မြန်မာလူထုကို မဟုတ်ပဲ မြန်မာ စစ်တပ်ကို အရေးယူ ပိတ်ဆို့ကြ

05 February 2021

မြန်မာလူထုကို မဟုတ်ပဲ မြန်မာ စစ်တပ်ကို အရေးယူ ပိတ်ဆို့ကြ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်

Justice For Myanmar နှင့် Burma Campaign UK တို့သည် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အကြံပြုချက်များနှင့် အညီ မြန်မာစစ်တပ်၏ အကျိုးစီးပွားကို ဆန့်ကျင်သည့် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုများကို တောင်းဆိုလျက် ရှိသည်။

မိမိတို့သည် သာမန် ပြည်သူများကို ထိခိုက်စေနိုင်သည့် ကျယ်ပြန့်ပြီး ပစ်မှတ်မထားသော အရေးယူ ပိတ်ဆို့မှုများကို ဆန့်ကျင်သည်။ မိမိတို့သည် စစ်တပ်ထက် သာမာန် ပြည်သူများကို ထိခိုက်စေနိုင်သည့် ကုန်သွယ်မှု အခွင့်ထူးများနှင့် ဦးစားပေးမှုများ ရုတ်သိမ်းခြင်းကို ဆန့်ကျင်သည်။ ထိုသို့ အဆိုပြုသည့် အရေးယူပိတ်ဆို့မှုများကို တက်ကြွစွာ ဆန့်ကျင်လှုပ်ရှားသွားမည်။

စစ်တပ်ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်း နှင့် အခြား စီးပွားရေး လုပ်ဆောင်မှုများ လုပ်ဆောင်ရာတွင် နိုင်ငံတကာ ကုမ္ပဏီများ၏ သိသာထင်ရှားသော အခန်းကဏ္ဌကြောင့် ထို ကုမ္ပဏီများကို နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူမှု လုပ်ခြင်းသည် စစ်တပ်နှင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအတွက် ၎င်းတို့က လုပ်ဆောင်ပေးသော အမြတ်အစွန်းများကို ထိခိုက်မှု ရှိစေမည်ဖြစ်သည်။

စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများအပေါ် ပစ်မှတ်ထားအရေးယူမှုများသည် ယင်းတို့ချည်းအားဖြင့် စစ်တပ်၏ အမူအကျင့်များကို ပြောင်းလဲစေနိုင်မည် မဟုတ်သည်ကို မိမိတို့ အပြည့်အဝ သတိချပ်သည်။ ယင်းမှာ နည်းဗျူဟာသာဖြစ်ပြီး အဖြေမဟုတ်ပါ။

မိမိတို့သည် မြန်မာ စစ်တပ်အပေါ် ပိတ်ဆို့မှုများကို စစ်တပ်ပိုင် နှင့် စစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေး လုပ်ငန်းများနှင့် ၎င်းတို့၏ လက်ဝေခံ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူခြင်းမှစတင်၍ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် တောင်းဆိုသည်။ မိမိတို့သည် သံတမန်ရေးဖိအားပေးခြင်း၊ နိုင်ငံတကာ ဥပဒေကြောင်းဆိုင်ရာ ဖိအားပေးခြင်း၊ နှင့် ကမ္ဘာတဝှမ်း လက်နက် ပိတ်ဆို့ခြင်း အပါအဝင် အခြားသော လုပ်ဆောင်မှုများကိုလည်း တောင်းဆိုသည်။

မိမိတို့သည် ၎င်းတို့၏ ဩဇာအာဏာနှင့် ရာထူးတာဝန်များကို အလွဲသုံးလျက် ကိုယ်ပိုင် စီးပွားရေး အင်ပါယာများကို တည်ထောင်နေသော စစ်တပ် ခေါင်းဆောင်များနှင့် သူတို့၏ မိသားစုဝင်များအား ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုများကို ထောက်ခံသည်။ တချိန်တည်းမှာပင် ထိုသို့သော မည်သည့် အရေးယူပိတ်ဆို့မှုမျိုးမဆိုသည် စစ်တပ်ပိုင်နှင့် စစ်တပ်ထိန်းချုပ်ထားသော ကုမ္ပဏီများနှင့် သူတို့၏ လက်ဝေခံ စီးပွားရေး လုပ်ငန်းများ အပေါ် ပိတ်ဆို့အရေးယူခြင်းအပေါ် အားဖြည့်ခြင်း ဖြစ်စေရမည်။ နိုင်ငံတကာမှ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းကို မဟုတ်ပဲ စစ်တပ်အား အဖွဲ့အစည်းအနေဖြင့် သက်ရောက်မှု ရှိရန် အလွန်အရေးကြီးသည်။ ယင်းသည်သာ မြန်မာနိုင်ငံကို ဒီမိုကရေစီသို့ ရှေးရှုစေရန် အထောက်အကူဖြစ်စေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံအများအပြား လုပ်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံသို့ ပေးနေသော နိုင်ငံတကာ ထောက်ပံ့ကူညီမှုများအပေါ် ပြန်လည် သုံးသပ်ခြင်းများ အား မိမိတို့မှ ကြိုဆိုသည်။ နိုင်ငံတကာ ထောက်ပံ့ကူညီမှုများသည် စစ်တပ်အတွက် အကျိုးအမြတ်ဆက်လက် မဖြစ်နေစေရန် အလွန်အရေးကြီးသည်။ စစ်အုပ်စုသို့ သွားနေသော သို့မဟုတ် စစ်အုပ်စုမှ တဆင့်စီးဆင်းနေသော သို့မဟုတ် စစ်အုပ်စုကို အကျိုးအမြတ်ဖြစ်ထွန်းစေသော နိုင်ငံတကာ အကူအညီများကို ပြန်လည်သုံးသပ်ခြင်းအပြင် အလှူရှင်များအားလုံးသည် သူတို့၏ အကူအညီများရရှိနေသော အဖွဲ့အစည်းများသည် စစ်တပ် ကုမ္ပဏီများမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ် ငွေကြေးသုံးစွဲခြင်း မပြုစေသည့် မူဝါဒကို အစပျိုးချမှတ် ကျင့်သုံး သင့်ပါသည်။ မြန်မာနိုင်ငံရှိ သံရုံးများနှင့် ကုလသမဂ္ဂ အေဂျင်စီများကလည်း အလားတူ ကျင့်သုံးသင့်သည်။

မြန်မာနိုင်ငံအား ပေးနေသော အကူအညီများကို လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများ၊ အထူးသဖြင့် စစ်တပ်၏ တိုက်ခိုက်မှုများနောက်တွင် အရာရာဆုံးရှုံးခဲ့ရသည့် တိုင်းရင်းသား ဒေသများမှ သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများနှင့် ဒုက္ခသည်များအတွက် ဆက်လက်ပေးသွားရန် အလှူရှင်များအား မိမိတို့ တောင်းဆိုသည်။ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း၊ ကာကွယ်ခြင်းနှင့် စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည့် အရပ်ဖက်အဖွဲ့အစည်းများအတွက် ထောက်ပံ့မှုများကို ပိုမိုတိုးမြှင့်သင့်သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုများကိုလည်း အစဉ်အမြဲ ထည့်သွင်းစဉ်းစားရမည်။ အလှူရှင်များသည် မြန်မာ/ဗမာမှုပြုခြင်း ပိုမိုဖြစ်ပွားခြင်း မရှိစေရန် သတိပြုရန် လိုအပ်သည်။ မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ခုခုကမျှ မြန်မာပြည်သူများကို ကိုယ်စားပြု၍ ပြောဆိုနိုင်ခြင်းမရှိပါ။ အလှူရှင်များသည် အကူအညီထောက်ပံ့မှု ပေးရာတွင် နယ်စပ်ဖြတ်ကျော် ယန္တယားများ အပါအဝင် အမျိုးမျိုးသော ယန္တယားများကို အသုံးပြုရန် လမ်းဖွင့် ထားရမည်။

မိမိတို့က နိုင်ငံတကာ အသိုင်းအဝိုင်းကို အရေးယူဆောင်ရွက်ရန် တောင်းဆိုသည့်အခါတွင် ယင်းသည် စစ်တပ်၏ ဖိနှိပ်မှုနှင့် နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရသူများ၊ စစ်တပ်ထိန်းချုပ်မှုကို ဆန့်ကျင်နေသူများ၊ နှင့် လူ့အခွင့်အရေး ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် သူတို့၏ အသက်နှင့် ဘဝများကို စွန့်လွှတ်ထားသော မြန်မာနိုင်ငံမှ ပြည်သူများကို ပံ့ပိုးကူညီမှုအဖြစ် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤလှုပ်ရှားမှုသည် မြန်မာပြည်သူများက ဦးဆောင်သည်။ သို့ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အထူးသဖြင့် မြန်မာ စစ်တပ်ကို အကျိုးအမြတ်ရစေသော နှင့် ၎င်းတို့ ပြစ်မှု ကျူးလွန်မှုများကို အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ကို အထောက်အကူဖြစ်စေသော နိုင်ငံတကာ လုပ်ငန်းစဉ်များနှင့် ပတ်သက်ထိတွေ့မှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပံ့ပိုးကူညီမှုများမပါပဲ မြန်မာပြည်သူများသက်သက်ဖြင့်သာ ဖော်ဆောင်နိုင်မည်မဟုတ်ပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် လမ်းကြောင်းပြောင်းစေရန် လုပ်ဆောင်ရာတွင်နှင့် နိုင်ငံတကာ ဥပဒေများနှင့် စံချိန်စံညွှန်းများကို လိုက်နာစေရန် လုပ်ဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြုလုပ်သော ဖိအားပေးမှုနှင့် မြန်မာပြည်သူများ၏ စစ်တပ်အပေါ် တွန်းလှန်ခုခံမှုများကို ဟန်ချက်ညီညီ ထုတ်ဖော်လုပ်ဆောင်ရန် လိုအပ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့မှုများနှင့် အခြားသော အရေးယူဆောင်ရွက်မှုများ၏ သက်ရောက်မှုကို သိသာထင်ရှားစွာ မြင်တွေ့လာရန် အချိန်ကြာမြှင့်နိုင်သည်ကို အသိအမှတ်ပြုထားရန်လည်း အရေးကြီးသည်။ ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ပြီး နောက်တစ်နေ့တွင် စစ်တပ်က ချက်ချင်း လမ်းကြောင်းပြောင်းသွားမည်ဟု မည်သူကမျှ မျှော်လင့်မထားနိုင်ပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်ရမည်ဆိုသည့် ဥပဒေသအပေါ်တွင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဖြစ်နိုင်ချေ စွမ်းအား အားလုံးကို အသုံးပြုကြရမည်။ ပြည်သူများမှာ ထပ်မံ၍ ဖိနှိပ် ညှင်းပမ်းခံနေရပြီး စစ်တပ်၏ အဆုံးစွန် အကြမ်းဖက်မှုများအောက်တွင် နေထိုင်နေရသည့် ယခုလိုအချိန်တွင် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကမျှ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို မြှင့်တင်ရန် ကူညီပေးရန် တတ်နိုင်သမျှ လုပ်ဆောင်ပေးနေပါသည်ဟု ပြောဆိုခြင်း မပြုနိုင်ပါ။

စစ်တပ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြစ်နိုင်သမျှ အမြင့်ဆုံး ဖိအားကို ပေးလာစေရန် နှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ပံ့ပိုးရန် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရန် Justice For Myanmar နှင့် Burma Campaign UK တို့သည် ကမ္ဘာတစ်လွှားရှိ မိမိတို့၏ မိတ်ဆွေများနှင့်အတူလက်တွဲလျက် မိမိတို့ လုပ်ဆောင်နိုင်သမျှ အားလုံးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။


Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia