ဒေါက်တာတေဇာဆန်း – ငါတို့ဘာလုပ်ကြမလဲ (သို့မဟုတ်) မေးခွန်းအချို့အတွက်အဖြေများ

ဒေါက်တာတေဇာဆန်း – ငါတို့ဘာလုပ်ကြမလဲ (သို့မဟုတ်) မေးခွန်းအချို့အတွက်အဖြေများ

By Tayzar San

#ငါတို့ဘာလုပ်ကြမလဲ

(သို့မဟုတ်)

#မေးခွန်းအချို့အတွက်_အဖြေများ

၁။ “အမျိုးသားညီညွတ်ရေးအစိုးရ” (NUG) က ဖွဲ့စည်းထားတဲ့ “ပြည်သူ့ကာကွယ်ရေးတပ်မတော်” (PDF) က စစ်ရေးလှုပ်ရှားမှုတွေ ဘယ်တော့စလုပ်မှာလဲ၊ အဲ့အတွက် အသင့်ဖြစ်နေပြီလား။

(ကျနော့်အထင်ပြောရရင်) PDF အနေနဲ့ အချိန်တစ်ခု မဖြစ်မနေ ယူရပါဦးမယ်။ စစ်တပ်တစ်ခု ဖွဲ့စည်းတယ်၊ စစ်ရေးစစ်ရာ ပြင်ဆင်ဆောင်ရွက်တယ်ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ အသင့်မဖြစ်သေးဘဲ တစ်ခုခု ကျွံသွားရင်လည်း ဖြစ်လာနိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ မြောက်များစွာ ရှိပါတယ်။ ဒါကို စစ်ရေးအကြောင်း နားလည်သူတွေအားလုံး သိကြပါတယ်။ ကျနော်တို့ လူထုက ဒါကို နားလည်လက်ခံပေးဖို့ လိုပါလိမ့်မယ်။

၂။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EAOs) တွေ ဒီတော်လှန်ရေးကြီးမှာ ပါကြမလား။

ဟုတ်ကဲ့၊ ပုံစံမျိုးစုံ၊ နည်းနာမျိုးစုံနဲ့ ပါဝင်နေကြပါတယ်လို့ နားလည်၊ သိရှိရပါတယ်။ EAOs တွေအနေနဲ့ ပါဝင်ပုံ ပါဝင်နည်း၊ အတိုင်းအတာ၊ အတိမ်အနက်ကတော့ ကွဲပြားနိုင်ပါတယ်။ ခြုံပြောရရင် EAOs အများစုကြီးဟာ ဒီလူထုအရေးတော်ပုံကြီးမှာ အင်မတန် တက်ကြွစွာ ပါဝင်နေကြပါတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

၃။ စစ်ရေးအရ ကုလသမဂ္ဂ၊ နိုင်ငံတကာ စသည်တို့ရဲ့ ဝင်ရောက်ပါဝင်မှု၊ R2P စတာတွေက ဖြစ်နိုင်ခြေရှိလား။

ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိအခြေအနေမှာ ဒါတွေက ဖြစ်နိုင်ခြေ အင်မတန် နည်းပါတယ်။ နိုင်ငံတကာရဲ့ လုပ်ပိုင်ခွင့်ဆိုတာနဲ့ အကန့်အသတ်၊ မူဘောင်တွေ များစွာရှိပါတယ်။ စစ်ရေးအရ ဝင်ရောက်ပါဝင်မှုဆိုတာ လုံးဝကြီး မဖြစ်နိုင်တာတော့ မဟုတ်ပေမယ့် လက်တလော ကာလအတွင်းမှာ ဖြစ်နိုင်ခြေ နည်းပါတယ်။

ပြောရရင် “ပြည့်အင်အားဆိုတာ ပြည်တွင်းမှာပဲ” ရှိပါတယ်။ ကိုယ့်အားကိုယ်ကိုး ရမှာပဲ ဖြစ်ပါတယ်။ ပြည်တွင်းအားက ပဓာနဖြစ်ပြီး နိုင်ငံတကာရဲ့ အခန်းကဏ္ဍက အထောက်အပံ့၊ အကူအညီသဘောသာ ဖြစ်ပါတယ်။

၄။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ အခုချိန်မှာ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ။

ကျနော်တို့အနေနဲ့ လုပ်စရာတွေ အများကြီးပါ။ ဆန္ဒပြ၊ သပိတ်လှုပ်ရှားမှုများ၊ “ဘူး” သပိတ်လှုပ်ရှားမှု၊ CDM ထောက်ပံ့ကူညီရေး၊ PDF ကို ကူညီဝန်းရံရေး၊ ကျေးရွာအလိုက် ရပ်ကွက်အလိုက် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့ကာကွယ်ရေးကိစ္စရပ်များ စသဖြင့်၊ ကျနော်တို့ လူထုအနေနဲ့ လုပ်စရာတွေ များစွာ ရှိပါတယ်။

၅။ ဒီအချိန်မှာ လမ်းမထက်က “လူထုသပိတ်လှုပ်ရှားမှု” တွေက ဆက်လုပ်သင့်သေးလား၊ အဲ့ဒါတွေက အကျိုးရှိလို့လား။

ကျနော်တို့ “လူထုသပိတ်လှုပ်ရှားမှု” တွေကို မဖြစ်မနေကို ဆက်လုပ်နေဖို့ လိုပါတယ်၊ ဒါက သိပ်အကျိုးရှိပါတယ်။

ဒါကိစ္စက အရေးကြီးလို အလေးထား၊ အကျယ်ချဲ့ ပြောပါရစေ။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ မတ်လကုန်လောက်ကစပြီး ပြည်သူလူထုကြားထဲမှာ အကြောက်တရားတွေ သိသိသာသာ ပျံ့နှံစိုးမိုးလာပါတယ်။ ဒါကလည်း လူထုကို အပြစ်တင်စရာမရှိပါဘူး။ ဒီလောက် လူထုအပေါ် အကြမ်းဖက်၊ သတ်ဖြတ်၊ နှိပ်စက်နေတဲ့ကြားက ဒီလောက်ထိ လူထုသပိတ်လှုပ်ရှားမှု၊ CDM Movement တွေ ဆက်ရှိနေတာကိုက လူထုကို အင်မတန် ဂုဏ်ပြု၊ လေးစားထိုက်နေပါပြီ။ အခုဆို အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်ရက်စက်မှုများ၊ အင်တာနက် ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက် ပျက်တောက်မှုများ၊ ကျနော်တို့လူထုရဲ့ စားဝတ်နေရေး ကြပ်တည်းခက်ခဲလာမှုများကြောင့် လမ်းမထက် သပိတ်တွေက တစ်စုံတစ်ရာ အင်အားနည်းလာသလို ရှိလာပါတယ်။

အချို့ကျတော့လည်း ဒီသပိတ်/CDM Movement တွေရဲ့ အရေးပါမှုနဲ့ အခန်းကဏ္ဍကို လျော့တွက်တာမျိုး ရှိနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ လက်ရှိဆောင်ရွက်နေကြတဲ့ သပိတ်ဆန္ဒပြမှုများနဲ့ CDM လှုပ်ရှားမှုတို့ရဲ့ အကျိုးကျေးဇူးနဲ့ အကျိုးသက်ရောက်မှုများကို လျော့မတွက်သင့်ပါဘူး။ ဒီသပိတ်လှုပ်ရှားမှုတွေကြောင့် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို လူထုက လက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတဲ့ သတင်းစကားက အချိန်တိုင်းမှာ ကမ္ဘာကိုကော၊ မြန်မာကိုပါ ပြန့်နှံ့စေခြင်း ဖြစ်တယ်။ စစ်ကောင်စီသည် တရားမဝင်၊ အာဏာသိမ်းအုပ်စုဖြစ်တယ်ဆို ကျနော်တို့ လူထုသပိတ်တွေက အကောင်းဆုံး သက်သေထူနေကြခြင်း ဖြစ်တယ်။

ပြောရရင် ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက် မကြားချင်ဆုံးအသံက ကျနော်တို့ လူထုရဲ့ “ဒို့အရေး” ဆိုတဲ့ အသံပဲ ဖြစ်ပါတယ်။ လူထုရဲ့ “ဒို့အရေး” အသံသည် စစ်အာဏာရှင်မှန်သမျှကို ကြောက်ဒူးတုန်စေပါတယ်။ နောက်ဆုံးပြောရရင် ကျနော်တို့ လူထုရဲ့ ညသံပုံးတီးသံကအစ သူတို့ကို များစွာဒုက္ခပေးပါတယ်။ ဒါတွေအားလုံးက အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်မှု သရုပ်မှန်ကို ဖော်ပြနေကြခြင်း ဖြစ်ပါတယ်။

နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်ကြီးမှာ စစ်တိုက်စားလာတဲ့ အကြမ်းဖက်အုပ်စုအနေနဲ့ စစ်ရေးဆိုတာက သူတို့အကျွမ်းကျင်ဆုံး အလုပ်ပါ။ သူတို့အတွက် အကြောက်ဆုံး၊ ခေါင်းအရှုပ်ဆုံး၊ မကိုင်တွယ်တတ်ဆုံးနဲ့ ကမ္ဘာမှာ မျက်နှာမလှဆုံးကိစ္စကတော့ ကျနော်တို့ လူထုရဲ့ သပိတ်လှုပ်ရှားမှုတွေကို ကိုင်တွယ်တဲ့ နေရာမှာပါ။ နောက်၊ လူထုသပိတ်တွေနဲ့ CDM ဆိုတာကလည်း တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေကြပါတယ်။ ကျနော်တို့ လူထုသပိတ်ရေချိန် ကျသွားတာနဲ့ အာဏာရှင်က CDM လှုပ်ရှားသူတွေကို ပိုပြီးဖိနှိပ်လာမှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ လူထုအနေနဲ့ ဒီသပိတ်ဆန္ဒပြမှုများ၊ CDM လှုပ်ရှားမှုများကို ဆက်လက်ဆင်နွှဲကြဖို့က အထူးအရေးကြီးကြောင်းနဲ့ ဒီလှုပ်ရှားမှုတွေအပေါ်မှာ စိတ်လျော့၊ အားလျော့လိုက်လို့ မရသေးပါဘူး။ ကျနော်တို့အနေနဲ့ သပိတ် ခါးတောင်းကျိုက်ဖြုတ်လိုက်လို့ မဖြစ်သေးကြောင်း အလေးအနက် တင်ပြလိုပါတယ်။

ကျနော်တို့အနေနဲ့ မိမိတို့ အင်အား၊ အရင်းအမြစ်တွေကို နည်းနာတစ်ခုတည်းမှာပဲ အကုန်ပုံအောပစ်လို့ မရသေးပါဘူးခင်ဗျား။ ကျနော်တို့ စစ်အာဏာရှင်ကို အသွင်ပုံစံမျိုးစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် တွန်းလှန်နေကြဖို့ လိုအပ်ပါတယ်။

——————-

ကျနော်တို့ မျှော်လင့်ချက်တွေက ကြီးမားတယ်။ ကျနော်တို့က အကိုင်းအခတ်ကို ခုတ်နေတာမဟုတ်၊ အမြစ်ကို နှုတ်နေကြတာမဟုတ်လား။ ဒီခရီးအတွက် ကျနော်တို့ သက်လုံ ကောင်းရပါလိမ့်မယ်။ နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့ မရနိုင်။ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတဲ့ အသက်တစ်ချောင်းချင်း၊ သွေးတစ်စက် ချွေးတစ်စက်ချင်းစီအတွက် ကျနော်တို့ တရားမျှတမှု ပြန်လည်ရယူရပါလိမ့်မယ်။

အောင်မောင်း၊ တောင့်ထား . . .

#အရေးကြီးသည့်_လူထုသပိတ်

#အရေးကြီးသည့်_CDMလှုပ်ရှားမှု

#အရေးကြီးသည့်_ဘူးသပိတ်

#သပိတ်သပိတ်_မှောက်မှောက်

#ဆန္ဒဆန္ဒ_ပြပြ

#ကြောက်ခေတ်ကို_မှောက်ပစ်ကြ

#ကမ္ဘာမကြေဘူး

#မလျော့ဘူး

#သွေးမအေးဘူး

#နောက်မဆုတ်ဘူး

#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်


Original Post: Tayzar San

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia