တိုင်းရင်းသားလယ်သမားများမှ ရွေးကောက်ထားသောအစိုးရအသစ်အား အမျိုးသားမြေဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ရပ်ဆိုင်းထားရန် တိုက်တွန်းခြင်း

တိုင်းရင်းသားလယ်သမားများမှ ရွေးကောက်ထားသောအစိုးရအသစ်အား အမျိုးသားမြေဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ရပ်ဆိုင်းထားရန် တိုက်တွန်းခြင်း

ဖယ်ထရယ်တိုင်းရင်းသားလယ်သမားကွန်ယက် နှင့် တိုင်းရင်းသား လူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် (မြန်မာနိုင်ငံ)ထုတ်ပြန်ကြေငြာချက်

ရက်စွဲ (၂၇ ဇန်နဝါရီလ ၂၀၂၁)

လက်ရှိ ပြင်ဆင်ရေးဆွဲနေသော မြေဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေယူနစ်အတွင်းဖြစ်နေသည့် အပြင် ဗဟိုချုပ်ကိုင်မှုကိုအစပြုနေသောကြောင့် မြန်မာနိုင်ငံတိုင်းရင်းသားများအားလုံးအတွက် သဟဇတမဖြစ် သကဲ့သို့ ဖက်ထရယ်စနစ်တည်ဆောက်ရေး နှင့် ရိုးရာဓလေ့မြေယာစီမံခန့်ခွဲခြင်းကိုလည်း လစ်လျူရှုထား သဖြင့် တိုင်းရင်းသားလယ်သမားများကွန်ယက် နှင့် တိုင်းရင်းသားလူထုဖွံ့ဖြိုးရေးအဖွဲ့များ မဟာမိတ်နှစ်ခုမှ လက်ရှိ ရွေးကောက်ထားသော အစိုးရအသစ်အား ဤအမျိုးသားမြေယာဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ် ဆိုင်းငံ့ ထားရန် တိုက်တွန်းပါသည်။

၂၀၁၅ – ၂၀၂၀ အစိုးရက အမျိုးသားမြေဥပဒေအသစ် ရေးဆွဲရေးလုပ်ငန်းအစီအစဉ်စာတမ်းအား ရွေးကောက်ပွဲ မတိုင်ခင်တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာတော်တော်များများတွင် မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ နှင့် လယ်ယာမြေဥပဒေကြောင့် လယ်လုပ်သူလယ်သမားများ၊ ပြည်သူလူထု နှင့် ရပ်ရွာလူထုအစုအဖွဲ့များ ယနေ့ထက်တိုင်မြေပြဿနာ ကြုံနေရပါသည်။ လက်ရှိ အခြေအနေတွင်လည်း ရပ်ရွာလူထုများ နေရပ်ပြောင်းရွေ့နေရဆဲဖြစ်သကဲ့သို့ မြေယာသိမ်းဆည်းခြင်း များလည်းခံနေရဆဲဖြစ်ပါသည်။ ဤမြေလွတ် မြေလပ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ နှင့် လယ်ယာမြေဥပဒေကြောင့် လယ်လုပ်သူလယ်သမားများ ထောင်ဒဏ်၊ ငွေဒဏ် စသည့်ပြစ်ဒဏ်အမျိုးမျိုးလည်းခံနေရသည်သာမက မြေလွတ်မြေလပ်မြေရိုင်းဥပဒေသက်ရောက်သည့် မြေအကျယ်အဝန်းမှာ ခန့်မှန်းခြေဧကသန်းပေါင်း (၅၀) သန်းဧက ဖြစ်ပြီး မြန်မာနိုင်ငံမြေဧကသုံးပုံတစ်ပုံခန့် ရှိနေပါသည်။ အထူးသဖြင့် တိုင်းရင်းသားပြည်နယ်တွင်းရှိ မြေဧကများ အများဆုံးဖြစ်ပါသည်။ ဤဥပဒေသည် ဒေသခံဌာနေတိုင်းရင်းသားများ၏ မြေယာကို တရားဝင် သိမ်းယူပြီး ကုမ္ပဏီလုပ်ငန်းရှင်များ၏ လုပ်ပိုင်ခွင့်ကို အားပေးနေပါသည်။

ရေးဆွဲမည့်မြေဥပဒေသစ်သည် အမျိုးသားမြေအသုံးချရေးမူဝါဒကို အခြေခံပြီးရေးဆွဲမည်ဟု ယခင်အစိုးရ၏ လုပ်ငန်းစဉ် ကြေငြာချက်တွင်ပါဝင်နေပြီး ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းတွင် အပြီးရေးဆွဲသွားရန် ရည်ရွယ်ပါသည်၊ ထိုရေးဆွဲရေး လုပ်ငန်းစဉ်တွင် အခြေပြုမှုနှင့်ရပ်တည်ချက်ရှင်းလင်းစွာဖေါ်ပြထားချက်မပါပေ။ ထို့အတူ အရပ်ဖက် လူမှုအဖွဲ့အစည်များ မည်သို့မည်ပုံ မည်သည့်အခန်းကဏ္ဍတွင် ပါဝင်ရန်ရှင်းလင်းချက်မပါရှိဘဲ အရပ်ဖက်အဖွဲ့ အစည်းများပါဝင်အကြံပြုရန်သာ တိုက်တွန်းထားပါသည်။

အမြန်အချောကိုင်ပြီးရေးဆွဲသည့် မြေလွတ်မြေလပ်မြေရိုင်းဥပဒေသည် ရင်းနှီးမြှုပ်နှံသူများအား မြေရောင်းချပေး သည့်ဥပဒေဖြစ်သွားကာ ယခင်လွတ်လပ်ရေးရပြီးစခေတ်ကာလက ရိုးရာဓလေ့မြေယာစီမံလုပ်ကိုင်လာကြသော လယ်လုပ်သူလယ်သမားများ၏ မြေယာများပင်လျင် ဤဥပဒေကြောင့်သော်လည်းကောင်း အကြာင်း အမျိုးမျိုးကြောင့် သော်လည်းကောင်း ဒုက္ခကြုံနေရပါသည်။

နိုင်ငံ၏ ဖက်ထရယ်စံနစ်ကို အထောက်အကူပြုဖြစ်စေမည့် လယ်ယာမြေ နှင့် ရိုးရာဓလေ့မြေယာ စီမံ ခန့်ခွဲရေးစနစ်အတွက် ဖက်ထရယ်မူဝါဒအကြံပြုချက်စာတမ်းများကို လွန်ခဲ့သောနှစ်များကတည်းက တိုင်းရင်းသားလယ်သမားများ နှင့် လူထုအခြေပြုအဖွဲ့များက စာတမ်းများ အသီးသီးပေးပို့ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ လယ်သမားများ၏ အခွင့်အရေးများ၊ ရွေးချယ်ပိုင်ခွင့်ဖြင့် တသီးပုဂ္ဂလမြေပိုင်သည့် တရားဝင်လက်မှတ် နှင့် ရိုးရာလူထုမြေပိုင်သည့် တရားဝင်လက်မှတ်စသည့် အသီးသီးရွေးချယ်ပိုင်မှုရှိသော အခြေခံအုတ်မြစ်မှ အထက်သို့တည်ဆောက်မှု အုပ်ချုပ်ရေးပုံသံသဏ္ဍာန်ဖြင့် ချဉ်းကပ်လုပ်ဆောင်ခြင်းသည် ပြည်နယ်နှင့် ဒေသန္တာန်သရ လူထုမြေယာပိုင်ဆိုင်မှု့ စီမံခန့်ခွဲအုပ်ချုပ်ရေးကို ပိုမိုအကျိုးဖြစ်စေပါသည်။

လူထုလယ်သမားများကို ကိုးလိုးကန့်လန့်ဒုက္ခဖြစ်စေတဲ့ ဟိုမရောက်ဒီမရောက် မြေဥပဒေအဟောင်းများ ပုံစံမကျသေးသလို နောက်ထပ်အခြားပုံစံအသစ်တမျိုး နဲ့ ဗဟိုမှဆင်းသက်တဲ့ မြေယာဥပဒေအသစ် ထပ်မံရေး ဆွဲဖို့ပူးပေါင်းကြံစည်နေတာဟာ တိုင်းရင်းသားတို့တောင်းဆိုနေတဲ့ ဖက်ထရယ်စနစ်ကို မထီမဲ့မြင်ပြုတဲ့အပြင် လူထုများရဲ့အနာထဲကိုဆားနဲ့ပွတ်ထည့်နေတယ် ဒါဟာ ပဋိပက္ခကိုလောင်စာထပ်ဖြည့်နေသလိုဖြစ်နေတယ် ဟု  ဖက်ထရယ်တိုင်းရင်းသားလယ်သမားကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်လတ် က ပြောပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း မြေယာနှင့်သဘာဝသံယံဇာတများ၊ ရိုးရာဓလေ့ထုံးတမ်း မြေယာ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်တရားဝင်အသိအမှတ်ပြုခြင်း နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့်စီမံခန့်ခွဲပိုင်ခွင့်များကို ဒေသန္တာန်သရအစိုးရ နှင့် ပြည်နယ်အစိုးရတို့အား အာဏာအပြည့်အ၀ လွဲပြောင်းပေးရန် အစိုးရနှင့် အစိုးရစစ်တပ်တို့အား အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းမှုများ အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ကျွဲပါးစောင်းတီးသကဲ့သို့ ဖြစ်နေပါသည်။
ဖက်ထရယ်စံနစ်တည်ဆောက်ဖို့ NLD နဲ့ အခြားပါတီများ၊ လူ့အဖွဲ့အစည်းများ၊ လယ်သမားများ စသည့် အဖက်ဖက်က တိုက်တွန်းပြောဆိုနေတဲ့ကာလမှာ လက်ရှိ လူထုတင်မြောက်ထားတဲ့ အစိုးရအသစ်က တိုင်းရင်းသားပြည်သူလူထုများနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အခွင့်အလမ်းဖြစ်တဲ့အပြင် တိုင်းရင်းသား ပြည်သူလူထုများရဲ့ ရိုးရာမြေယာများအပေါ် ထိခိုက်စေတဲ့ရင်းနှီးမြှူပ်နှံမှုများ ရပ်တန့်သင့်ပါပြီ။ ဗဟိုချုပ်ကိုင်တဲ့ စနစ်လည်း လျှော့ချရမယ်၊ ပြီးတော့ အဘက်ဘက်ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ် သင့်ပါတယ် ဟု ဖက်ထရယ်တိုင်းရင်းသားလယ်သမားကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်စဝေါမွန် က ပြောပါသည်။

ဆက်သွယ်ရန်

(၁) ဦးအောင်လတ် – 09895092667 – တာဝန်ခံ မာရဂျာ

(၂) နိုင်စဝေါမွန်     – 09261262116 – ညှိနှိုင်းရေးမှုး၊ မွန်ဒေသမြေမူဝါဒရေးရာကော်မတီ

(၃) မိုးသူဇာဦး       – 09456001912 – လက်ထောက်ဒါရိုက်တာ၊ ချင်းတောင်သူများကွန်ယက်

(၄) စိုင်းခေးဆိုင်    – 09268283843  –  အတွင်းရေးမှုး၊ တိုင်းရင်းသားလူမျိုးများလူထုဖွံ့ဖြိုးရေးဆုံရပ်။

ပူးတွဲထုတ်ပြန်ကြေငြာချက်စာတမ်းတွင် ပါဝင်သည့်အဖွဲ့များ

(၁) ဖက်ထရယ်တိုင်းရင်းသားလယ်သမားများကွန်ယက်
(၂) မာရာဂျာ Mungchying. Rawt Jat “MRJ”
(၃) ချင်းတောင်သူများကွန်ယက်
(၄) ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂ
(၅) ကရင်လယ်သမားများကွန်ယက်
(၆) မွန်ဒေသမြေမူဝါဒရေးရာကော်မတီ
(၇) ကျောက်ဖြူဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့
(၈) ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်
(၉) တိုင်းရင်းသားလူမျိုးများလူထုဖွံ့ဖြိုးရေးဆုံရပ်
(၁၀) ကချင်လူထုဖွံ့ဖြိုးမှုဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့
(၁၁) ကရင်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးရုံး
(၁၂) ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ
(၁၃) ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်
(၁၄) မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ
(၁၅)ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားများနှင့်လူငယ်များကွန်ကရက်
(၁၆) ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့


PDF ဖိုင်ရယူရန်

English version.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia