ဟိန်းထွဋ်အောင် – မိန်းမရှေ့တင် ပစ်သတ်ခံခဲ့ရတဲ့ တက္ကဆီကားဆရာ

ဟိန်းထွဋ်အောင် – မိန်းမရှေ့တင် ပစ်သတ်ခံခဲ့ရတဲ့ တက္ကဆီကားဆရာ

ကိုဟိန်းထွဋ်အောင် သေဆုံးခဲ့လို့ အများက ဝမ်းနည်းမဆုံး ဖြစ်နေ

By BBC Burmese

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကိုဟိန်းထွဋ်အောင်နဲ့ သူ့ဇနီး မဇင်မာတို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြဖို့ ထွက်လာခဲ့ကြပါတယ်။

သူတို့ဇနီးမောင်နှံဟာ အလုပ်ပြီးချိန်တိုင်း ဆန္ဒပြပွဲတွေမှာ ဝင်ဆန္ဒပြပြီးမှ အိမ်ပြန်လာလေ့ရှိပါတယ်။ အဲဒီနေ့ကတော့ မဇင်မာ တစ်ယောက်ပဲ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။

အဲဒီနေ့က ဆန္ဒပြပွဲကို သူတို့ဇနီးမောင်နှံ ဘတ်စ်ကားနဲ့ သွားခဲ့ကြတာပါ။ စစ်သားတွေက သေနတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် သူတို့စီးလာတဲ့ ဘတ်စ်ကား ရှေ့ဆက်သွားလို့ မရတော့ဘဲ ခရီးသည်တွေလည်း အကုန်ဆင်းပြေးခဲ့ရပါတယ်။

“လမ်းဖြတ်ကူးနေတုန်းမှာ သူသေနတ်မှန်သွားခဲ့တာပါ။ ကျွန်မတို့နဲ့ မလှမ်းမကမ်းမှာ ဆန္ဒပြသူတချို့က သေနတ်ရန်ကနေ ကာကွယ်ဖို့ လမ်းမတွေပေါ်မှာ အမှိုက်ပုံးတွေ၊ သံဆူးကြိုးတွေနဲ့ တားဆီး ပိတ်ဆို့ထားပါတယ်”

“သူ့ကို ထိသွားပြီလို့ အော်တော့ သူ့ရင်ဘတ်မှာ သွေးတွေ တွေ့လိုက်ရတယ်။ ဒါနဲ့ ကျည်ထိထားတဲ့နေရာကို သွေးမထွက်အောင် ကျွန်မလက်နဲ့ ဖိထားပေးခဲ့တယ်”လို မဇင်မာက ပြောပြပါတယ်။

သူ့ကို ဆေးရုံ အမြန်ပို့ခဲ့ပေမဲ့ အသက်မမီခဲ့ပါဘူး။

ကိုဟိန်းထွဋ်အောင် ဟာ မော်တော်ဆိုင်ကယ် အငှားလိုက်ဆွဲပေးသူ ဖြစ်တဲ့အတွက် အနီးပတ်ဝန်းကျင်က လူတွေအားလုံး သူ့ကို သိကြပါတယ်။

“သူက ရိုးရိုးရှင်းရှင်း နေတဲ့သူ တစ်ယောက်ပါ။ စကားလည်း သိပ်မပြောဘူး။ အားတဲ့အချိန်ဆိုရင် ဖုန်းတစ်လုံးနဲ့ ဂိမ်းတွေပဲ ဆော့နေတတ်တာ။ ရိုးရိုးသားသားနဲ့ ငွေရှာပြီး မိသားစုကို စောင့်ရှောက်နေတဲ့သူပါ” လို့ အိမ်နီးချင်းတစ်ယောက်က ပြောပြပါတယ်”

သူတို့လင်မယားဟာ အွန်လိုင်းပေါ်ကနေ ချစ်ကြိုက်ခဲ့ကြပြီး အိမ်ထောင်သက်က ၅ နှစ်ရှိပါပြီ။ တောင်ဒဂုံမြို့နယ်ထဲမှာ နေပြီး ဘဝကို အေးအေးချမ်းချမ်း တည်ဆောက်နေသူတွေ ဖြစ်ပါတယ်။

“ကျွန်မတို့နှစ်ယောက်က ဘယ်သွားသွား၊ အမြဲ အတူတူပဲ။ သူ့ကို အရမ်းလွမ်းနေတယ်”လို့ မဇင်မာကပြောပါတယ်။

အခုတော့ မဇင်မာဟာ စစ်အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ သူဆက်တိုက်ပွဲဝင် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

“စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် အသက်ကို စတေးခဲ့သူတွေရဲ့ မိသားစုတွေကို ကျွန်မအရမ်းကို လေးစားပါတယ်။ ဆက်တောင့်ခံသွားကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။ ကျွန်မလည်း ကျွန်မခင်ပွန်းကို ဆုံးရှုံးခဲ့ရသူ ဆိုတော့ သူတို့လိုပဲ ထပ်တူ ခံစားရပါတယ်”

“ဒါပေမဲ့ ကျွန်မတို့ ရပ်လိုက်လို့ မရပါဘူး။ နောက်ပြန်လှည့်လို့လည်း မဖြစ်ပါဘူး။ အဲဒီလို လုပ်လိုက်ရင် နောက်ထပ် လူတွေ ထပ်သေရဖို့ ရှိနေပါတယ်”

English version.


မူရင်းပို့စ် – BBC Burmese

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia