15 February 2021
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ
ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်
ထုတ်ပြန်ချက် (၁/၂၀၂၁)
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် ပုဂ္ဂလိက စီးပွားရေးကဏ္ဍကိုသာ အစဉ်တစ်စိုက်ကိုယ်စားပြုပြီး အစိုးရနှင့် မသက်ဆိုင်သော (NGO) အဖွဲ့အစည်း ဖြစ်ပါသည်။
ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ သဘောထားမှတ်ချက်အား အောက်ပါအတိုင်း ပြန်ကြားခဲ့ပါသည်။
၁။ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်သည် စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းဖြစ်၍ ပြည်တွင်း စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အစဉ်တစိုက် ဆောင်ရွက်ပေးနေသည့် အသင်းချုပ်ဖြစ်ပြီး နည်းပညာ အဖွဲ့အစည်း မဟုတ်သည့်အတွက် ဆိုင်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း)ကို စီးပွားရေးရှုထောင့်မှသာ သဘောထားမှတ်ချက် ပြုသွားမည် ဖြစ်ပါသည်။
၂။ ကမ္ဘာတဝှမ်းလုံးတွင် ဒစ်ဂျစ်တယ် စီးပွားရေးသည် အရှိန်အဟုန်နှင့် ပြောင်းလဲတိုးတက်နေပြီး မြန်မာနိုင်ငံသည်လည်း ၎င်းတို့နှင့်အမှီ လိုက်ပါပြောင်းလဲရန် အထူးလိုအပ်ပါသည်။ ယခု COVID ကာလနှင့် COVID အလွန်ကာလများတွင် ဒစ်ဂျစ်တယ် စီးပွားရေးသည် လုပ်ငန်းများနှင့် သုံးစွဲသူများ အတွက် လွန်စွာအကျိုးပြုနေကြောင်း ပေါ်လွင်ထင်ရှားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးသို့ အရှိန်အဟုန်နှင့် ကူးပြောင်းနိုင်ရန် အသင်းချုပ်သည် ဒစ်ဂျစ်တယ်စီးပွားရေးကို ဇောက်ချ လုပ်ကိုင်လျက်ပါသည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေး အောင်အောင်မြင်မြင် ပေါ်ပေါက်စေရန်အတွက် လွတ်လပ်စွာ တီထွင်ကြံဆ လုပ်ဆောင်နိုင်သောဝန်းကျင်ကောင်းနှင့် ပံ့ပိုးကူညီသော ဥပဒေများ ရှိခြင်းသည် အလွန် အရေးပါပါသည်။
၃။ ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) အား အသင်းချုပ်မှ လေ့လာရာတွင် လုပ်ငန်းများ လည်ပတ်လုပ်ကိုင် နိုင်ရန်အတွက် လိုက်နာရမည့် ခက်ခဲသော ထိန်းချုပ်ချက်၊ တောင်းဆိုချက်၊ ကန့်သတ်ချက်၊ တားမြစ်ချက်များ များစွာပါဝင်နေသည်ကို တွေ့ရှိ ရပါသည်။ ဆိုင်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း)သည် မရှိမဖြစ်ဥပဒေ ဖြစ်သော်လည်း မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ် စီးပွားရေးသို့ ကူးပြောင်းဆဲ ကာလဖြစ်သည့် အလျောက် လုပ်ငန်းများအား ထောက်ပံ့ကူညီသည့် အပြုသဘော ဆောင်သော ဥပဒေမျိုး ဖြစ်သင့်ပြီး လိုက်နာရန် ခက်ခဲသည့် အချက်များ များစွာရှိနေပါက တိုးတက်မှု အရှိန်အဟုန်အား ဟန့်တားမှု၊ ရပ်တန့်မှုများ ဖြစ်စေနိုင်ပါသည်။
၄။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးကို အဓိက မောင်းနှင်မည့် သူများသည် လူငယ်များဖြစ်ပြီး ၎င်းတို့သည် တိုင်းပြည်၏ အနာဂါတ်ဖြစ်ပါသည်။ ဆန်းသစ်တီထွင်မှုအား လွတ်လပ်စွာ လုပ်ဆောင် နိုင်အောင် အားပေးရန် အထူးလိုအပ်ပါသည်။ လိုက်နာရန် ခက်ခဲသည့် အချက်များ များစွာရှိနေပါက လူငယ်များ၏ ဆန်းသစ်တီထွင်မှုအတွက် ကြီးမားသော အဟန့်အတားများ ဖြစ်ပေါ်နိုင်ပြီး တိုင်းပြည်၏ အနာဂါတ် ဖွံ့ဖြိုးတိုးတက်မှုအား ကန့်သတ်လိုက်သကဲ့သို့ ဖြစ်နေပါသည်။
၅။ ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) တွင်ပါဝင်သော လိုအပ်ချက်နှင့် တောင်းဆိုချက်များသည် လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်စေပါသည်။ ၎င်းတို့သည် နိုင်ငံများစွာတွင် လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့၏ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးများအရ လိုက်နာရမည့် စည်းကမ်းများ ရှိပါသည်။ ထို့ကြောင့် ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း)သည် လက်တွေ့ လိုက်နာရန် အလွန်ခက်ခဲပါက လက်ရှိနှင့် ထပ်မံဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံများအတွက် အဟန့်အတားဖြစ်နိုင်ပါသည်။
၆။ လက်ရှိ ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) တွင်ပါရှိသည့် လိုက်နာရမည့် အကြောင်း အချက်များသည် လုပ်ငန်းများ လက်တွေ့လိုက်နာ အကောင်အထည်ဖော်ရာတွင် အခက်အခဲ များစွာ ဖြစ်စေနိုင်ပါသည်။ ယင်းဥပဒေ (မူကြမ်း) သည် အများနှင့် သက်ဆိုင်ပြီး ကျယ်ပြန့်သော ဥပဒေဖြစ်သည့်အတွက် ကဏ္ဍပေါင်းစုံမှ ပါဝင်ဆွေးနွေးမှုများကို အချိန်ယူ၍ ရလာဒ်များကို ထည့်သွင်း စဉ်းစားပြီးမှသာ ပြဌာန်းလုပ်ဆောင်သင့်ပါသည်။ ထို့အပြင် ပြည်တွင်းဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများအား အဟန့်အတား ဖြစ်စေနိုင်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် စိန်ခေါ်မှုများ ရှိနိုင်ခြင်း စသည်တို့ ကြောင့် ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း)အား ဥပဒေအဖြစ် စောလျင်စွာ ပြဌာန်းမည့် အစီအစဉ်အား ကန့်ကွက်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.