01 April 2021
By Myanmar Now
မတ်လ ၂၇ ရက်နေ့က သတ်ဖြတ်ခံရသည့် ဆန္ဒပြသူ ၁၀၀ ကျော်ထဲတွင် ဟံသာဝတီ လူငယ်ဘောလုံးအသင်းခေါင်းဆောင် ချစ်ဘိုဘိုငြိမ်းလည်း ပါဝင်သည်။
စစ်ကောင်စီလက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသူ ဟံသာဝတီယူနိုက်တက် လူငယ်ဘောလုံးအသင်း ခေါင်းဆောင် ချစ်ဘိုဘိုငြိမ်း ခေါ် အာရားရား။ (ဓာတ်ပုံ − ပေးပို့)
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှ ယမန်နေ့ (မတ် ၃၁) အထိ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြသူများကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး မတ် ၂၇၊ ၂၈၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ဆက်တိုက် အင်အားသုံးဖြိုခွင်းမှုများကြောင့် မြို့ပေါင်း ၄၀ ကျော်တွင် အရပ်သားပြည်သူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီက အသက်ကြီးငယ် ကျားမမရွေး ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အများစုမှာ အသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်များဖြစ်ကြသည်။
ထိုလူငယ်များတွင် ဟံသာဝတီလူငယ်ဘောလုံးအသင်း (U 21) အသင်းခေါင်းဆောင် အသက် ၂၁ နှစ် အရွယ် ချစ်ဘိုဘိုငြိမ်း ခေါ် အာရားရားလည်း အပါအဝင်ဖြစ်သည်။ မတ် ၂၇ ရက်က ရန်ကုန် အင်းစိန်မြို့နယ် ရွာမရှိ ဆန္ဒပြသူတို့ တိုက်ခိုက်ခံရစဉ် ကျည်ထိ ကျဆုံးခဲ့ရသည်။
စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်လိုက်သော ကျည်သည် ချစ်ဘိုဘိုငြိမ်း၏ ညာဘက်နံကြားမှ ဖောက်ထွက်သွားသည်။ ချစ်ဘိုဘိုငြိမ်းမှာ အင်းစိန်ဆေးရုံအရောက် ထိုနေ့မွန်းတည့်ချိန်၌ ကွယ်လွန်ခဲ့သည်။
“သူတို့တွေ (စစ်တပ်) ကို ပြန်လိုက်ရင်းနဲ့ အပစ်ခံလိုက်ရတာ။ အဲ့ဒီကောင်တွေက ချထားတဲ့ သဲအိတ်တွေပေါ် သေနတ်ကို ဒေါက်တင်ပြီး သေချာချိန်ပစ်တာ။ ပြောရရင် နှမြောတယ်ဗျာ။ ကျွန်တော့်ညီကို ကျွန်တော် နှမြောတယ်။ ဂုဏ်လည်း ယူပါတယ်ဗျာ။ ဒီလိုမျိုး အသက်ပေးလိုက်ရတဲ့အတွက်” ဟု ချစ်ဘိုဘိုငြိမ်း၏ အစ်ကိုဖြစ်သူ ကိုအောင်ကိုကိုဇော်က Myanmar Now ကို ပြောသည်။
ချစ်ဘိုဘိုငြိမ်းကို ထိမှန်ခဲ့သော ကျည်သည် အရှိန်ပြင်းလွန်းသဖြင့် ၎င်း၏နောက်တွင် ရှိနေသူ အသက် ၁၄ နှစ်အရွယ် လူငယ်၏ ဝမ်းဗိုက်ကို ဆက်လက်ထိမှန်ခဲ့ကာ ထိုလူငယ်သည်ပင် ခွဲစိတ်ကုသရာတွင် ၁၉ ချက်ချုပ်ခဲ့ရသည်ဟု ကိုအောင်ကိုကိုဇော်က ဆိုသည်။
ချစ်ဘိုဘိုငြိမ်းသည် ညီအစ်ကိုမောင်နှမ ငါးယောက်အနက် စတုတ္ထမြောက်သားဖြစ်ပြီး အသက် ၁၅ နှစ်တွင် ကျောင်းပညာရေးကို ဆက်လက်သင်ကြားလိုစိတ် မရှိတော့သဖြင့် ၎င်းဝါသနာကြီးသည့် ဘောလုံးလောကသို့ ၂၀၁၆ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။
လူငယ်ဘောလုံးသမား ချစ်ဘိုဘိုငြိမ်းမှာ မတ် ၂၇ ရက်က အင်းစိန်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ဖြိုခွင်းခံရစဉ်အတွင်း ကျည်သင့် ကျဆုံးခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ − ပေးပို့)
လူငယ်ဘောလုံးသမား ချစ်ဘိုဘိုငြိမ်းသည် မိတ်ဆွေဘောလုံးအားကစားသမားတစ်ဦး၏ အကူအညီဖြင့် မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်းဖြစ်သည့် ဆဲလ်ဗားစတားဘောလုံးအသင်းတွင် စတင်ကစားခွင့် ရရှိခဲ့သည်။ ထို့နောက် ဟံသာဝတီယူနက်တက်၏ ယူ ၁၉ အသင်းတွင် ပါဝင်ခွင့်ရရှိခဲ့ပြီး နှစ်နှစ်အကြာတွင် ယူ ၂၁ အသင်းခေါင်းဆောင်ဖြစ်ခဲ့သည်ဟု သိရသည်။
ချစ်ဘိုဘိုငြိမ်း အတုယူအားကျသည့် ဘောလုံးသမားမှာ အင်္ဂလန်နိုင်ငံမှ ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်း ကွင်းလယ်လူ ပေါ့ဘာဖြစ်သည်။
“ပေါ့ဘာလိုမျိုး ကစားရတာကို သူအရမ်းကြိုက်တာ။ အဲ့ဒီလိုမျိုးပုံစံကို သူယူတယ်။ ပေါ့ဘာ့ပုံတွေလည်း ရှိတယ်။ ကြွကြွရွရွနဲ့ ဆံပင်ကေးလေးကအစ” ဟု ချစ်ဘိုဘိုငြိမ်း၏အစ်ကို ကိုအောင်ကိုကိုဇော်က ပြောသည်။
အသက် ၂၁ နှစ်အရွယ် လူငယ်ဘောလုံးသမားလေး ချစ်ဘိုဘိုငြိမ်း၏ နာမည်ကျော် ဘောလုံးသမားဘဝ အိမ်မက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့နွေဦးတော်လှန်ရေး၌ ကြွေလွှင့် ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။
လူငယ်အသင်းခေါင်းဆောင်ဖြစ်သော ကွင်းလယ်ကစားသမား ချစ်ဘိုဘိုငြိမ်းကျဆုံးမှုက ဟံသာဝတီယူ ၂၁ အသင်းတစ်ခုအတွက်သာမက နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေး အားယူရုန်းထနေသည့် မြန်မာ့ဘောလုံးလောကအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုဖြစ်စေသည်ဟု ဟံသာဝတီအသင်း၏ လေ့ကျင့်ရေးနည်းပြ ကိုချစ်ကိုကိုက မှတ်ချက်ပြုသည်။
ချစ်ဘိုဘိုငြိမ်း ကျည်ဆန်ထိမှန်ခဲ့သည့်နေ့မတိုင်မီ မတ် ၂၆ ရက်ညပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြသူတို့သည် ဦးခေါင်းနောက်စေ့နှင့် နောက်ကျောတို့ ကျည်ထိနိုင်သည့် အန္တရာယ်ရှိကြောင်း ပြောင်ပြောင်တင်းတင်း ကြေညာချက်ထုတ်ပြန်ကာ ခြိမ်းခြောက်ခဲ့သည်။
ထိုသို့ ခြိမ်းခြောက်ခဲ့သည့်အတိုင်း နောက်တစ်နေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၄၀ ကျော်တွင် စစ်ကောင်စီလက်နက်ကိုင်များက ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။
အကြမ်းဖက်ပစ်ခတ်နေသော စစ်ကောင်စီလက်နက်ကိုင်များကို ရင်ဆိုင်လိုသော်လည်း အင်အားချင်းမမျှသဖြင့် နောက်ထပ်လူငယ်များ မကျဆုံးစေလိုတော့ဟု ချစ်ဘိုဘိုငြိမ်း၏အစ်ကို ကိုအောင်ကိုကိုဇော်က ပြောသည်။
“ဒီလိုကောင်မျိုးတွေ တွေ့ရင်ကို အသားတွေ တဆတ်ဆတ်တုန်တယ်၊ ပြန်လုပ်လို့ရတဲ့အနေအထား မဟုတ်လို့။ ကျွန်တော် ဆုတောင်းပါတယ်၊ ဒီကောင်တွေ အမြန်ကျဆုံးပါစေ။ ကျွန်တော့်ညီ တစ်ယောက်တည်းမှ မဟုတ်ဘူး၊ ဒီလိုကောင်မျိုးတွေနဲ့ ယှဉ်ပြီးမှ အသက်ပေးရတာ တန်ကို မတန်ပါဘူးဗျာ” ဟု ၎င်းက မချိတင်ကဲ ရေရွတ်လိုက်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.