23 December 2020
(ထန်တလန်မြို့ – ၂၂၊ ၁၂၊ ၂၀၂၀)
ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ် ဝေါင်သူးကျေးရွာတွင် တပ်စွဲခဲ့သော ခလရ-၁၆ (မုံရွာမြို့အခြေစိုက်)မှ နေအိမ်ဆောက်လုပ်ရန်အတွက် ပျဉ်ဆွဲသူများထံ ကျပ်ငွေ(၁၃)သိန်း အတင်းအကြပ် တောင်းယူခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။
၀၆၊ ၁၁၊ ၂၀၂၀ရက်နေ့တွင် ဝေါင်သူးကျေးရွာ တပ်စခန်းတွင် တာဝန်ကျတဲ့ ဗိုလ်မှူးခင်အောင်ကျော်သည် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် နေအိမ်အတွက်ပျဉ်ဆွဲနေကြသည့် ရွာသား(၃)ဦးနှင့် ချိန်းလွှစက်သမား(၃)ဦးတို့အား တရားမဝင်သစ်ထုတ်လုပ်သည်ဟု စွက်စွဲကာ ထိုသူ(၆)ဦးထံ ကျပ်ငွေ(၁၃) သိန်း အတင်းအကြပ်တောင်းယူခဲ့ခြင်းဖြစ်ကြောင်း ထိုသူကဆက်ဆိုသည်။
“နေအိမ်ဆောက်လုပ်ရန်အတွက် ပျဉ်ဆွဲနေတဲ့ရွာသား(၃)ဦးနဲ့ ချိန်းလွှစက်သမား(၃)ဦးတွေဆီ ပထမမှာတော့ ကျပ်သိန်း(၃၀)တောင်းတယ်၊ ကျေရွာအုပ်ချုပ်ရေးမှူးက တောင်းပန်ပေးတဲ့အတွက်ကြောင့် နောက်ဆုံးကျပ်(၁၃)သိန်းနဲ့ပြေလည်မှုရခဲ့ကြတယ်၊ ငွေချေးပြီး(၁၃)သိန်းတော့ ပေးခဲ့ကြတယ်၊ အဲဒါက သူတို့တပ်ပြောင်းခါနီးလေးမှာ တောင်းယူတာဖြစ်တယ်၊ အဲဒီနောက် သိပ်မကြာတော့ဘူး သူတို့တပ်လည်း ပြောင်းသွားတယ်” ဟုအဆိုပါဒေသခံက ဆက်လက်ပြောဆိုပါသည်။
ငွေကြေးအတင်းအကြပ်တောင်းယူခြင်းခံခဲ့ရတဲ့သူတွေဟာ ချိန်းလွှစက်(Chain Saw) ပိုင်ရှင်(၃)ဦးနှင့် နေအိမ်ဆောက်မဲ့သူ(၃)ဦးဖြစ်ကြပြီး လူတစ်ဦးလျှင် ငွေကျပ်(၂၁၇၀၀၀)စီအသီးသီး ပေးဆောင်ခဲ့ကြကြောင်း ထိုသူကဆက်ဆိုသည်။
စီးပွားရေးအဖြစ်မဟုတ်သော ကျေးရွာအတွင်းအိမ်ဆောက်လုပ်ရန်အတွက် လိုအပ်သောပျဉ်သားများကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ဖြင့် ကျေးရွာပိုင်သစ်တောနယ်မြေအတွင်း သစ်ခုတ်ပြီးပျဉ်ဆွဲလေ့ ရှိကြသော်လည်း ယခုလိုစစ်တပ်က အုပ်ချုပ်ရေးမှူးရဲ့လုပ်ပိုင်ခွင့်ကိုစွက်ဖက်ပြီး ဒေသခံရွာသားတွေအပေါ် မတရားသဖြင့်ငွေတောင်းယူခြင်းသည် ဥပဒေနှင့်ကိုက်ညီမှုမရှိကြောင်း အခြားဒေသခံတစ်ဦးကလည်း မှတ်ချက်ပေးပါသည်။
“ကျနော်တို့ရွာမှာ တစ်နှစ်တခါတပ်တွေအပြောင်းအလဲလုပ်လေ့ရှိကြတယ် တခါတလေဆိုးတဲ့တပ်တွေရှိခဲ့ ကြသလို တခါတလေကောင်းတဲ့တပ်တွေလဲရှိကြတယ်၊ ယခုနောက်ပိုင်း အိမ်ဆောက်ဖို့ရန်အတွက် စစ်တပ်တွေဆီမှာဘဲ ခွင့်တောင်းဖို့ဖြစ်လာတာဟာ ဒေသခံရွာသားတွေအတွက် ဝန်ထုတ်ဝန်ပိုးတခုလိုဖြစ်နေ တယ်” ဟုသူကဆက်ဆိုသည်။
ဤကိစ္စနဲ့ပတ်သက်ပြီး ဝေါင်းသူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလာလ်နှင်းက “ဟုတ်တယ် ငွေတော့တောင်းတယ်၊ ရွာမှာအခုထိုင်တဲ့တပ်တော့မဟုတ်ဘဲ အရင်နေခဲ့တဲ့ ခလရ(၁၆) မုံရွာအခြေစိုက်တဲ့တပ်ဖြစ်တယ်၊ သူ့တို့က ကျနော်တို့ရွာမှာ တနှစ်နေတယ်၊ သူတို့ရောက်ခါစမှာ ကျနော်ဆီမှာပြောတာက ရွာသားတွေက အိမ်ဆောက်ဖို့အတွက် ပျဉ်ဆွဲတဲ့အခါမှာ အပေါ်တင်ကြီးမလုပ်ခိုင်းပါနဲ့၊ ထင်းရူးပင်တွေဟာဆိုလို့ရှိရင် တားမြစ်တဲ့အပင်မျိုးဖြစ်တဲ့အတွက် သတိရှိရနဲ့ယူဖို့လိုတယ်လို့ပြောတယ်၊ ကျနော်ကလည်း အဲဒီအတိုင်း ရွာသားတွေအာလုံးပြောဆိုခဲ့တယ်” ဟုဆိုသည်။
သူကဆက်လက်ပြီး “အခုဖြစ်တာက ချိန်းလွှပိုင်ရှင်(၃)ဦးကနေ နေအိမ်ဆောက်မဲ့ ရွာသား(၃)ဦးရဲ့ ပျဉ်ဆွဲခဲ့ကြတာတွေကို ပျဉ်သား(၁၂၀၀)ကုဗနဲ့ ချိန်းလွှတွေကို ကားလမ်းပေါ်၌ အပေါ်တင်ထားတာကို စစ်ကြောင်းထွက်နေတဲ့ စစ်တပ်ကမြင်တော့ဖမ်းသွားကြတယ်၊ ဗိုလ်မှူးကတော့ အထက်ဗျူဟာအထိ တင်မယ်ပြောတယ်၊ ဒါနဲ့ ချိန်းလွှပိုင်ရှင်နဲ့ အိမ်ဆောက်မဲ့သူတွေက ကျနော့ဆီကိုလာပြီး တောင်းပန်ခိုင်းတယ်၊ ကျနော်ကလည်းမနည်းတောင်းပန်တယ်၊ တပ်ကတော့ ပျဉ်တွေနဲ့ချိန်းလွှစက်တွေကို ပိုင်ရှင်မဲ့သိမ်းမယ်ပြောတယ်၊ ပြီးမှငွေသိန်း(၃၀)ပေးပါပြန်ပြောတယ်၊ ကျနော်ကလည်း မရမကပြေလည်ဖို့ရန်ပြောတော့ နောက်ဆုံးမှာ ကျပ်(၁၃)သိန်းနဲ့ ပြေလည်နိုင်ကြတယ်၊ ပျဉ်တွေနဲ့ ချိန်းလွှစက်တွေကိုလည်းပြန်ရကြတယ်၊ ဒီဟာကတော့ ကျနော်တို့ဖက်က ပေါ့လျော့ချက်လည်းပါတာပေါ့” ဟုဆိုသည်။
၂၀၁၀ခုနှစ် ဒီမိုကရေစီအစိုးရသစ်တက်လာသည့်နောက်ပိုင်း ထန်တလန်မြို့နယ် ဝေါင်သူးကျေးရွာတွင် ယခုလို နေအိမ်ဆောက်လုပ်ရန်အတွက် ပျဉ်ပြားဖမ်းဆီးခြင်းသည် ပထမအကြိမ်ဖြစ်ကြောင်း သတင်းရရှိပါသည်။
For media inquiries please contact:
Salai Lian, +95 (0) 9450 687 296 (English/Burmese)
Salai Terah, 09255934177 (Burmese)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.