ကြယ်စင်/အိန်ဂျယ် – မတ်လ ၃ ရက် ကြွေလွင့်ကြယ်စင်

ကြယ်စင်/အိန်ဂျယ် – မတ်လ ၃ ရက် ကြွေလွင့်ကြယ်စင်

By BBC

သူ့လက်ထဲမှာ လက်နက်နဲ့ ဆင်ဆင်တူတာဆိုလို့ ကိုကာကိုလာပုလင်းပဲ ပါပါတယ်။ (ဓာတ်ပုံ – UGC)

မန္တလေးမြို့ရဲ့ အဓိက လမ်းမကြီးတစ်ခုပေါ်မှာ လူငယ်အများစု ပါဝင်တဲ့လူထုဟာ ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေရဲ့ရှေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး မကြာခင်မှာဘဲ မျက်ရည်ယိုဗုံးတွေ ခွဲပါတယ်။ သေနတ်သံတွေ ဆူညံသွားပါတယ်။

မန္တလေးမြို့ရဲ့ အဓိက လမ်းမကြီး ၈၄ လမ်းနဲ့ လမ်း ၃၀ ထောင့်နားမှာ ပစ်ခတ်မှု စတင်ဖြစ်ပွားပါတယ်။ ဆန္ဒပြသူတွေရဲ့ အရှေ့လမ်း ညာဘက်မှာ ဇွဲထက်ရွှေဆိုင် ဆိုင်းဘုတ်ကို မြင်ရပါတယ်။

သေနတ်သံတွေ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ပေါ်ထွက်လာချိန်မှာပဲ ဆန္ဒပြသူလူအုပ်ကြီးဟာ တဖြည်းဖြည်း နောက်ဆုတ်လာကြပါတယ်။ သေနတ်နဲ့ ပစ်ပေမဲ့ ချက်ချင်း နောက်ဆုတ်ထွက်မပြေးကြဘဲ တင်းခံ အန်တုနေသူ အများစုဟာ လူငယ်တွေပါ။

ပစ်ခတ်သံတွေ တဖြည်းဖြည်းစိပ်လာတဲ့အချိန်မှာ လူငယ်တွေဟာ မတ်တပ်ရပ်နေရာက ထိုင်လိုက်ကြပါတယ်။ ရှေ့ဆုံးတန်းက လူငယ်တွေဟာ ဒိုင်းတွေနဲ့ ကာကွယ်ထားကြပါတယ်။ “ကျည်အစစ်နဲ့ ပစ်နေပြီဟေ့ သတိထား” ဆိုတဲ့ အချင်းချင်း သတိပေးတဲ့အသံကိုကြားရပါတယ်။

ဖခင်စည်းပေးလိုက်တဲ့ လက်ပတ်နီနဲ့ အလံကိုင်ဆောင်ထားတဲ့ ကြယ်စင် (ဓာတ်ပုံ – ကြယ်စင် FB)

ဒိုင်းကိုင်ဆောင်ထားတဲ့ ရှေ့ဆုံးတန်းရဲ့နောက်မှာ ဂျင်းဘောင်းဘီ မိုးပြာရောင်နဲ့ တီရှပ်အနက် ဝတ်ထားသူ မိန်းကလေးတစ်ယောက်ဟာ လက်ထောက်ပြီး ဝပ်နေရာကနေ ကိုယ်ကိုလှိမ့်ပြီး နေရာရွှေ့လိုက်ပါတယ်။ သူ့လက်ထဲမှာ လက်နက်နဲ့ ဆင်ဆင်တူတာဆိုလို့ ကိုကာကိုလာ အအေးပုလင်းပဲ ပါပါတယ်။ သူဟာ ပစ်မှတ်ကျဉ်းသွားအောင် ကိုယ်ကိုကိုင်းပြီး ကျုံ့ထားပါတယ်။

သေနတ်ကျည်ဆန်တွေရဲ့ အသံတွေက အဆက်မပြတ်ထွက်ပေါ်နေပါတယ်။

ဂျင်းဘောင်းဘီ မိုးပြာရောင်နဲ့ တီရှပ်အနက် ဝတ်ထားတဲ့ အဲဒီမိန်းကလေးဟာ ရုတ်တရက် မတ်တပ်ရပ်ပြီး နောက်ဘက်ကို ပြေးလာပါတယ်။ တီရှပ်အနက်ပေါ်မှာ EVERYTHING WILL BE OK ဆိုတဲ့ စာလုံးအဖြူနဲ့ အင်္ဂလိပ်စာတန်းဟာ ထင်းကနဲပေါ်လာပါတယ်။ အဲဒီမိန်းကလေးဟာ ကြယ်စင် ဆိုတဲ့ မိန်းကလေးပါ။

EVERYTHING WILL BE OK ဆိုတဲ့ အင်္ဂလိပ်စာတန်းဟာ အားလုံး အဆင်ပြေသွားမှာပါလို့ အဓိပ္ပာယ်ရပါတယ်။ တကယ်တော့ အားလုံး အဆင်မပြေခဲ့ပါဘူး။ ပြေးနေတဲ့ ကြယ်စင်ကို ကျည်ဆန်ထိမှန်ပြီး လဲကျသွားပါတယ်။ အသက် ၁၈ နှစ်အရွယ်မျှသာ ရှိသေးတဲ့ ကြယ်စင်ဆိုတဲ့ နုနယ်ပျိုမြစ်တဲ့ မိန်းမပျိုဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ဆန္ဒပြနေစဉ်မှာပဲ ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်သွားခဲ့တဲ့ မတ်လ ၃ ရက်နေ့က မန္တလေးမြို့မှာ ဖြစ်ပျက်ခဲ့တဲ့မြင်ကွင်းပါ။

ဂျင်းဘောင်းဘီ မိုးပြာရောင်နဲ့ တီရှပ်အနက် ဝတ်ထားသူ မိန်းကလေးတစ်ယောက်ဟာ လက်ထောက်ပြီး ဝပ်နေရာကနေ ကိုယ်ကိုလှိမ့်ပြီး နေရာရွှေ့လိုက်ပါတယ် (ဓာတ်ပုံ – REUTERS)

လူငယ်အမျိုးသား တစ်ယောက် ဆိုင်ကယ်နဲ့ အနီးကိုရောက်လာပါတယ်။ ကျန်တဲ့ လူငယ်တစ်ယောက်က ကြယ်စင်ကို ဆိုင်ကယ်ပေါ်ပွေ့တင်ပြီး သူကိုယ်တိုင် ကြယ်စင်ရဲ့နောက်က တက်ထိုင်ပါတယ်။ လူငယ်အမျိုးသား နှစ်ယောက်ဟာ ကြယ်စင်ကို အလယ်မှာထားပြီး ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွား ကြပါတယ်။

အဲသလိုနည်းနဲ့ ကြယ်စင်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ကြယ်စင်ဟာ ဦးခေါင်းမှာ ကျည်ဆန်ထိမှန်တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။

ကြယ်စင်ဟာ တရုတ်သွေးပါသူ လူငယ်တစ်ယောက်ပါ။ သူ့နာမည် ကြယ်စင်လို့ခေါ်သလို ကျားရှီလို့လည်း ခေါ်ပါတယ်။ အိန်ဂျယ်လို့လည်း ခေါ်ပါတယ်။

သူဟာ အကဝါသနာပါသူ၊ အဆိုဝါသနာပါသူ တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒို အားကစားသမားလည်းဖြစ်ပါတယ်။ တိုက်ကွမ်ဒိုလေ့ကျင့် ကစားနေတဲ့ ပုံတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ တွေ့မြင်ရပါတယ်။

ကြယ်စင် နာရေးကို လူအများအပြားလိုက်ပို့ကြ (ဓာတ်ပုံ – KZH/MPA)

လူမှုကွန်ရက်ပေါ်မှာ လူအများ စိတ်ထိခိုက်စွာ ပြောဆို မှတ်ချက်ပြုကြတဲ့ ဓာတ်ပုံလေးတစ်ပုံက ကြယ်စင်နဲ့ သူ့ဖခင်ရဲ့ ဓာတ်ပုံပါ။ မတ်လ ၃ ရက်မတိုင်ခင် တစ်နေ့နေ့မှာ ဆန္ဒပြဖို့ ကြယ်စင် အိမ်ကထွက်လာကာနီး ဖြစ်ပုံရပါတယ်။ ဖခင်ဖြစ်သူက ကြယ်စင်ရဲ့လက်မှာ ဖဲကြိုးစနီကလေး စည်းပေးနေပါတယ်။ အဖေဖြစ်သူရဲ့ စိတ်ထဲမှာ ဘယ်လောက်များ ထိခိုက်လိုက်လေမလဲလို့ လူအများက တသသနဲ့ ယူကျုံးမရစွာ မှတ်ချက်ပြုကြပါတယ်။

ကြယ်စင် မရေးနိုင်တော့တဲ့ သူ့ရဲ့ facebook စာမျက်နှာပေါ်ကို လူအများအပြားက လာရောက် ကြည့်ရှုကြပါတယ်။ သူ့ရဲ့ facebook စာမျက်နှာဟာ ကြယ်စင်နဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကို စုစည်းပြသထားတဲ့ ပြခန်းတစ်ခုလိုဖြစ်နေပါတယ်။

