ပေါက်ကြားလာသည့် ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျတ် အချက်အလက်များနှင့် ဝယ်ယူရေး စာရွက်စာတမ်းများကို Justice For Myanmar ထုတ်ပြန်

08 December 2020

ပေါက်ကြားလာသည့် ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျတ် အချက်အလက်များနှင့် ဝယ်ယူရေး စာရွက်စာတမ်းများကို Justice For Myanmar ထုတ်ပြန်

ဒီဇင်ဘာ ရက်၊ ၂၀၂၀၊ ရန်ကုန် – ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျတ်ဆိုင်ရာ စာရွက်စာတမ်းများမှ အချက်အလက်များကို Justice For Myanmar က ယနေ့ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈,၆၀၀,၀၀၀ (၃၈.၆သန်း) တန်ဖိုးရှိသည့် Airbus CASA C-295s လေယာဉ်နှစ်စင်းဝယ်ယူမှု၊ ယခင်က MAI လေကြောင်းလိုင်းက အသုံးပြုခဲ့သည့် A319-112 လေယာဉ်အား အမေရိကန် ဒေါ်လာ ၄.၈ သန်း ကုန်ကျခံကာ အထူးတန်း VIPစီးလေယာဉ်အဖြစ် ဝယ်ယူပြောင်းလဲမှုတို့နှင့် ပတ်သက်သည့် သက်သေခံ စာရွက်စာတမ်းများကိုလည်း Justice For Myanmar က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ C-295 လေယာဉ်ဝယ်ယူမှုအဆိုပြုလွှာတွင် Airbus အသိအမှတ်ပြုသင်တန်းနှင့် ဝယ်ယူမှုနောက်ပိုင်း ဝန်ဆောင်မှုများလည်း ပါဝင်လျက်ရှိသည်။ A319-112 လေယာဉ် ဝယ်ယူ အဆင့်မြှင့်တင် ပြောင်းလဲခြင်းအတွက် ဗြိတိန်နိုင်ငံအခြေစိုက် Swire Group ၏ ကုမ္ပဏီခွဲ HAECO Xiamen နှင့် စာချုပ် ချုပ်ဆိုထားပါသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၏ ဘတ်ဂျတ်ဆိုင်ရာစာရွက်စာတမ်းများတွင် လွှတ်တော်၏ ထိန်းကွပ်ကြီး ကြပ်နိုင်မှုမရှိသော များပြားသည့်အသုံးစရိတ်များ ရှိနေကြောင်းနှင့် Caterpillar (ယူအက်စ်အေ)၊ Alcatel-Lucent (ပြင်သစ် / ဖင်လန်)၊ Heidelberger Druckmaschinen AG (ဂျာမနီ) နှင့် FANUC (ဂျပန်) အပါအဝင် ကြီးမားသည့် စီးပွားရေးကော်ပိုရေးရှင်းများမှ ပစ္စည်းများ ၀ယ်ယူရန်အတွက် ဘဏ္ဍာငွေခွဲဝေချထားမှုများရှိကြောင်းတို့ကို ဖော်ပြနေပါသည်။ စစ်တပ်အနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းမှ ရရှိနေသည့် ဝင်ငွေအမြောက်အများအား ထုတ်ဖော်ရန် ပျက်ကွက် နေသည်ကိုလည်း အဆိုပါဘတ်ဂျတ်ဆိုင် ရာအချက်အလက်များက ဖော်ပြနေပါသည်။ ဤအချက်ကို ကြည့်လျှင် စစ်တပ်စီးပွားရေး လုပ်ငန်း များမှရရှိသည့် ဘဏ္ဍာငွေများကို အကြီးအကျယ် အလွဲသုံးစားပြုမှုများ ရှိနေပြီး မြန်မာပြည်သူများ အတွက် များစွာသော ထိခိုက်ဆုံးရှုံးမှုများ ရှိနေသည်ဆိုသည့် သက်သေအထောက်အထားများပင် ဖြစ်ပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ”ဒီနေ့ အများပြည်သူသိရှိအောင် ထုတ်ပြန်လိုက်တဲ့ သတင်းအချက်အလက်တွေက မြန်မာ့စစ်ရာဇဝတ်ဂိုဏ်းရဲ့ ဝိသမလောဘနဲ့ အကျင့်ပျက်ခြစားမှုတွေ၊ စစ်တပ်ကို ရာဇဝတ်ပြစ်မှုတွေ ဆက်လက်ကျူးလွန်နိုင်အောင် ကူညီအားပေးနေတဲ့ သူတို့ရဲ့ နိုင်ငံတကာစီးပွားရေးကွန်ရက်တွေကို လှစ်ဟပြလိုက်တာပါပဲ။ စစ်တပ်အနေနဲ့ အရပ်ဘက် ထိန်းကွပ်မှုအောက်မှာ အပြည့်အဝရှိတဲ့အချိန်အထိ၊ လူ့အခွင့် အရေးတွေကို လေးစားလိုက်နာပြီးသူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် ဥပဒေအတိုင်း အရေးယူမှု ခံယူပြီးတဲ့အထိ၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာတဲ့ အချိန်အထိ မြန်မာစစ်တပ်ရဲ့ အသုံးစရိတ်တွေကို အမြန်ဆုံး ထိန်းကွပ်စီမံဖို့ မြန်မာအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုပါတယ်။ မြန်မာစစ်တပ်က ခိုးယူထားတဲ့ ပိုင်ဆိုင်မှုပစ္စည်းအားလုံးကို မြန်မာပြည်သူတွေထံ မဖြစ်မနေ ပြန်ပြီးပေးအပ်ရပါမယ်။” ဟု ပြောကြားပါသည်။

အဆိုပါ စာရွက်စာတမ်းများကို စုံစမ်းဖော်ထုတ်ရေး သတင်းသမားများ နိုင်ငံတကာ ပူးပေါင်းအဖွဲ့တစ်ခုဖြစ်သည့် Organized Crime and Corruption Reporting Project (OCCRP) သို့လည်း ပေးပို့ခဲ့ပါသည်။ ယင်းအဖွဲ့သည် ကုမ္ပဏီအချို့အား စုံစမ်းထောက်လှမ်း သတင်းရေးသားခဲ့ပြီး ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှု စည်းမျဉ်းများ၏ ကယ်ပေါက် ယိုပေါက်များကိုလည်း ဖော်ထုတ်ခဲ့ပါသည်။ OCCRP က C-295 လေယာဉ်ရောင်းဝယ်မှုများနှင့် အကျွမ်းတဝင်ရှိ သည့် ဂျော်ဒန်သတင်းရင်းမြစ်တစ်ခုနှင့် မေးမြန်းခဲ့ပြီး ဂျော်ဒန်နိုင်ငံက လေယာဉ်များ ရောင်းချခဲ့ကြောင်း၊ သို့ရာတွင် မည်သည့်နိုင်ငံကို ရောင်းချခဲ့သည်ကိုတော့ သတင်းရင်းမြစ်က မသိရှိခဲ့ကြောင်း အတည်ပြု ပေးခဲ့ပါသည်။

မရတနာမောင်က ဆက်လက်၍ ”မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေဟာ စစ်ရာဇဝတ်ပြစ်မှုတွေနဲ့ လူသားမျိုးနွှယ်တစ်ခုလုံးထိခိုက်စေတဲ့ ရာဇဝတ်ပြစ်မှု ကျူးလွန်မှုတွေကို အားပေးကူညီ ထောက်ပံ့ရာရောက်မယ့် အန္တရာယ် ရှိနေပါတယ်။ C-295s လေယာဉ်တွေကို မြန်မာနိုင်ငံဆီ လွှဲပြောင်းပေးခဲ့ရင် အဲ့ဒီ လေယာဉ်တွေကို တိုင်းရင်းသားလူမျိုးစုဒေသတွေဆီ တပ်တွေ ရွှေ့ပြောင်းပို့ဆောင်ဖို့အတွက် အသုံးပြုနိုင်ပြီး၊ ဒါဟာ စစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်တာကို ပံ့ပိုးကူညီရာ ရောက်ပါတယ်။ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်မှုတွေကို ဖြတ်တောက်ဖို့ စီးပွားရေးလုပ်ငန်းအားလုံးကို တောင်းဆိုပါတယ်။ စစ်တပ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ မှုတွေ လုပ်ဆောင်ဖို့ နိုင်ငံခြားအစိုးရတွေကို တောင်းဆိုပါတယ်။ Airbus နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သင်တန်းတွေနဲ့ နည်းပညာအထောက်အပံ့များအပါအ၀င် မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်နွယ်မှုအားလုံးကို မဖြစ်မနေ အဆုံးသတ်ရပါမယ်။ မြန်မာ နိုင်ငံရဲ့ နှစ် ၇၀ ကြာ ပြည်တွင်းစစ်နဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို အဆုံးသတ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ လှုပ်ရှားဆောင်ရွက်မှုတွေ အရေးတကြီး လိုအပ်နေပါပြီ’‘ ဟု ပြောကြားပါသည်။

အယ်ဒီတာများသို့မှတ်ချက်

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

အချက်အလက်များနှင့် ဟိုက်လိုက်ဖော်ပြချက်ကို Justice For Myanmar ၏ ဝဘ်ဆိုဒ် ယခုနေရာတွင် ကြည့်ရှုပါ။ www.justiceformyanmar.org/stories/myanmar-military-budget-and-procurement-files

Justice For Myanmar ၏ သတင်းဆောင်းပါး ကြောက်မက်ဖွယ် ပြည်သူ့ဘဏ္ဍာငွေဖြုန်းတီးမှု – ကြောက်မက်ဖွယ် ပြည်သူ့ဘဏ္ဍာငွေဖြုန်းတီးမှု – တပ်များရွှေ့ပြောင်းပို့ဆောင်ရေးနှင့် ဇိမ်ခံခရီးသွားလာရေးအတွက် လေယာဉ်များဝယ်ယူရန် မြန်မာစစ်တပ်က ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲခြင်းwww.justiceformyanmar.org/stories/a-dangerous-use-of-public-funds-myanmar-military-airbus-deals-for-troop-transport-and-luxury-travel

OCCRP ၏ သတင်းဆောင်းပါးဖြစ်သည့် – ဂျော်ဒန်လေယာဉ်များမှသည် ဂျာမန်ဆော့ဝဲလ်အထိ – “လူမျိုးတုန်းသတ်ဖြတ်မှု” ကျူးလွန်သည့် မြန်မာစစ်တပ်၏ လက်နက်ဝယ်ယူဖြည့်ဆည်းမှု ကို ဖတ်ရှုရန် https://www.occrp.org/en/investigations/from-jordanian-planes-to-german-software-myanmars-genocidal-military-stocks-up 

ထပ်မံသိရှိလိုပါက –

ရတနာမောင်

အီးမေးလ်      –  [email protected]

ဝဘ်ဆိုဒ်        – https://www.justiceformyanmar.org/

ပုံတူဝဘ်ဆိုဒ်  – https://justiceformyanmar.github.io/justiceformyanmar.org/

တွစ်တာ         – @justicemyanmar

ဖေ့ဘုတ်        – https://www.facebook.com/justiceformyanmar.org/ 


PDF ဖိုင်ဖြင့်ရယူရန်

For English version

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia