15 April 2021
ငွေကြေးအခက်အခဲကြောင့် ရက်ပိုင်းအတွင်း CDM ပယ်ဖျက်သွားသူ ရာချီရှိနေပြီလို့ဆို
By BBC Burmese
၁၅ ဧပြီ ၂၀၂၁
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM လုပ်နေကြတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အလှူရှင်တချို့ကြောင့် ဆန်၊ဆီနဲ့ ရိက္ခာတချို့ မရှားဘူးဆိုပေမယ့် လစာမရတဲ့အတွက် ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ ခြိမ်းခြောက်မှု၊ ရုံးတစ်ရက်တက်ရုံနဲ့ လစာပေးမယ်ဆိုတဲ့ မက်လုံးပေး ဆွဲဆောင်မှုတွေကလည်း တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။
CDM မီးရထားဝန်ထမ်း ထောင်ချီနေထိုင်ကြတဲ့ မြစ်ငယ်မြို့မှာဆိုရင် ဝန်ထမ်းခေါင်းဆောင်ကို ဖမ်းဆီးလိုက်ပြီးနောက်ပိုင်း အောက်ခြေဝန်ထမ်းတွေကြား လုံခြုံရေး၊ ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဝန်ထမ်းတွေက ပြောပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ မတ်လ ကုန်ပိုင်းအထိ မြစ်ငယ် မီးရထားဝန်ထမ်း ၁၆၀၀ လုံး CDM လုပ်နိုင်ခဲ့ပေမယ့် ငွေကြေးအခက်အခဲကြောင့် ဒီရက်ပိုင်းတွေအတွင်း CDM ပယ်ဖျက်သွားသူ ၂၀၀ လောက် ရှိလာနေပြီ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေး လမ်းကြောင်း မလည်ပတ်နိုင်အောင် တော်လှန်ဖီဆန်ခဲ့ကြ
ရုံးမတက်ပဲ ရုန်းထွက်ကာ အာဏာရှင်စနစ်ကို ဖီဆန်နေကြပေမယ့် ဝင်ငွေမရှိတဲ့ မီးရထားဝန်ထမ်းတွေရဲ့ အခက်အခဲတွေကို CDM လုပ်နေတဲ့ မြစ်ငယ် မီးရထား ဝန်ထမ်းတစ်ဦးက ဘီဘီစီကို အခုလို ပြောပါတယ်။
“ဆန်နဲ့ဆီတို့၊ ကြက်ဥတို့၊ ခေါက်ဆွဲခြောက်တို့ ကျွန်တော်တို့အတွက် မရှိဘူး။ အဓိက ပြဿနာက လစာ မထုတ်ကြရလို့ အောက်ခြေဝန်ထမ်းတွေက ငွေရေးကြေရေး အခက်အခဲရှိကြတယ်။ ဒီလစာသာ မရရင် ဒီလူတွေကို တားလို့မရတော့ဘူး။ ကျွန်တော်တို့ CDM က ၄ လပိုင်းကုန်လောက်ကျရင် ကုန်သွားမယ့်သဘောရှိတယ်။ နေစရာလည်း မရှိဘူး။ ဝန်ထမ်းအိမ်ရာမှာပဲ နေရတယ်။ အစားအသောက်သာ ရပေမယ့် ပိုက်ဆံမရှိဘူးဆိုတော့ ရပ်တည်ဖို့ အတော်ခဲယဉ်းကြတယ်။” လို့ ဆိုပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေး CDM အားကောင်းတဲ့ မြစ်ငယ်မြို့ မီးရထားဝင်းထဲကို သင်္ကြန်အကြိုနဲ့ အကျနေ့က စစ်ကောင်စီတပ်တွေ အလုံးအရင်း ဝင်လာပြီး ပစ်ခတ် ဖမ်းဆီးတာတွေကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
CDM လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးတာအပြင် ဝန်ထမ်းတွေအတွက် လှူထားတဲ့ စားနပ်ရိက္ခာတွေကိုလည်း အာဏာပိုင်တွေက ယူသွားတယ်လို့ ဝန်ထမ်းတွေက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း မလည်ပတ်နိုင်အောင် တော်လှန်ဖီဆန်နေကြတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေဘက်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတာ၊ ဝန်ထမ်းအိမ်ရာတွေကနေ မောင်းထုတ်တာ၊ ခြိမ်းခြောက်ပြောဆိုတာ၊ ထောက်ပံ့ပစ္စည်းတွေကို ယူဆောင်တာတွေလည်း ရှိခဲ့ပါတယ်။
အာဏာဖီဆန်မှုကြောင့် အလုပ်ထုတ်တာ၊ ဝရမ်းထုတ် ဖမ်းဆီးတာတွေလည်း တဖက်မှာ ရင်ဆိုင်နေရ
အာဏာပိုင်တွေရဲ့ အမျိုးမျိုး ဖိနှိပ်မှုတွေကြားက ဝန်ထမ်းအများစုက ဆက်လက်ဆန့်ကျင်ဆန္ဒပြနေကြပေမယ့် လစာဝင်ငွေမရှိပဲ ရပ်တည်နေတာ တဖြည်းဖြည်း အချိန်ကြာလာနေတဲ့အတွက် နောက်ပိုင်းမှာ CDM အားလျော့လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်၊ မလွှကုန်း စတဲ့ နေရာတွေက မီးရထားဝန်ထမ်းတွေမှာလည်း CDM လုပ်ဆောင်နေပေမယ့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဝန်ထမ်းတွေက ဆိုပါတယ်။
CDM အောင်မြင်အောင် ဆက်လုပ်သွားနိုင်မယ့် အနေအထားနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က မီးရထားဝန်ထမ်း တစ်ဦးက အခုလို ပြောပါတယ်။
“အိမ်မှာတော့ စားရေးသောက်ရေးတော့ အခက်အခဲရှိတယ်ဗျာ။ တနိုင်ငံလုံးအနေနဲ့ အခက်အခဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံထားရမှာပဲလေ။ ၅ လပိုင်းထိတော့ တော်တော်လေးကို တောင့်ခံယူရမှာပေါ့။ ၅ လပိုင်းကျော်သွားရင် တော်တော်လေးကို မလွယ်တဲ့ ကိစ္စဖြစ်သွားမယ်။ အခုတောင်မှ တော်တော်လေးကို အခက်အခဲဖြစ်နေတာ” လို့ ဆိုပါတယ်။
တွဲရုံ၊ စက်ခေါင်းစက်ရုံ၊ မြို့ပတ်စက်ရုံ အစရှိတဲ့ မီးရထားဝန်ထမ်း အမျိုးမျိုး ရှိပြီး အဲဒီထဲက ဝန်ထမ်း အများစုဟာ စစ်ကောင်စီကို အာဏာဖီဆန်တဲ့ CDM လုပ်ရှားမှုကို ပူးပေါင်းပါဝင်နေပါတယ်။
ပြည်သူ့အာဏာဖီဆန်မှု CDM လုပ်နေကြတဲ့ အလွှာစုံက ဝန်ထမ်းတွေကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ သီးခြား ပုဂ္ဂလိက အလှူရှင်တွေနဲ့ ပြည်သူတွေက ထောက်ပံ့ကူညီမှုတွေ ရှိနေပေမယ့် လက်တွေ့မှာတော့ ဘယ်လောက်အတိုင်းအတာအထိ ထိထိရောက်ရောက် ကူညီပေးနိုင်မလဲဆိုတော့ကတော့ တိတိကျကျ မသိရသေးပါဘူး။
စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်မလုပ်ကြဖို့ CRPH ဘက်က တိုက်တွန်းနေသလို အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း CDM လုပ်နေတဲ့ ဆရာဝန်ကြီးတွေကို ဖမ်းဝရမ်းထုတ်တာ အပါအဝင် ရုံးမတက်တဲ့ ဝန်ထမ်းတွေကို အမျိုးမျိုး ဖိနှိပ်နေပါတယ်။
မူရင်းအော်ရဂျင်နယ်ပိုစ့် – BBC Burmese
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.