ကြယ်စင် နောက်ဆုံးရေးသွားတဲ့ facebook စာမျက်နှာပေါ်မှာ “သူ့သွေး၊ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပေးဆပ် လှူဒါန်းချင်ပါတယ်”လို့ ရေးထားပါတယ်။ “အသက်မသေသေးဘဲနဲ့တောင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပေးလှူချင်ပါတယ်” လို့ ရေးထားပါတယ်။ ခုတော့ ကြယ်စင်ဟာ သူ့အသက်၊ သူ့ခန္ဓာကို သူယုံကြည်ရာအတွက် ပေးလှူသွားခဲ့ပါပြီ။

ဓာတ်ပုံ – MPA

နေပြည်တော်မှာ ကျောင်းသူ မြသွဲ့သွဲ့ခိုင်ကို ပစ်သတ်ခဲ့တယ်လို့ အစွပ်စွဲခံရသူ အရာရှိရဲ့ပုံကို ကြယ်စင်က သူ့facebook စာမျက်နှာပေါ် တင်ပြီး “အိမ်ရောက်ရင် ကိုယ့်သားသမီးနဲ့ စကားပြောတဲ့အခါ အဖေ ဒီနေ့ သူများသားသမီးတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ လိပ်ပြာသန့်သန့်နဲ့ ပြောရဲပါ့မလား”လို့ မေးခွန်း ထုတ်ထားပါတယ်။ မြသွဲ့သွဲ့ခိုင်ကိုယ်စား အဲဒီမေးခွန်းကို သူမေးထားတာပါ။ အခုတော့ အဲဒီမေးခွန်းဟာ သူကိုယ်တိုင်အတွက် မေးထားသလိုပါပဲ။

ကြယ်စင်ဟာ တိုက်ကွမ်ဒို အားကစားသမားတယောက် ဖြစ်တာနဲ့အညီ သူ့ရဲ့ ဆန္ဒပြပွဲအတွင်း လှုပ်ရှားနေတဲ့ပုံရိပ်တွေဟာ အချိုးအစားကျနတဲ့ ကိုယ်ဟန်နဲ့အတူ အားမာန်ပြည့်ဝနေပါတယ်။ ဒါ့ကြောင့် သူ့အတွက် ဆုတောင်းပေးကြသူတွေဟာ Rest In Peace ဆိုတဲ့ အင်္ဂလိပ်စကား အစား Rest In Power လို့ဆုတောင်းကြပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါတော့ ဆိုတဲ့စာသားအစား ခွန်အားအပြည့်နဲ့ အနားယူပါလို့ ဆုတောင်းပေးကြတာ ဖြစ်ပါတယ်။

မတ်လ ၄ ရက်နေ့မှာ ကြယ်စင် သို့မဟုတ် အိန်ဂျယ်ဟာ နေအိမ်ကနေ ထွက်ခွာလာခဲ့ပါတယ်။ လူအများအပြားက သူ့ကို လိုက်ပါ ပို့ဆောင်ကြပါတယ်။ သူ့အတွက် လာပို့တဲ့ လွမ်းသူ့ပန်းခွေတွေက ကားတစ်စီးတိုက်စာ ရှိပါတယ်။ ဂစ်တာသံ တယောသံတွေနဲ့ တီးမှုတ်ပြီး ခေတ်သစ် ကမ္ဘာမကြေသီချင်းကို သီဆိုကြပါတယ်။

ကြယ်စင်လိုပဲ ကိုမျိုးနိုင်လင်းဆိုတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားတယောက်ဟာလည်း မတ်လ ၃ ရက်နေ့က မန္တလေးမှာပဲ ရင်ညွန့်ကို သေနတ်ကျည်ဆံ ထိမှန်ကွယ်လွန်ခဲ့ပါတယ်။

ကြယ်စင်နဲ့ ကိုမျိုးနိုင်လင်းဟာ ဘယ်တော့မှ အိမ်ပြန်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့သမိုင်းကို နောင်အခါပြန်ပြောတိုင်းမှာ မတ်လ ၃ ရက် မန္တလေးက အဖြစ်အပျက်တွေဟာ မဖြစ်မနေ ပါဝင်နေမှာပါ။ အဲဒီအဖြစ်အပျက်ကို ပြောတိုင်းမှာလည်း ကြယ်စင်ရဲ့နာမည်၊ ကိုမျိုးနိုင်လင်းရဲ့ နာမည်ဟာ မဖြစ်မနေပါဝင်နေဦးမှာပါ။

English version


Source: BBC News/မြန်မာ

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia