12 February 2021
177 Myanmar Civil Society Organizations
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့
လေးစားရပါသော လုံခြုံရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ ရှင့်/ခင်ဗျား
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းရန်နှင့် ပါဝင်ပတ်သက်သူများအားလုံးအကြား ကြားဝင်ညှိုနှိုင်းဖြန့်ဖြေပေးရန် နှင့် အလျင်အမြန်ပြောင်းလဲနေသော မြေပြင်အခြေအနေတွင် ပြည်သူလူထုအား ကာကွယ်ပေးရန်အတွက် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်းအပါအဝင် အရေးပေါ်စောင့်ကြည့်လေ့လာမှုနှင့် ဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း (၁၇၇) ဖွဲ့မှ တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းအပေါ် စိုးရိမ်မှုရှိခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လွတ်ပေးရေး တောင်းဆိုချက်ပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက်ကို မိမိတို့မှ ကြိုဆိုပြီး မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအတွက် အထောက်အကူဖြစ်စေရန် နှင့် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အာမခံချက်ရှိစေရန်အတွက် ခိုင်မာသောလုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်သွားရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုလိုက်သည်။
ယခုစစ်တပ်အာဏာသိမ်းမှုကို မြန်မာပြည်သူများမှ ပြတ်ပြတ်သားသား ကန့်ကွက်ဆန့်ကျင်က်ဆန္ဒပြနေကြသည်။ မြန်မာစစ်တပ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပါသည့် နိုင်ငံရေးဩဇာအာဏာကို တစ်စုံတစ်ရာ အတိုင်းအတာအထိ ထိန်းချုပ်ရရှိထားပြီးဖြစ်သော်လည်း ယခုအခါ အာဏာရပ်အလုံးစုံကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် လမ်းပေါ်ရှိ သန်းပေါင်းများစွာသော ပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြင့် အထွေထွေသပိတ်ကြီးကို ဆင်နွှဲလျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ လူပေါင်း (၂၂၀) ဦး ထိန်းသိမ်းခံထားရပြီဖြစ်သော်လည်း အလုပ်သမားများ၊ ကျောင်းသူကျောင်းသားများ၊ လူငယ်အုပ်စုများ၊ LGBTIQ အသိုင်းအဝိုင်းများ၊ ဘာသာရေးနှင့် တိုင်းရင်းသား လူနည်းစုများ၊ နှင့် ကျန်းမာရေးလုပ်သားများ၊ ကျောင်းဆရာဆရာမများ၊ လေဆိပ်ဝန်ထမ်းများ၊ အကောက်ခွန်နှင့် ရဲအရာရှိများအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဌမှ ဝန်းထမ်းအများအပြားနှင့်အတူ အလွှာပေါင်းစုံမှ ပြည်သူလူထုများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင် ရဲရင့်စွာ ပူးပေါင်းပါဝင်နေကြသည်။ ယခုကဲ့သို့ နိုင်ငံအနှံ့ ငြိမ်းချမ်းသောလူထုလှုပ်ရှားမှုသည် အတိတ်ကာလ စစ်အုပ်ချုပ်ရေးစနစ်အောက်သို့ ပြန်မသွားလိုသည့် ပြည်သူများ၏ ပြင်းထန်သော ရပ်တည်ချက်ကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။
ပြည်သူလူထုသည် ၎င်းတို့၏ ငြိမ်းချမ်းစွာစုဝေးခွင့် အခွင့်အရေးကို ကျင့်သုံးနေသော်လည်း အကြမ်းဖက်မှု၊ နှောင့်ယှက်စော်ကားမှု၊ အကြမ်းဖက်ဖမ်းဆီးမှု နှင့် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရပြီး စိုးရိမ်ဖွယ် မြင့်မားလာသော အခြေအနေတွင် ရှိနေခြင်းကြောင့် မိမိတို့အနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်မိပါသည်။ နေပြည်တော်တွင် အမျိုးသမီးငယ်တစ်ဦးဖြစ်သော မြသွဲ့သွဲ့ခိုင်အား ချိန်ရွယ်၍ ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းထိမှန်ခဲ့သည်။ ၎င်းသည် ယခုအချိန်တွင် အလွန်စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး အသက်ကယ်အထောက်အကူဖြင့် အထူးကြပ်မတ်ကုသမှုကို ခံနေရသည်။ ရာဘာကျည်ဆံများဖြင့် အနီးကပ်ပစ်ခတ်ခြင်း၊ ရေအမြောက်များဖြင့်လည်း အနီးကပ်ထိုးပက်မှုများ လုပ်ဆောင်ခြင်းကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေသည်။
နောက်ထပ်စိုးရိမ်ဖွယ်ကောင်းသည်မှာ စစ်တပ်ထောက်ခံသော တန်ပြန်ဆန္ဒပြသူများနှင့် ငွေပေးငှားရမ်းထားသော ကြေးစားလူမိုက်ဂိုဏ်းများသည်လည်း အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်နေကြသည်။ နိုင်ငံအနှံ့ရှိ အနည်းဆုံး မြို့နယ် ၈၉ မြို့နယ်တွင် ညမထွက်ရအမိန့်ကို ကြေညာထားပြီး လူငါးဦးထက် ပိုပြီး မစုရန်လည်း ကန့်သတ်ထားသည်။ ထို့အပြင် တရားမဝင်အာဏာသိမ်းထားသော စစ်တပ်အား အကြောင်းအရာအချက်အလက်များ ပိတ်ပင်နိုင်ရန်နှင့် သတင်းအချက်အလက်များ ကြားဖြတ်ရယူမှုကို ခွင့်ပြုထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်တပ်က အဆိုပြုထားပြီး ယင်းက အင်တာနက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီများအပေါ် ကန့်သတ်မှုအသစ်များ ချမှတ်ရန်လည်း ခွင့်ပြုထားသည်။ ၎င်းဥပဒေသစ်အောက်တွင် အရေးယူခံရသူများသည် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ အမေရိကန် ဒေါ်လာ ၇,၅၀၀ နှင့် ညီမျှသောငွေဒဏ် သိန်းတစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်မည် ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုနှင့် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ခံစားခဲ့ကြရသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများသည်လည်း မြို့များ၊ ရွာများ နှင့် မြန်မာစစ်တပ်၏ တပ်စခန်းရှေ့များတွင် မကြောက်မရွံ့ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး အခြေခံကျသော နိုင်ငံရေးပြောင်းလဲမှုများကို တောင်းဆိုကြသည်။ ယခု စစ်တပ်အာဏာသိမ်းမှုကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် နောက်ထပ်ကန့်သတ်မှုများ ပိုမိုဖြစ်လာနိုင်ခြေ ရှိသည့်အတွက် ပဋိပက္ခသက်ရောက်မှုဒဏ်ခံရသည့် နေရပ်စွန့်ခွာထွက်ပြေး တိမ်ရှောင်ရသူ တိုင်းရင်းသားပြည်သူများအတွက် ယင်းတောင်းဆိုမှုများသည် အလွန်ပင် အရေးကြီးပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး အတူတကွစုစည်းပြီး စစ်တပ်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပစ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီကို တည်ထောင်ရန် ယခုကဲ့သို့သော ရှားပါးတောင်းဆိုချက်သည် မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် ကြီးမားသော မျှော်လင့်ချက်ကို ဖြစ်ပေါ်စေသည်။
သို့ရာတွင် ငြိမ်းချမ်းစွာဖြင့် လုပ်ဆောင်နေလျက်ရှိသော လူထုဆန္ဒပြပွဲများကို မြန်မာစစ်တပ်မှ အကြမ်းဖက်ဖြိုခွဲခြင်းဖြင့် အမြဲတစေ ဖြေရှင်းခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်များသည် ရိုဟင်ဂျာများနှင့် အခြားသော တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်နေခဲ့သည့် ဆိုးရွားလှသော နိုင်ငံတကာရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန်ခဲ့သော သူများလည်းဖြစ်သည်။ ၎င်းစစ်ခေါင်းဆောင်များသည် မြန်မာပြည်သူများ၏ အခြေခံကျသော အခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေပြီး ပြည်သူလူထုအပေါ် နောက်ထပ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကို လုံခြုံရေးကောင်စီအနေဖြင့် လက်ပိုက်ကြည့် မနေသင့်ပေ။ ယခုလက်ရှိအခြေအနေသည် ရှေ့မတိုး နောက်မဆုတ်နိုင်သည့်အခြေအနေဖြစ်နေပြီး လူထုလှုပ်ရှားမှုများကို မြန်မာစစ်တပ်မှ ဥပဒေနှင့်မညီဘဲ အလွန်အကျွံအင်အားသုံး အကြမ်းဖက်ဖြိုခွဲမှုဖြင့် အဆုံးသတ်မည်ကို မိမိတို့မှ စိုးရိမ်ပူပန်သည်။ တစ်ချိန်တည်းတွင် မိမိတို့၏သမိုင်းကို အလှည့်အပြောင်းဖြစ်စေမည့် အခြေခံကျသော ဆုံမှတ်တစ်ခုတွင် ပြည်သူများအနေဖြင့် လက်လျှော့အရှုံးပေးရန် အဆင်သင့်မဖြစ်ကြချေ။ ထို့ကြောင့် လုံခြုံရေးကောင်စီ၏ ပြတ်သားသော အရေးပေါ်လုပ်ဆောင်မှု ဆုံးဖြတ်ချက်သည် မြန်မာပြည်သူများအတွက်သာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း အလွန်ပင်အရေးကြီးပါသည်။
မိမိတို့မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အောက်ပါအချက်များ လုပ်ဆောင်ပေးရန် အရေးတကြီး တောင်းဆိုလိုက်သည်။
ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်အာဏာရှင်မှ အောက်ပါအချက်များ လုပ်ဆောင်ရေး တိုက်တွန်းရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
မိမိတို့၏ တောင်းဆိုချက်များကို အတတ်နိုင်ဆုံး ထည့်သွင်းစဥ်းစားပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။
လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ
အိတ်ဖွင့်ပေးစာကို PDF ဖိုင်ဖြင့် ရယူရန်
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.