10 February 2021
၁။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို တရားနည်းလမ်းမကျဘဲ သိမ်းယူခဲ့သည့် အာဏာသိမ်း စစ်ကောင်စီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းထားရုံမျှမက၊ ယမန်နေ့ညမှ စတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများကိုပါ ဖမ်းဆီး ထိန်းသိမ်းလျက်ရှိကြောင်း ကြားသိရသဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယင်း လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ပါသည်။
၂။ မဲဆန္ဒရှင်စာရင်းများ မှားယွင်းသည့်အတွက် နိုင်ငံတော်အာဏာကို သိမ်းယူရသည်ဟူသော စစ်ကောင်စီ၏ အကြောင်းပြချက်မှာ လက်ခံနိုင်ဖွယ်ရာ မရှိပါ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ်၏ ပြဋ္ဌာန်းချက်များအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို ဆောင်ရွက်လျက်ရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းသည် စစ်ခေါင်းဆောင်အချို့က အင်အားအခြေပြု နိုင်ငံရေးကို ဖော်ဆောင်ခြင်း ဖြစ်သည်။
၃။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း မဲမသမာမှု သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ရှိသည်ဟူသော အချက်ကို သက်သေအထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ မဲသမာမှုများ ဖြစ်နိုင်ချေရှိသည်ဟု စွပ်စွဲနေခြင်းမှာ ကြောင်းကျိုးဆီလျော်မှု မရှိပါ။ မဲဆန္ဒရှင်စာရင်း မှားယွင်းခြင်းနှင့် မဲမသမာမှု တို့သည်လည်း ထပ်တူညီခြင်း မရှိပါ။ ပြည်တွင်း ပြည်ပမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၏ အကဲဖြတ်ချက်များအရ လည်းကောင်း၊ နိုင်ငံရေးပါတီများ၏ မဲရုံကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများ၏ အတည်ပြုချက်များအရ လည်းကောင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်သည်ဟု အသိအမှတ်ပြုပြီး ဖြစ်သည်။
၄။ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းဆိုသည်မှာ မဲဆန္ဒရှင်ပြည်သူတစ်ချင်းစီတိုင်း ဆောင်ရွက်နိုင်သော ဥပဒေပါ အခွင့်အရေး ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ မဲဆန္ဒရှင်စာရင်း စစ်ဆေးခြင်း ကို ရွေးကောက်ပွဲ မတိုင်မီကာလတွင်သာ လုပ်ဆောင်နိုင်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးတို့က ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုင် အများပြည်သူများ စစ်ဆေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ပေးခဲ့သည်။ သို့သော် တပ်မတော် အနေဖြင့် ရွေးကောက်ပွဲ ပြီးမြောက်သည့် အချိန်တွင်မှ မဲဆန္ဒရှင်စာရင်းများကို စစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းများ မှားယွင်းသည်ဟု ဖော်ထုတ်ပြောဆိုခြင်း တို့ ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါ မဲဆန္ဒရှင်စာရင်းကိစ္စ ကို အကြောင်းပြ၍ နိုင်ငံတော် အာဏာသိမ်း ယူခဲ့သည်ကို အများပြည်သူတို့ သိရှိပြီး ဖြစ်သည်။
၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပါ ပုဒ်မ ၄၀၂ (က)၊ (ခ)၊ (ဂ) တို့တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ အမိန့်များ နှင့် စပ်လျဉ်းသည့် အယူခံအမှုများ နှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်များ နှင့် ဆောင်ရွက်ချက် များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အား စွပ်စွဲပြစ်တင်လိုလျှင် နိုင်ငံတော်သမ္မတကသာ ဆောင်ရွက်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၀ (က)၊ (ခ) တို့တွင်လည်း ပြဋ္ဌာန်းထားသည်။ ယင်းကဲ့သို့ ပြဋ္ဌာန်းချက်များ ရှိနေသည့်တိုင် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဖျက်သိမ်း၍ ကော်မရှင်မှ တာဝန်ရှိသူများကို ဖမ်းဆီး ထိန်းသိမ်း နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား အတိအလင်း ထပ်မံချိုးဖောက်နေခြင်း ဖြစ်သည်။
၆။ အာဏာသိမ်းစစ်ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ကာ ၎င်းတို့၏ တရားမဝင် အာဏာသိမ်းမှုအတွက် နိုင်ငံရေးအကြောင်းပြချက် ရှာသည့်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းနေခြင်းကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.