ရိုဟင်ဂျာလူမျိုးစုထံ ဝန်ချတောင်းပန်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း

27 March 2021

12 Rohingya Organizations

ရိုဟင်ဂျာလူမျိုးစုထံ ဝန်ချတောင်းပန်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း

မြန်မာ့တပ်မတော်ဟု “မိမိကိုယ်ကိုမိမိ” အမည်ခံယူထားသော တရားမဝင်အကြမ်းဖက် ဖက်ဆစ် စစ်တပ်သည် ပြည်ထောင်စု၏ တောင်တန်းဒေသများနှင့် လူနည်းစုများနေထိုင်ရာဒေသများတွင် ပြည်ထောင်စုသား လူနည်းစု ညီနောင်များအပေါ် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စုကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဝတ်မှုများ ကျူးလွန်လာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။

အထူးသဖြင့် ပြည်ထောင်စု၏ အနောက်ဖက်ရှိ အာရကာန်(ယခုအခေါ်ရခိုင်)ဒေသတွင် ရှေးပဝေသဏီကပင် နေထိုင်လာခဲ့သော ရိုဟင်ဂျာလူနည်းစုများအပေါ် ၁၉၇၀ ခုနှစ်နောက်ပိုင်းကစပြီး လူမျိုးတုံးသတ်ဖြတ်ရေးအတွက် စနစ်တကျစီမံကိန်းဆွဲကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လာခဲ့ရာ ၂၀၁၂၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုးသည် လူမျိုးတစ်မျိုး အနေနှင့် မိမိမူလဘူတ ဒေသတွင် မရပ်တည်နိုင်ဘဲ စုစုပေါင်းလူဦးရေ၏ (၉၀) ရာခိုင်နှုန်းခန့်သည် အသက်အိုးအိမ်စည်းစိမ်များစွန့်ပြီး တိုင်းတစ်ပါးသို့ သွားရောက်ခိုလှုံခဲ့ရသည်။ ထိုကဲ့သို့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့တရားခွင်ရုံးဖြစ်သော ICJ တွင် “လူမျိုးတုံးသတ်ဖြတ်မှု” အမှုကို ရင်ဆိုင်နေရသည်အထိ ဖြစ်ခဲ့သည်။

ရိုဟင်ဂျာလူမျိုးသည် အာရကန်ဒေသတွင် ရှေးပဝေသဏီကတည်းကပင် နေထိုင်လာခဲ့သည်မှာ မှန်ကန်ကြောင်း သမိုင်းက သက်သေခံလျက်ရှိနေသဖြင့် ရိုဟင်ဂျာလူမျိုးကိုပြည်ထောင်စု၏ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုခဲ့သည်။ တိုင်းပြုပြည်ပြုလွှတ်တော်တိုင်းတွင်လည်း ရိုဟင်ဂျာလွှတ်တော်ကိုယ်စားလှယ်များတာဝန်ထမ်းဆောင်ခဲ့သည်မှာ (၂၀၁၀-၂၀၁၅) ဦးသိန်းစိန် အစိုးရလက်ထက် အထိပင် ဖြစ်သည်။ ပြည်ထောင်စု၏ ဝန်ကြီးအဆင့်ထိ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နိုင်ခဲ့သည်။ မြန်မာအသံတိုင်းရင်းသား ဘာသာစကား အစီစဉ်မှာလည်း ရိုဟင်ဂျာဘာသာစကားဖြင့် သတင်းလွှင့်နိုင်ခဲ့ဖူးသည်။ ထိုကဲ့သို့ ပြည်ထောင်စု၏ တိုင်းရင်းသား လူမျိုးစုတစ်စုကို “ခိုးဝင်ဇာတ်သွင်း” ပြီး လူမျိုးတုံးသတ်ဖြတ်ခဲ့ကြောင်းကို ယခုအခါ တိုင်းသိပြည်သိ ကမ္ဘာသိခဲ့ပြီးဖြစ်သည်။

စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်း (၅၀) နီးပါး ရှင်သန်ခဲ့ရသော မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်တို့၏ ဝါဒမှိုင်းများမိခဲ့ပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် အခြား တိုင်းရင်းသား လူမျိုးများကို ညှင်းပန်းနှိပ်စက်ချိန်တွင် နှုတ်ဆိတ်နေခဲ့သည် (သို့ မဟုတ်) အားပေးထောက်ခံခဲ့သည်။ ယခုအခါ မြန်မာပြည်သူ လူထုသည် အမှန်တရားကို သိမြင်လာပြီး မိမိတို့၏အမှားများအတွက် နောင်တရကာ ဝန်ချတောင်းပန်လာနေကြသည်ကိုတွေ့ရသည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအသီးသီးမှ ရိုဟင်ဂျာများထံ တောင်းပန်လာခြင်းကို မိမိတို့ရိုဟင်ဂျာကျောင်းသားလူငယ်များအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါသည်။ ဝန်ချတောင်းပန်ပြီး မိမိတို့၏အမှားများကို ဖြေရှင်းခြင်းသည် ကိုယ်ကျင့်သိက္ခာနှင့်စိတ်ပိုင်းဆိုင်ရာ ခွန်အားရှိသောသူတို့၏လုပ်ရပ် အဖြစ် မိမိတို့ဂုဏ်ပြု ချီးကျူးလိုက်ပါသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး နိုင်ငံ တစ်ဝန်း ကျူးလွန်နေသော ဖက်ဆစ် စစ်တပ်၏ အကြမ်းဖက်မှုများကို အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်သည်။ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ခုံခံတော်လှန်နေကြသော မြန်မာပြည်သူ တစ်ရပ်လုံးနှင့်အတူတကွ ရပ်တည်ကြောင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ကြိုးပမ်းရာတွင်လည်း ကျွန်တော်တို့ရိုဟင်ဂျာ ကျောင်းသားလူငယ်များ အနေဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

“မတရားမှုဟူသမျှဆန့်ကျင်ကြ”

“အဖိနှိပ်ခံ ပြည်သူများနှင့် အတူရပ်တည်ကြ”

“ဖက်ဆစ်လူသတ် သတ်(တပ်)မတော် ကျဆုံးပါစေ”

“အရေးတော်ပုံ အောင်ရမည်…..”

ရက်စွဲ (၂၇၊ မတ်လ၊ ၂၀၂၁ ခုနှစ်)


Download PDF.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia