ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှု မြင့်မားလာခြင်းအပေါ် အရေးတကြီး စောင့်ကြည့်လေ့လာမှုနှင့် ကြားဝင်ညှိနှိုင်းဖြန့်ဖြေမှုများ လုပ်ဆောင်ရန် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၇၇ ဖွဲ့မှ တောင်းဆိုခြင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှု မြင့်မားလာခြင်းအပေါ် အရေးတကြီး စောင့်ကြည့်လေ့လာမှုနှင့် ကြားဝင်ညှိနှိုင်းဖြန့်ဖြေမှုများ လုပ်ဆောင်ရန် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၇၇ ဖွဲ့မှ တောင်းဆိုခြင်း

[၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့] ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံမြေပြင်တွင် အလျင်အမြန် ဖြစ်ပေါ်ပြောင်းလဲနေသည့်အခြေအနေကို စောင့်ကြည့်လေ့လာရန် နှင့် သက်ဆိုင်သူများအကြား ကြားဝင်ဖြန့်ဖြေမှုများ လုပ်ဆောင်ပေးရန်အတွက်  မြန်မာနိုင်ငံသို့ အားကောင်းသောစောင့်ကြည့်လေ့လာမှုနှင့် ကြားဝင်ညှိနှိုင်းဖြန့်ဖြေပေးရေး ကိုယ်စားလှယ်အဖွဲ့ အရေးတကြီးစေလွှတ်ပေးရန် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း (၁၇၇) ဖွဲ့တို့မှ ပူးတွဲတိုက်တွန်း တောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ တရားမဝင် အာဏာသိမ်းခြင်းဖြင့် နိုင်ငံ၏အာဏာကို လုယူခဲ့မှုကြောင့် နိုင်ငံအနှံ့ ငြိမ်းချမ်းသော ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်စေပြီး ထိုဆန္ဒပြပွဲများသည် အရှိန်အဟုန် မြင့်တက်နေလျက်ရှိကာ အချိန်ကာလအားဖြင့် နှစ်ပတ်အတွင်း ရောက်ရှိနေပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့သော မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း (၁၇၇) ဖွဲ့တို့၏ ပူးတွဲအိတ်ဖွင့်ပေးစာတွင် “လုံခြုံရေးကောင်စီ၏ အရေးပေါ်လုပ်ဆောင်မှု ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရှိ ပြည်သူများ အတွက်သာမက ဒေသအတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါ အလွန်အရေးကြီးသည်။” ဟု ထည့်သွင်းဖော်ပြထားသည်။ 

“ငြိမ်းချမ်းစွာဆန္ဒပြသူများရဲ့ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာများတဲ့ တစ်ချိန်တည်းမှာပဲ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အလွှာပေါင်းစုံက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေ အတူတကွစုစည်းပြီး စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပစ်ဖို့ နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး တောင်းဆိုမှုက ရှားပါးတောင်းဆိုမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်စေတယ်။” ဟု ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။ “အဲ့ဒါကြောင့် ဒီလိုအချိန်မှာ စောင့်ကြည့်လေ့လာမှုနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နိုင်ဖို့အတွက် တောင်းဆိုချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကူညီဆောင်ရွက်ပေးရမယ့်အချိန်ဖြစ်တယ်။” ဟု ၎င်းက ဆက်ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များသည် ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် တန်ပြန်တုံ့ပြန်ရာတွင် အကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လာနေသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့များက ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူအုပ်များအတွင်းသို့ ရာဘာကျည်ဆံများဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး တခြားပြည်သူလေးဦးမှာလည်း ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်တွင်လည်း အမျိုးသမီးငယ်တစ်ဦး ကျည်ဆံအစစ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်ဟု လွတ်လပ်သောအာရှအသံ၏သတင်းအရ သိရှိရသည်။ ယင်းအကြမ်းဖက်မှု ဖြစ်ရပ်များ ဖြစ်ပေါ်သည့်တစ်ချိန်တည်းတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို မတရားဖမ်းဆီးချုပ်နှောင်ရန် ညဘက်အချိန်မတော် ဝင်ရောက်စီးနင်းမှုများကို စစ်အာဏာရှင်မှ တိုးမြင့်လုပ်ဆောင်လာနေသော်လည်း ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် အရှိန်မြင့်တက်လာလျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းအရ ဖေဖော်ဝါရီလ ၁၀ ရက်အထိ အာဏာသိမ်းမှုနှင့်ဆက်စပ်၍ လူဦးရေ (၂၂၀) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု သိရှိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်အကုန် ဖမ်းဆီးထိန်းသိမ်းခံရသူ ဦးရေ (၃၈၄) ဦးသို့ မြင့်တက်သွားခဲ့ပြီး သုံးရက်တာအတွင်း လူဦးရေ ၁၆၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်ဖြစ်တဲ့ သူတို့ရဲ့ မူလအခွင့်အရေးကို ကျင့်သုံးနေတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အဲ့လိုအကြမ်းဖက်တာတွေ ပြီးတော့ ပြည်သူ့ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို ညညဘက်ဝင်စီးတာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးတာတွေကို ဒီအတိုင်းလွှတ်ထားလို့ မရဘူး။” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ပြောသည်။ “စစ်တပ်ရဲ့ အော့နှလုံးနာစရာ လုပ်ရပ်တွေကို ကမ္ဘာက ဆက်လက်စောင့်ကြည့် နေချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီတရားမဝင်အစိုးရအပေါ် အရေးတကြီးနဲ့ အဆုံးအဖြတ်ပေးတဲ့ အရေးယူမှု လုပ်ဖို့လိုမယ်၊ သူတို့တွေကို တာဝန်ယူ တာဝန်ခံခိုင်းရမယ်။” ဟု ၎င်းက ဆက်ပြောသည်။

၎င်းဝင်ရောက်စီးနင်းမှုများသည် ငြိမ်းချမ်းစွာဆန္ဒပြမှုနှင့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ရဲရဲဝံ့ဝံ့ ပါဝင်ပူးပေါင်းခဲ့သော အစိုးရဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားသူများအပေါ် ပစ်မှတ်ထား လုပ်ဆောင်နေခြင်းဖြစ်သည်။ ရပ်ကွက်များတွင် ပြည်သူလူထုများသည် အိုးများ၊ ခွက်များကို တီး၍ အိမ်နီးချင်းများအား တပ်လှန့်ကာ ညအချိန်တွင် ဝင်လာသော ရဲများကို မောင်းထုတ်နေကြပြီး ဥပဒေမဲ့ ဖမ်းဆီးခြင်း မခံရစေရေး အချင်းချင်း ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ညကင်းများ ချထားကြသည်။

“ငြိမ်းချမ်းစွာဆန္ဒပြသူတွေ ခံနေရတဲ့ အကြမ်းဖက်မှုတွေနဲ့ အရမ်းကာရော ဖမ်းဆီးမှုတွေဟာ ပြည်တွင်းစစ်နဲ့ မြန်မာစစ်တပ်က စနစ်တကျ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကို ဆယ်စုနှစ်များစွာချီပြီး ကြုံတွေ့ခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေအတွက်က အသစ်အဆန်း မဟုတ်တော့ဘူး။” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ နော်ထူးထူးကပြောသည်။ “စစ်တပ်က သူတို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအကြား ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတာနဲ့အမျှ ကြိတ်မနိုင် ခဲမရ ဖြစ်လာပြီး ပိုအကြမ်းဖက်လာလိမ့်မယ်။ ဒါပေမယ့် ကျမတို့ကတော့ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် ပင်မတောင်းဆိုချက်တွေကနေ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။” ဟု ၎င်းက ဆက်ပြောသည်။

ပူးတွဲအိတ်ဖွင့်ပေးစာတွင် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်တစ်ခုအဖြစ် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် တိုင်းရင်းသားလူထုအသိုင်းအဝိုင်းများသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပိုမို ကန့်သတ်ခံထားရမည့်အလားအလာ များလာနိုင်ခြင်းကိုလည်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။ 

“ဒီအာဏာသိမ်းပွဲက ဆယ်စုနှစ်တွေနဲ့ချီတဲ့ ပြည်တွင်းစစ်နဲ့ အာဏာမသိမ်းခင်ကတည်းက မြန်မာစစ်တပ်က ကျူးလွန်နေဆဲဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဘေးဖယ်ခံထားရတဲ့ အခွင့်အရေးမဲ့ ပြည်သူတွေအပေါ် အနက်ရှိုင်းဆုံး ရိုက်ခတ်လိမ့်မယ်။” ဟု ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံမှ မွန်းနေလီက ပြောသည်။ “လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေက စစ်တပ်ကို မဟုတ်ဘဲ စစ်ဒဏ်သင့် တိုင်းရင်းသားလူထုအသိုင်းအဝိုင်းတွေအတွက် အကျိုးဖြစ်တာမျိုး ဖြစ်အောင် သေချာ ဂရုတစိုက် စောင့်ကြည့်လေ့လာဖို့ လိုမယ်။” ဟု ၎င်းက ဆက်ပြောသည်။

ပူးတွဲအိတ်ဖွင့်ပေးစာတွင် လုံခြုံရေးကောင်စီအနေဖြင့် “မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရက်စီပြည်ထောင်စု ထူထောင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ လူမျိုးစု တန်းတူရေးနှင့် ပြည်သူအားလုံး၏ အခွင့်အရေးများ ကာကွယ်ပေးရေး၊ နှင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများ အကောင်အထည်ဖော်နိုင်ရန်အတွက် လမ်းပြမြေပုံ ပေါ်ပေါက်ရေး ကူညီပံ့ပိုးပေးရန်” အတွက်လည်း တိုက်တွန်းတောင်းဆိုထားသည်။

ပိုမိုသိရှိလိုပါကဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org၊ +1 571 992 8395
  • နိုင်အဲမွန်၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ auemon@gmail.com၊ +1 859 405 0618
  • နော်ထူးထူး၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ khrg@khrg.org၊ +1 906 364 8358
  • မွန်းနေလီ၊ ကချင်အမျိုးသမီးများအစည်းအရုံး – ထိုင်းနိုင်ငံ၊ kwat.office@gmaill.com၊ +1 276 779 4705

အယ်ဒီတာ့မှတ်ချက် 

မြန်မာနိုင်ငံ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာကို ဤနေရာတွင် ကြည့်နိုင်ပါသည်။ 


PDF ဖြင့်ရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia