကျည်များပစ်ခတ်ဖြိုခွင်းခဲ့ရာ ယင်းဖြစ်စဉ်ကို သတင်းဌာန၏ ဖေ့ဘွတ်ခ်တွင် Live တိုက်ရိုက်သတင်းထုတ်လွှင့်ခဲ့သည့် သတင်းထောက် ၅ ဦး အဖမ်းခံရသည်။
အဖမ်းခံရသူများမှာ The 74 Media မှ အယ်ဒီတာချုပ် ကိုထွယ်အောင်နှင့် သတင်းထောက် ကိုနော်ဆိုင်း၊ မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဆိုင်းလတ်အောင်၊ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ ဦးရန်ကောင်း၊ ဦးဝေယံတို့ ဖြစ်သည်။
ယင်းဖြိုခွဲမှုကို ညမထွက်ရအမိန့် ၈ နာရီကို ချိုးဖောက်သည့်အတွက် ဖြိုခွင်းခြင်းဖြစ်ကြောင်း တပ်ဖက်က ကြေညာခဲ့သည်။ အာဏာသိမ်းပြီးနောက် သတင်းထောက်များ ဖမ်းဆီးခံရခြင်းဖြစ်သဖြင့် စစ်တပ်၏ သတင်းမီဒီယာအပေါ် သဘောထားကို အများက စောင့်ကြည့်ခဲ့ကြသည်။
နောက်တစ်နေ့တွင် ၎င်း ၅ ဦးကို ခံဝန်ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြန်လွှတ်ပေးလိုက်သည်။
သို့သော်လည်း စစ်တပ်သည် သတင်းထောက်များကို စောင့်ကြည့်ဖမ်းဆီးနေဆဲသာဖြစ်သည်။ ဖေဖော်ဝါရီ ၂၆ တွင် ဂျပန်နိုင်ငံသား သတင်းထောက် Yuki Kitazumi နှင့် တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနတွင် လုပ်ကိုင်သော မြန်မာတစ်ဦးပါ အဖမ်းခံရသည်။
သို့သော် စစ်ဆေးမေးမြန်းပြီးနောက် ညနေပိုင်းတွင် ယင်းနှစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ရန်ကုန်မြို့မှာ စစ်ကောင်စီကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ အရှိန်အဟုန်ကောင်းနေဆဲဖြစ်သည့် ဖေဖော်ဝါရီ ၂၇ တွင် သတင်းယူနေသည့် Myanmar Now ရုပ်သံသတင်းထောက် မကေဇွန်နွေး၊ Myanmar Pressphoto Agency မှ ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ နိုင်ငံခြားသတင်းဌာန AP (Associated Press) သတင်းထောက် ကိုသိန်းဇော်၊ 7Day သတင်းဌာန သတင်းထောက် ကိုအောင်ရဲကိုနှင့် ဇီးကွက်မီဒီယာမှ ကိုပြည့်ဖြိုးဇော် အစရှိသော ၅ ဦးကို စစ်တပ်နှင့် ရဲက အကြမ်းဖက်ဖမ်းဆီးခဲ့သည်။
Myanmar Now သတင်းထောက် မကေဇွန်နွေးအား ဖေဖော်ဝါရီ ၂၇ ၊ ရန်ကုန်မြို့ မြေနီကုန်း၌ ဖမ်းဆီးခဲ့စဉ်။ (ဓာတ်ပုံ-EPA)
ယင်း ၅ ဦးအနက် AP သတင်းထောက် ကိုသိန်းဇော်ကိုသာ ပြန်လွှတ်ပေးပြီး ကျန် ၄ ဦးမှာ အမှုရင်ဆိုင်နေရသည်။
ယင်းနေ့မှာပင် ချင်းပြည်နယ် ဟားခါးမြို့တွင် ဆန္ဒပြပွဲသတင်းရယူနေသော ဟားခါးတိုင်းမ်အယ်ဒီတာချုပ် ကိုပါပွီး ဖမ်းဆီးခံရသော်လည်း ၎င်းကို ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် မတ် ၈ နေ့လယ်တွင် စစ်တပ်က ရန်ကုန်မြို့ ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ယင်းညမှာပင် Myanmar Now, DVB, Mizzima, KhitThit Media နှင့် 7Day တို့ကို ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
ထို့နောက် ကချင်အခြေစိုက်The 74 Media နှင့် မြစ်ကြီးနားသတင်းဂျာနယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအခြေစိုက် Tachileik News Agency တို့ကိုလည်း ထုတ်ဝေခွင့်ပိတ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာသည်။
ရှမ်းအရှေ့အခြေစိုက် ရွှေဖီမြေသတင်းဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာဂေဇက်၊ ချင်းပြည်နယ်အခြေစိုက် The Hakha Post သတင်းဌာနများ၏ ရုံးခန်းများ ဝင်ရောက်စီးနင်းရှာဖွေခံရသောကြောင့် သတင်းထောက်များ တိမ်းရှောင်နေရသည်။ ထို့ကြောင့် သတင်းအတွက် မြေပြင်ကွင်းဆင်း သတင်းယူနိုင်ရန် သတင်းထောက်များအတွက် ပိုမိုခက်ခဲလာခဲ့သည်။
“PRESS ကဒ်ထောင်ပြတာကို လက်ကို တည်ပစ်ခံရတာမျိုးတွေရှိခဲ့တယ်။ ဓာတ်ပုံရိုက်နေတဲ့ ကင်မရာတွေကို ခဲနဲ့လှမ်းပစ်တာမျိုးတွေ၊ အော်ဟစ်ဆဲဆို ခြိမ်းခြောက်တာမျိုးတွေရှိခဲ့တယ်“ ဟု အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုမှန်လေးက ပြောသည်။
စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပင် ရန်ကုန်မြို့၊ ဆူးလေမြို့တော်ခန်းမရှေ့ သတင်းယူနေသည့် အလွတ်တန်းသတင်းထောက် ကိုသူရိန်ကို စစ်တပ်ကျောထောက်နောက်ခံပြု အမျိုးသားရေးတက်ကြွလှုပ်ရှားသူဟု ဆိုသူများက ဝိုင်းဝန်းရိုက်နှက်ခဲ့၍ အပြင်းအထန် ဒဏ်ရာရသွားသည်။
အကြမ်းဖက်ဖြိုခွင်းမှုများ စတင်
ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲတစ်ပွဲအား ရဲက မျက်ရည်ယိုဗုံးအသုံးပြုဖြိုခွင်းနေသည်ကို ဖေဖော်ဝါရီလအတွင်း တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Myanmar Now)
ဖေဖော်ဝါရီ ၉ ၌ နေပြည်တော်ဆန္ဒပြပွဲတွင် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း ကျည်ထိမှန်ခဲ့ပြီးနောက် စစ်တပ်နှင့် ရဲသည် နိုင်ငံအနှံ့ မြို့ကြီးများတွင် အကြမ်းဖက်ဖြိုခွင်းမှုများ ပိုမိုလုပ်ဆောင်ခဲ့သည်။
မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ အသံဗုံး၊ ရာဘာကျည်မှ စတင်ပြီး ကျည်အစစ်၊ စစ်မြေပြင်သုံးလက်နက်များ၊ နောက်ဆုံး ချင်းပြည်နယ် မင်းတပ်မြို့တွင် လေယာဉ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်အထိ ပြည်သူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည်။
စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများကြောင့် ဆန္ဒပြပြည်သူ ရာနှင့်ချီ သေဆုံးသည်။ လက်နက်မဲ့ပြည်သူအပေါ် အကြမ်းဖက်ခဲ့သည့် ဖြစ်ရပ်များကို တစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးသိအောင် ဖော်ပြနေသည့် သတင်းထောက်များသည် စစ်ကောင်စီတပ်များ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။
“အရင်ကာလမှာကတည်းက မလုံခြုံတာပါ။ ဒါပေမယ့် အကြမ်းဖက်နှိမ်နှင်းဖြိုခွင်းမှုတွေ စကတည်းက မလုံခြုံတဲ့ အနေအထားက ပိုပြီးရှိလာတာပေါ့။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားတွေနဲ့ မလုံခြုံဘူးဆိုတာကို ပိုပြီး ခံစားလာရတာပေါ့” ဟု ကိုမှန်လေးက ဆိုသည်။
ထိုသို့ မြေပြင်ကွင်းဆင်းသတင်းယူသည့် သတင်းထောက်များနည်းပါးလာခြင်းကြောင့် သတင်းစီးဆင်းမှု နှေးကွေးသွားသည့်အပြင် တိကျခိုင်မာသည့် သတင်းများရယူနိုင်သည့် အခွင့်အရေး နည်းပါးသွားခြင်းကြောင့် ဆုံးရှုံးမှုကြီးသည်ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ သတင်းထောက် ၅၁ ဦးရှိပြီး အာမခံဖြင့် အမှုရင်ဆိုင်နေရသည့် သတင်းထောက် ၂ ဦးရှိသည်ဟု သိရသည်။
ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရသူ သတင်းထောက် ၃၃ ဦး ရှိကြောင်း AAPP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အားကိုးရသည့် ရပ်ရွာထဲက သတင်းသမားများ
သတင်းထောက်များ အဖမ်းခံနေရခြင်း၊ တိမ်းရှောင်နေရခြင်းနှင့် စစ်ကောင်စီ၏ ရက်စက်မှုများ၊ မတရားမှုများကို ကျူးလွန်နေမှုများအား တစ်နိုင်ငံလုံး သိရှိစေရန် ရည်ရွယ်၍ CJ အဖြစ် သတင်းပေးပို့ရန် အသက် ၃၀ အရွယ်ရှိ ကိုနော်က ပြီးခဲ့သည့် မတ်လဆန်းတွင် ဆုံးဖြတ်လိုက်သည်။
“ဖားကန့်မှာ သတင်းထောက်တွေ မရှိဘူးပေါ့နော်။ တချို့က အဖမ်းခံရတယ်၊ ပုန်းနေရတယ်ဆိုတော့ ကျွန်တော်တို့ လုပ်သင့်တယ်ထင်လို့ပါ။ ကိုယ့်ဒေသမှာ ဖြစ်ပျက်နေတဲ့ ထူးခြားဖြစ်စဉ်တွေပေါ့နော်။ စစ်တပ်က ဘယ်လိုတွေ သတ်နေလဲ၊ အားလုံးသိအောင်လို့ပါ” ဟု ၎င်းက ဆိုသည်။
ကိုနော်သည် ၎င်းနှင့်အတူ ဝါသနာတူသူတချို့နှင့် စုပေါင်း၍ ဒေသသတင်းပုံများ၊ ထူးခြားဖြစ်စဉ်များကို ရိုက်ကူးရေးသားပြီး မတ်လဆန်းမှ စတင်ကာ သတင်းဌာန ၁၀ ခုခန့်သို့ ပုံမှန်ပေးပို့နေသည်။
“ကျွန်တော်က ဒီက ညီလေးနှစ်ယောက်နဲ့ တတ်နိုင်သမျှ သတင်းတွေပို့နေတာပေါ့။ အဲဒါမှ ဒီက (ဖားကန့်) ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ သိမှာပေါ့” ဟု ပြောသည်။
ကိုနော်နှင့်အဖွဲ့သည် ၎င်းတို့ အချိန်မရွေးဖမ်းဆီးခံရနိုင်သည်ကို တွက်ဆထားသော်လည်း အများပြည်သူအတွက် သတင်းပေးပို့သွားမည်ဟု ဆိုသည်။
“ကျွန်တော်တို့ ပို့နေတဲ့ မီဒီယာတွေထဲမှာ ထုတ်ဝေခွင့်ပိတ်ခံထားရတဲ့ မီဒီယာတွေလည်း ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကြီးမားတဲ့အန္တရာယ်တွေ ရှိတယ်ပေါ့။ ဒါပေမယ့် အရေးတော်ပုံ မပြီးမချင်းကတော့ ဆက်လုပ်နေမှာပဲ။ တစ်ခါတလေ ကျွန်တော်တို့လည်း ကြောက်တာပေါ့နော်။ အိမ်မှာ မအိပ်ရဲတဲ့အချိန်တွေလည်း ရှိတယ်” ဟု အသက် ၃၀ အရွယ် ဖားကန့်သား ကိုနော်က ပြောသည်။
“ကျွန်တော်တို့က အာဏာရှင်တော်လှန်ရေး ဆန္ဒထွက်ပြတယ်။ CJ လည်း လုပ်တယ်။ နှစ်ခုလုံးလုပ်တာ ပိုထိရောက်တာကြောင့် လုပ်တာပါ။ အာဏာရှင်မပြုတ်ကျမချင်း ကျွန်တော်တို့က ဆက်လုပ်သွားမှာပေါ့။ အာဏာရှင် တော်လှန်တဲ့နေရာမှာ မီဒီယာရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတာကိုး”
စစ်ကောင်စီတပ်များ၏ ပြင်းထန်သော ဖိနှိပ်မှုများကြောင့် သတင်းယူရန် အခက်အခဲများကြုံရခြင်းနှင့် အင်တာနက်ရရှိရန် မလွယ်ကူသည့် အခြေအနေများ ကြုံနေရသော်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲပြီးဆုံးသည်အထိ ဆက်လက်လုပ်ဆောင်နေဦးမည်ဟု ပြောသည်။
၎င်းကဲ့သို့ ဒေသတွင်းသတင်းများ ကိုယ်တိုင်ရယူပြီး ပေးပို့နေသူ CJ တို့သည် နေရာအနှံ့မှ အများအပြားထွက်ပေါ်လာခဲ့သည်။
မွန်ပြည်နယ် ရေးမြို့တွင် CJ လူငယ်တစ်ဦး သတင်းရယူနေသည်ကို ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)
” ကျွန်တော် အာဏာသိမ်းမခံရခင်ကတည်းက သတင်းဓာတ်ပုံသမားအဖြစ် ဝါသနာပါတဲ့ ဓာတ်ပုံပညာနဲ့ ကျွန်တော် စလုပ်ဖြစ်ခဲ့တယ်။ အဲ့တုန်းက သတင်းမီဒီယာလွတ်လပ်မှုဆိုတာ အများကြီးရှိတယ်လို့မြင်တယ်။ အာဏာသိမ်းခံရပြီးနောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုတာ မရှိတော့ဘူးဆိုတာ ကျွန်တော်သိလာတယ်။ သတင်းသမားတွေကို မတရားဖမ်းဆီးတယ်၊ ထောင်ချတယ်၊ တရားစွဲတယ်” ဟု အသက် ၁၈ နှစ်အရွယ် မွန်ပြည်နယ်၊ ရေးမြို့မှ ဓာတ်ပုံဆရာတစ်ဦးက ပြောသည်။
“စစ်ကောင်စီရဲ့ သတင်းစီးဆင်းမှုတွေပိတ်ဆို့ပြီး ဝါဒဖြန့်တာမျိုးတွေလုပ်တာကို တွန်းလှန်နိုင်ဖို့အတွက် ကျွန်တော် CJ အနေနဲ့ သတင်းတိုက်တွေကို သတင်းပို့ပြီး စတင်ပြီးကူညီဖြစ်တယ်”
ထို့နောက် ၎င်း၏ အသိမိတ်ဆွေ MPA မှ ဓာတ်ပုံဆရာ ကိုရဲမျိုးခန့် အဖမ်းခံရပြီးနောက် သတင်းပို့သည့်လုပ်ငန်းဆက်လုပ်ရန် သူက ဆုံးဖြတ်လိုက်သည်။
သတင်းမီဒီယာများကို ဖိနှိပ်သည့် စစ်ကောင်စီသည် သတင်းမှားများကိုလည်း ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများမှ ဖြန့်ချိနေသည်။ မိုဘိုင်းဒေတာဖြတ်တောက်ထား၍ လူအများ အင်တာနက်သုံးနိုင်မှု အဟန့်အတားဖြစ်ခဲ့ပြီး သတင်းစီးဆင်းမှုနှေးကွေးကာ သတင်းမှားများလည်း ပိုမိုပျံ့နှံ့လာခဲ့သည်။
ထို့ကြောင့် ဓာတ်ပုံဆရာသည် ရေးမြို့နယ်မှ သတင်းများကို လူထုကြားရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကြိုးပမ်းခဲ့သည်။ ဆန္ဒပြပွဲများ၊ ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများကို မီဒီယာများသို့ ရောက်အောင် သူ့ကိုယ်ပိုင်ကင်မရာဖြင့် စွန့်စွန့်စားစား ရိုက်ကူးပေးပို့ခဲ့သည်။
၎င်းနေထိုင်ရာအိမ်အနီး စစ်တပ်၏ လက်ပါးစေများ လာရောက်စောင့်ကြည့်နေသည့်ကြားမှပင် သတင်းများကို မီဒီယာများထံ အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့သည်။
“သတင်းစီးဆင်းမှုက တော်လှန်ရေးအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်။ သတင်းအမှားတွေ၊ သတင်းအတုတွေ အရမ်းများလာတဲ့အချိန်မှာ လူထုအနေနဲ့ သတင်းအမှန်ကို သိနိုင်ဖို့နဲ့ သတင်းအမှားတွေ မပျံ့နှံ့နိုင်ဖို့ကလည်း ဒီမှန်ကန်တဲ့သတင်းတွေ အချိန်မီဖြန့်နိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ သတင်းမီဒီယာအားလုံးနီးပါး အခက်အခဲတွေကြားထဲက အချိန်မီ သတင်းပျံ့နှံ့အောင် လုပ်ဆောင်ပေးရတဲ့အတွက် အားရမိတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် သတင်းမီဒီယာများအနေဖြင့် CJ များလုံခြုံရေးအတွက် ရိုက်ကူးပေးပို့ပေးသူအမည်ကို ဖော်ပြပေးရန် မဖြစ်နိုင်ပေ။
“ကိုယ့်ဓာတ်ပုံတွေ သတင်းမီဒီယာတွေဆီမှာ Credit ဆိုပြီး ကိုယ့်နာမည်နဲ့ ပါချင်တာပါပဲ။ ဒါပေမယ့် သတင်းသမားတွေကို စစ်ကောင်စီ ခြိမ်းခြောက်လာကြတဲ့အခါ သတင်းသမားတွေအနေနဲ့လည်း ကိုယ့်နာမည် Credit က ကိုယ့်အတွက် အန္တရာယ်ဖြစ်လာစေတယ်” ဟု ၎င်းလူငယ်က ပြောသည်။
ရေးမြို့ဆန္ဒပြပွဲအား ရဲနှင့် စစ်တပ်က ဖြိုခွင်းရန် ကြိုးပမ်းနေသည်ကို မတ်လအစောပိုင်း၌ တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-AMM)
“ကင်မရာကိုင်ထားတာနဲ့ စစ်ကောင်စီလက်နက်ကိုင်တွေက ရာဇဝတ်သားလို အမဲဖျက်ဖို့ လိုက်ခံရသလို လိုက်လို့ ထွက်ပြေးခဲ့ရတာတွေလည်း ရှိခဲ့တယ်။ ဖြိုခွဲခံရတိုင်းလည်း အသက်ပါလာအောင် ပြေးရတာပါပဲ” ဟု အဆိုပါ ဓာတ်ပုံဆရာ လူငယ်က ပြောသည်။
“နောက်ဆုံး နေအိမ်ကနေ စရှောင်ပြီး စိတ်ချလုံခြုံမယ့်နေရာတွေ ရှာဖွေပြီး ရှောင်တိမ်းရတယ်”
Myanmar Now သတင်းဌာနသို့လည်း မန္တလေးတိုင်းအတွင်းမှ မိုးကုတ်၊ မြင်းခြံ၊ ရမည်းသင်း၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး ၊ နေပြည်တော် ပျဉ်းမနား၊ စစ်ကိုင်းတိုင်းအတွင်းမှ မုံရွာ၊ တမူး၊ ကလေး၊ ကနီ၊ ယင်းမာပင်၊ တန့်ဆည်၊ ရေဦး၊ စစ်ကိုင်း၊ ရွှေဘို၊ ဆားလင်းကြီး၊ မော်လိုက်၊ ကချင်ပြည်နယ်မှ မိုးညှင်း၊ နမ္မတီး၊ မြစ်ကြီးနား၊ ဖားကန့် ၊ ချင်းပြည်နယ်မှ မင်းတပ်၊ ဟားခါး၊ ဧရာဝတီတိုင်းမှ ဒေးဒရဲ ၊ ပုသိမ်၊ မြောင်းမြ၊ တနင်္သာရီမှ ထားဝယ်၊ သရက်ချောင်း၊ ကော့သောင်း၊ ပုလော၊ ပဲခူးတိုင်းအတွင်းမှ ကညွတ်ကွင်း၊ ဖြူး၊ တောင်ငူ ၊ မကွေးတိုင်းအတွင်းမှ မြိုင်၊ ပခုက္ကူ၊ မကွေး၊ မင်းဘူး၊ ရေစကြို၊ ပွင့်ဖြူ၊ ရှမ်းပြည်နယ် ကွတ်ခိုင်၊ တောင်ကြီးအပါအဝင် ဒေသအသီးသီးမှ အရပ်သားများက Myanmar Now Facebook Messenger,Viber, Signal, Telegram တို့မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းများ ပေးပို့နေကြသည်။
သတင်းဌာန သဘောထား
စစ်ကောင်စီကမူ သတင်းမှန်ထွက်ပေါ်စေရန် ကြိုးစားနေသည်ဟု ဆိုသည်။
“ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ပိုမိုဖြည့်ဆည်းနိုင်ရေး၊ သတင်းစီးဆင်းမှု ပိုမိုမြန်ဆန်စေရေးနှင့် သတင်းမှန်များ ပိုမိုရရှိစေရေး” ရည်ရွယ်ပြီး အပတ်စဉ် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးကောင်းထက်စံ၏ ပြောဆိုချက်ကို မေ ၆ ရက်နေ့ထုတ် စစ်ကောင်စီ၏ သတင်းစာများတွင် ထည့်သွင်းထားသည်။
“တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံသည့် အနေဖြင့် သတင်းမီဒီယာများကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုထားသည့်အတွက် သတင်းမီဒီယာများအနေဖြင့် စတုတ္ထမဏ္ဍိုင်ပီသစွာ နိုင်ငံတော်တည်ဆောက်ရေးတွင် အပြုသဘောဆောင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်” ဟု စစ်ကောင်စီသတင်းစာတွင် ရေးထားသည်။
စစ်တပ်၏ ဖိနှိပ်မှုများကြောင့် သတင်းမီဒီယာတိုက်တချို့ ဖျက်သိမ်းလိုက်ရသည်များလည်းရှိပြီး သတင်းထောက်များကို အလုပ်မှ နုတ်ထွက်စေကာ လုံးဝ လုပ်ငန်းရပ်ဆိုင်းသွားသည့် သတင်းဌာနများလည်း ရှိခဲ့သည်။
ထုတ်ဝေခွင့် ရပ်ဆိုင်းခံလိုက်ရသော်လည်း DVB သတင်းဌာနသည် သတင်းများ ဆက်လက်တင်ပြနိုင်ရေး ကြိုးပမ်းနေသည့် ဌာနလည်း ဖြစ်သည်။
မြန်မာနိုင်ငံရှိသတင်းဌာနများသည် ကိုယ်ပိုင်သတင်းထောက်များအား တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်မထားနိုင်ခြင်း၊ သတင်းထောက်များအား စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်နေခြင်း၊ မြေပြင်ကွင်းဆင်းသတင်းယူရန် ခက်ခဲနေခြင်းကြောင့် ရပ်ရွာထဲကသတင်းသမားများကို သတင်းဌာနများအနေဖြင့် အားကိုးလာရကြောင်း DVB သတင်းဌာနမှ ထုတ်လုပ်သူ ကိုစိုးသီဟက ပြောသည်။
“သတင်းထောက်တွေ တော်တော်များများက ရှောင်ရတယ်။ မရှောင်လို့မရဘူး။ သူတို့အသက်အန္တရာယ်၊ သူတို့ရဲ့ လုံခြုံရေးအတွက်ရော ရှောင်သွားကြရတယ်။ တိုက်ပိုင်သတင်းထောက်တွေ အလုပ်လုပ်လို့ အရမ်းခက်ခဲသွားတာကြောင့် CJ တွေကို အားကိုးလာရတာ” ဟု ပြောသည်။
“အရင်တုန်းက CJ တွေက (သတင်း)တိုက်ကို ပို့ချင်တယ်။ CJ တွေရဲ့ သဘောသဘာဝက တိုက်ကို ပို့ချင်တာ။ အခုက အဲဒီလိုမဟုတ်တော့ဘူး။ တိုက်တွေက CJ တွေကို ပြန်ပြီးအားကိုးလာရတယ်။ ဒီအချိန်မှာ သတင်းတွေပို့ပေးနေတဲ့ CJ တွေဟာ သတင်းထောက်တာဝန်ထမ်းဆောင်နေတယ်လို့တောင် ပြောလို့မရဘူး။ သူတို့က နိုင်ငံ့တာဝန်ထမ်းဆောင်နေတာ။ ဒီနယ်မှာ ဘာဖြစ်နေတယ်၊ ဒီနိုင်ငံမှာ ဘာဖြစ်နေတယ် စတာတွေကို သတင်းဌာနတွေကို အသုံးပြုပြီး ကမ္ဘာကို ပြောပြနေတာဖြစ်တယ်။ ဆက်ပြီးတော့ လုံလုံခြုံခြုံနဲ့ ဆက်လုပ်ပေးပါ။ CJ တွေရဲ့ အခန်းကဏ္ဍက ဒီအချိန်မှာ အရမ်းအရေးပါလာပြီ”
လက်ရှိတွင် သတင်းထောက်များနည်းတူ CJ များသည်လည်း လျှို့ဝှက်စွာ လုပ်ကိုင်နေကြရသည်။
အခက်အခဲများကြားမှ CJ များသည် ကိုယ့်စားရိတ်ကိုယ်စားကာ အများပြည်သူအတွက် ဆက်လက်လုပ်ကိုင်သွားမည်ဟု မွန်ပြည်နယ်မှ CJ ဓာတ်ပုံဆရာက ပြောသည်။
“မီဒီယာဆိုတာ တိုင်းပြည်ရဲ့ မျက်စိနဲ့နားပဲ။ သတင်းမီဒီယာကို တိုက်ခိုက်တာ ချုပ်ချယ်တာက ပြည်သူ့မျက်လုံး၊ နားတွေကို တိုက်ခိုက်တာနဲ့ အတူတူပါပဲ” ဟု ဓာတ်ပုံဆရာက ပြောလိုက်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.