01 April 2021
၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်
ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်များကို ဖယ်ရှားကာ စစ်တပ်က ခန့်အပ်ထားသူများဖြင့် အစားထိုးထားပြီဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးအနေဖြင့် တရားမဝင် မြန်မာစစ်အုပ်စု၏ လက်ခွဲဖြစ်သော UEC နှင့် ဆက်စပ်မှုများကို ဖြတ်တောက်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၇ ဖွဲ့မှ တောင်းဆိုလိုက်သည်။ အလှူရှင် အဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံများ နှင့် UEC အား ကူညီပံ့ပိုးမှု ပေးခဲ့သူများမှ ဘဏ္ဍာရေး၊ နည်းပညာနှင့် အခြားပုံစံများဖြင့် UEC နှင့် ပူးပေါင်းဆောင်ရွက်မှု၊ သို့မဟုတ် UEC အား ပံ့ပိုးကူညီမှုများအားလုံးကို ချက်ချင်း ရပ်ဆိုင်းရမည်။
ဖေဖော်ဝါရီလ ၁ ရက်မှစ၍ မြန်မာစစ်တပ်မှ တရားမဝင် အာဏာသိမ်းယူခဲ့သည့်အချိန်တွင် စစ်သားများ၏ အကူအညီဖြင့် ရဲများသည် တမင်သက်သက် ရိုက်နှက်ခြင်း၊ အသံဗုံးများ၊ ကျည်ဆံအစစ်များ၊ စနိုက်ပါများနှင့် ခေတ်မီ ရိုင်ဖယ်သေနတ်များ၊ နှင့် အော်တိုစက်သေနတ်အသေးများ အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် ဘေးမှရပ်ကြည့်ရှုနေသူများအပေါ် အင်အားအလွန်အကျွံသုံးခြင်းနှင့် သေစေနိုင်သော လက်နက်များ အသုံးပြုခြင်းတို့ကြောင့် လူပေါင်း ၅၃၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ရာနှင့်ချီကာ ဒဏ်ရာရစေခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစ၍ ထိန်းသိမ်းစဉ် လူ ၃ ဦး သေဆုံးခြင်း၊ အခြား ထိန်းသိမ်းခံရသူများအား ညှဥ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှု အထောက်အထားများ အပါအဝင် မတ်လ ၃၁ ရက်နေ့စာရင်းအရ လူပေါင်း ၂,၇၂၉ ဦး မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရဆဲ ဖြစ်သည်။ မကြာသေးမီ ရက်သတ္တပါတ်များအတွင်း မြန်မာပြည်သူများအပေါ် အကြမ်းဖက်ရက်စက်မှုနှင့် ကြောက်ရွံ့ထိတ်လန့်စေမှုတို့ အထိန်းအကွပ်မရှိ အရှိန်မြှင့်လုပ်ဆောင်လာနေသည်ကို မိမိတို့မှ မြင်တွေ့ခဲ့ရသည်။ ရဲနှင့် စစ်သားများသည် အိမ်များကို ဝင်ရောက်စီးနင်းခြင်း၊ ဆိုင်ရှိပစ္စည်းများကို လုယက်ခြင်းနှင့် ပြည်သူများကို အနီးကပ်ပစ်ခတ်ခြင်းများ အပါအဝင် ပြည်သူများအား အရမ်းကာရော ပစ်မှတ်ထား အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်။ စစ်အုပ်စု၏ သတ်ဖြတ်ခြင်းခံရသော ကလေးငယ် ဦးရေ ၄၀ ကျော် ရှိသွားပြီဖြစ်ပြီး ထိုအထဲတွင် အသက် ၆ နှစ်သာ ရှိသေးသော မိန်းကလေးငယ်တစ်ဦးပါဝင်ပြီး မတ်လ ၂၃ ရက်နေ့ မန္တလေးရှိ သူမ၏နေအိမ်၌ ရှိနေစဉ် ဝမ်းဗိုက်တွင် သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။ မြို့ပြများသည် စစ်တလင်းဖြစ်သွားကြပြီး စစ်အုပ်စုသည် ဤရက်စက်ကြမ်းကြုတ်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကာ ဆေးရုံများနှင့် တက္ကသိုလ်များကို ယာယီတပ်စခန်းများအဖြစ် တပ်စွဲရန် သိမ်းပိုက်ထားသည်။ အထက်မှ တိုက်ရိုက်အမိန့် မပါဘဲ ရဲများနှင့် စစ်တပ်သည် ဤသို့သော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်လိမ့်မည် မဟုတ်ပေ။ ဤရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုအောက်တွင် မည်သူတစ်ဦး တစ်ယောက်မျှ လုံခြုံမှုကို မခံစားရသော်လည်း မိမိတို့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အတွက် မဆုတ်မနစ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အထက်ပါ အချက်များအပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၀၂၊ ၂၃ ရက်နှင့် ၂၆ ရက်များတွင် UEC ၏ အဖွဲ့ဝင်များကို ထုတ်ပယ်လိုက်ပြီး စစ်တပ်က ခန့်အပ်ထားသော လူများဖြင့် အစားထိုးရန် ညွှန်ကြားခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဟု ခေါ်သည့် ဤစစ်အာဏာရှင်က ထုတ်ပြန်ပြဌာန်းသော ဥပဒေများနှင့် လမ်းညွှန်ချက်များအပေါ် မိမိတို့မှ အလွန်အမင်း စိုးရိမ်မိသည်။ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းသည့်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် သက်သေအထောက်အထားမရှိသော မဲမမှန်မကန်ဖြစ်မှုများနှင့်စပ်လျင်း၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း ခံထားရသော UEC အရာရှိ ၁၅၀ ဦး ရှိသည်။ ထို့အပြင် စစ်တပ်မှ အသစ်အစားထိုးအန့်အပ်ထားသော UEC သည် ပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ်သော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်အာဏာသိမ်းမှု မတိုင်မီ ၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော မူလ UEC ၏ ကြေညာချက်၊ ဆုံးဖြတ်ချက်များနှင့် ဆန့်ကျင်စွာပင် ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရန် စစ်ကောင်စီ၏ ညွှန်ကြားချက်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လက်ခံခဲ့သည်။ သို့ဖြစ်ရာ ဥပဒေကြောင်းအရ အခွင့်အာဏာမရှိဘဲ တရားမဝင်သော စစ်အုပ်စုထံမှ ညွှန်ကြားချက်များကို UEC က လိုက်နာလုပ်ဆောင်နေသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဘဏ္ဍာရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူများ အပါအဝင် UEC နှင့် ပူးပေါင်းလုပ်ဆောင်သော ပူးပေါင်းမှုပုံစံအားလုံးကို ရပ်ဆိုင်းရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများမှ မဲဆန္ဒရှင်စာရင်းထုတ်ပြန်မှု၊ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ၊ ရွေးကောက်ပွဲမတိုင်မီကာလ ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းလုပ်ငန်းစဉ်နှင့် စာရင်းဇယား ထည့်သွင်းမှု လုပ်ငန်းစဉ်တို့ကို လေ့လာသုံးသပ်ခဲ့သည်။ ၎င်းတို့က ရွေးကောက်ပွဲသည် ယုံကြည်လက်ခံနိုင်ဖွယ်ဖြစ်ပြီး မဲဆန္ဒရှင်အများစု၏ ဆန္ဒကို ထင်ဟပ်ခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် “တရားမဝင်” ကြောင်း စစ်တပ်က ဖွဲ့စည်းခန့်အပ်လိုက်သည့် UEC ၏ ဥက္ကဌ ဦးသိန်းစိုးမှ ကြေညာလိုက်သည့်အပေါ် မိမိတို့မှ စိုးရိမ်ထိတ်လန့် ရပါသည်။
UEC သည် ယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲများ စီစဉ်ကျင်းပရန်၊ ဥပဒေအရ အာဏာလွှဲပြောင်းမှု ချောမွေ့စေရန်နှင့် ဒီမိုကရေစီထွန်းကားစေရန်တို့အတွက် ဘက်မလိုက်ဘဲ သမာသမတ်ကျပြီး သီးခြား လွတ်လပ်သော အခြေခံဥပဒေမူများဖြင့် စီမံအုပ်ချုပ်ရန် လိုအပ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့မှတစ်ဆင့် နိုင်ငံရေးအဆင့်အတန်းဆိုင်ရာအခွင့်အရေးသည် လူ့အခွင့်အရေး၏ အခြေခံ အကျဆုံးသောမူဖြစ်သည်။ UEC ၏ အဓိကအခန်းကဏ္ဍမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ရေး သေချာစေခြင်းနှင့် မြန်မာပြည်သူတို့၏ အသံများကို ကြားနိုင်စေရန်အတွက် လမ်းခင်းပေးခြင်းတို့ ဖြစ်သည်။ စစ်တပ်အာဏာသိမ်းသည့်အချိန်မှစ၍ UEC သည် စစ်အာဏာရှင်ကို ဦးညွတ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် ကြိုးပမ်းအားထုတ်ခြင်း အားဖြင့် ၎င်း၏တာဝန်ကို အခြေခံကျကျ အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည်။ ရွေးကောက်ပွဲဆိုင်ရာ ခိုင်လုံမှုမရှိသော လိမ်လည်မှုနှင့် မမှန်မကန်ပြောဆိုလုပ်ဆောင်မှုများမှတစ်ဆင့် စစ်အာဏာရှင်၏ ရွေးကောက်ပွဲ အပေါ် တိုက်ခိုက်မှုများသည် ၎င်း၏ မတရားအာဏာသိမ်းမှုကို တရားဝင်ကြောင်း ကြိုးပမ်းလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် တရားဝင်စွာ ရှိနေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်အာဏာရှင်မှ စီစဉ်ကျင်းပမည့် ၂၀၂၂ ရွေးကောက်ပွဲကို တရားဝင်စေရန် အတည်ပြုခြင်း သို့မဟုတ် ထောက်ခံခြင်း မပြုရန် အလွန်အရေးကြီးသည်။ စစ်တပ်၏ လုပ်ရပ်များကို ရှုတ်ချပြီး UEC နှင့် ဆက်စပ်လုပ်ဆောင်မှုများအားလုံးကို ဖြတ်တောက်ရန် နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဆုပ်ကိုင်လျှက် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုလိုက်သည်။
မိမိတို့မှ နိုင်ငံတကာအသိုင်းအဝိုင်းကို အောက်ပါအချက်များ တောင်းဆိုလိုက်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ထုတ်ပြန်ချက်ကို PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.