နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျုနှင့် အီးယူ ငွေးကြေးပံ့ပိုးသည့် ရှေ့သို့မြန်မာ တို့၏ mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်းဆိုင်ရာ ဒစ်ဂျစ်တယ်မှတ်တမ်းများ ပယ်ဖျက်မှုသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအပေါ် အံ့အားသင့်ဖွယ် အလေးမထားမှုကို ပြသ

02 October 2020

နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျုနှင့် အီးယူ ငွေးကြေးပံ့ပိုးသည့် ရှေ့သို့မြန်မာ တို့၏ mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်းဆိုင်ရာ ဒစ်ဂျစ်တယ်မှတ်တမ်းများ ပယ်ဖျက်မှုသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအပေါ် အံ့အားသင့်ဖွယ် အလေးမထားမှုကို ပြသ
ရွေးကောက်ပွဲ အက်ပလီကေးရှင်းမှ လူမျိုးနှင့် ဘာသာဆိုင်ရာ အချက်အလက်များကို ချက်ချင်းပယ်ဖျက်ရန်နှင့် ဒစ်ဂျစ်တယ်မှတ်တမ်းများကို ပြန်လည်သိမ်းဆည်းရန် Justice For Myanmar က တောင်းဆို
အောက်တိုဘာ ၂၊ ၂၀၂၀၊ မြန်မာ – mVoter 2020 အက်ပလီကေးရှင်းတွင် လူမျိုးရေးနှင့် ဘာသာရေးအခြေခံ ခွဲခြားမှုများနှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုအပေါ် Justice For Myanmar က စက်တင်ဘာ ၃၀ ရက်နေ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) နှင့် ဥရောပသမဂ္ဂငွေကြေးထောက်ပံ့မှုဖြင့်ဆောင်ရွက်သည့် ရှေ့သို့မြန်မာ (STEP Democracy) တို့သည် အဖွဲ့အစည်းကိုယ်စားလှယ်များ မိန့်ခွန်းပြောကြားခဲ့သည့် အက်ပလီကေးရှင်းစတင်မိတ်ဆက်ထုတ်လွှင့်ခြင်း အွန်လိုင်းဆွေးနွေးပွဲရုပ်သံဖိုင်အပါအဝင် အက်ပလီကေးရှင်းစတင်မိတ်ဆက်သည့် ဒစ်ဂျစ်တယ်မှတ်တမ်းများကို အလျှင်အမြန် ဖယ်ရှားခဲ့ပါသည်။
မိုဘိုင်းအက်ပလီကေးရှင်းကို ရှေ့သို့မြန်မာစီမံချက်အောက်တွင် စတော့ဟုမ်းအခြေစိုက်အစိုးရများအကြား ပူးပေါင်း လုပ်ကိုင်သောအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာဒီမိုကရေစီနှင့်ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) နှင့် အမေရိကန်အခြေစိုက်အာရှဖောင်ဒေးရှင်း တို့ အတူပူးပေါင်းပြီး ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုမှတ်တမ်းများကို ရှေ့သို့မြန်မာ၏ဝဘ်ဆိုဒ်နှင့် ဖေ့စ်ဘွတ်စာမျက်နှာ၊ နိုင်ငံတကာဒီမိုကရေစီနှင့်ရွေးကောက်ပွဲ အကူအညီပေးရေး အင်စတီကျု (International IDEA Myanmar) ၏ ဖေ့စ်ဘွတ်စာမျက်နှာများမှ ဖယ်ရှားပစ်ခဲ့သည်။ (အသေးစိတ် အချက်အလက် များကို “အယ်ဒီတာများ သို့ မှတ်ချက်” တွင် ကြည့်ရှုပါ)
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတာနာမောင်က “mVoter 2020 app မှာ ပါတဲ့ လူမျိုးရေးခွဲခြားမှု၊ ခွဲခြားဆက်ဆံမှုတွေဖြစ်စေနိုင်တဲ့အချက်အလက်တွေ ကို ဖယ်ပစ်ရမယ့်အစား International IDEA နဲ့ STEP Democracy ကအဲ့ဒီအက်ပလီကေးရှင်း ရေးဆွဲဖို့အတွက် သူတို့ရဲ့ငွေကြေးထောက်ပံ့မှု၊ သူတို့ရဲ့ပါဝင်မှုတွေနဲ့ အက်ပလီကေးရှင်း မိတ်ဆက်အခမ်းအနားမှာပြောခဲ့တဲ့ မှတ်ချက်စကားတွေအားလုံးကို ဖယ်ရှားပစ်ခဲ့တာဟာ အတော်အံ့အားသင့်စရာပါ။ ဒါဟာဒီမိုကရေစီမြှင့်တင်ရေးအစီအစဉ်တွေမှာ ပါဝင်နေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေ ရဲ့ ပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှု ကင်းမဲ့ခြင်းအပေါ် အလွန်စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒီအချက်က အမှားလုပ်လို့ မေးလာတဲ့မေးခွန်းအပေါ် တာဝန်ယူပြီး ပွင့်လင်းမြင်သာမှုစည်းမျဉ်းတွေကို လေးစားလိုက်နာရမယ့်အစား ဒီမှတ်တမ်းတွေကို ဖျက်ဆီးပစ်လိုက်ပြီး မြန်မာအစိုးရကို အဆင်ပြေပါတယ်လို့ သတင်းစကားအမှားတွေ ပေးနေတာ ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂ ရက် နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) ၏ ထုတ်ပြန်ကြေညာချက်သည် Justice For Myanmar အား စိတ်ပျက်စေပါသည်။ ထုတ်ပြန်ကြေညာချက်အရ အက်ပလီကေးရှင်းတွင်ပါဝင်သည့် အချက်အလက်များသည် ရွေးကောက်ပွဲကော်မရှင်၏ အဓိကတာဝန်ဖြစ်ကြောင်း ဆိုထားပါသည်။ သို့ဆိုပါလျှင် ကိုယ်စားလှယ်လောင်းများအား “လူမျိုး”နှင့် “ဘာသာ” ရည်ညွှန်းခွဲခြားမှုကို နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု(IDEA) မှ ထောက်ခံပါသလား။ ယင်းသည် နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) အဖွဲ့ဝင်အစိုးရများ၏မူဝါဒ ဖြစ်ပါသလား။
နိုင်ငံတကာဒီမိုကရေစီနှင့်ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) က “ကမ္ဘာတစ်ဝန်းမှ နိုင်ငံအများ အပြားသည်ပင်လျှင် မျှတပြီး သာတူညီမျှ ကိုယ်စားပြုမှုနှင့်ပါဝင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် သူတို့၏ ရွေးကောက်ပွဲစနစ်နှင့် လုပ်ထုံးလုပ်နည်းများတွင် လူမျိုးသတ်မှတ်ဖော်ပြချက်များ ထည့်သွင်းကြပါသည်” ဟု ရေးသားဖော်ပြထားပါသည်။ အချို့သောနိုင်ငံများတွင် မျှတသည့်ကိုယ်စားပြုမှုနှင့် ပါဝင်မှုအတွက် “လူမျိုးသတ်မှတ်ဖော်ပြချက်” ကို ထည့်သွင်း နိုင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ဖြစ်ရပ်တွင် ထိုကဲ့သို့ မဟုတ်သည်မှာ ရှင်လင်းသေချာပါသည်။ လူမျိုးနှင့် ဘာသာ သတ်မှတ်ဖော်ပြချက်များကို မြန်မာက အသုံးပြုခြင်းသည် စစ်အာဏာရှင်အစိုးရတစ်ရပ်မှ ပြဌာန်းခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေအပါအဝင် အစိုးရ၏ ခွဲခြား ဆက်ဆံသည့်ဥပဒေများနှင့် မူဝါဒများဆိုင်ရာ အခင်းအကျင်းများ တွင် ဖြစ်ပါသည်။ “လူမျိုးသတ်မှတ်ဖော်ပြချက်” သည် မြန်မာနိုင်ငံရှိ “ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ် အထောက်အကူ”မပေးနိုင်ပါ။ ထိုသတ်မှတ်ဖော်ပြချက်က ရိုဟင်ဂျာကိုယ်စားလှယ်လောင်းများအား အရည်အချင်းမပြည့်မီကြောင်းသတ်မှတ်ပြီး၊ ရိုဟင်ဂျာမဲဆန္ဒရှင်များ မဲပေးကပိုင်ခွင့်ကို ပိတ်ပင်တားမြစ်ထားပါသည်။ အက်ပလီကေးရှင်းတွင် ဖော်ပြထားသည့် ကိုယ်စားလှယ် လောင်းများမှာ သူတို့၏ “လူမျိုး”နှင့် “ကိုးကွယ်သည့်ဘာသာ”ကို ရွေးချယ်ပိုင်ခွင့်မရှိသည့်အပြင် အချို့မှာသူတို့၏ လူ့အခွင့်အရေးများကို ချိုးဖောက်၍ လွဲမှားစွာ ကိုယ်စားပြုခြင်းထားရသည်။ မြန်မာနိုင်ငံတွင် “လူမျိုး”နှင့် “ကိုးကွယ်သည့်ဘာသာ”ဆိုင်ရာ တရားဝင်ခွဲခြားမှုသည် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်ကိုကျူးလွန်သည့် ရာဇဝတ်ပြစ်မှုများအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သတ် ငြိစွန်းနေပါသည်။ မြန်မာအစိုးရ၏ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ခွဲခြားမှုများတွင် အတူတကွ ပါဝင် လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) သည် “ထိခိုက်နစ်နာမှု မရှိစေရေး (do no harm) အခြေခံမူများ” ကို ချိုးဖောက်လျက် ရှိနေသည်။
mVoter 2020 အက်ပလီကေးရှင်းကို စက်တင်ဘာ ၂၉ ရက်နေ့တွင် စတင်မိတ်ဆက် ထုတ်လွှင့်ခဲ့သည်။ မိုဘိုင်း အက်ပလီကေးရှင်းထဲတွင် ရွေးကောက်ပွဲနယ်မြေတစ်ခုခြင်းအလိုက် ၂၀၂၀ မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ အချက်အလက်များ ပါဝင်သည်။ ကိုယ်စားလှယ်လောင်း များ၏ ကိုယ်ရေးအချက်အလက်သည် အကျဉ်းချုပ်ဖြစ်ပြီး လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ အချက်အလက် များသည် ထင်ရှားပေါ်လွင်ပါသည်။ ထိုကိုယ်ရေးအချက်အလက်ဖော်ပြမှုသည် ရိုဟင်ဂျာများအား နိုင်ငံမဲ့များ ဖြစ်စေခဲ့ပြီး ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများကို ကိုယ်စားလှယ်လောင်းအရည်အချင်းမပြည့်မီသူ၊ မဲပေးခွင့် မရှိသူများအဖြစ် သတ်မှတ်ရန် အကြောင်းပြချက်တစ်ရပ်အနေဖြင့် အသုံးပြုခဲ့သည့် လူမျိုးဘာသာ တရားဝင် အမျိုးအစားခွဲမှုအပေါ် အခြေခံထားသည်။ အဆိုပါမိုဘိုင်းအက်ပလီကေးရှင်းသည် ရိုဟင်ဂျာလူမျိုးအား “ဘင်္ဂါလီ” ဟု သုံးနှုန်းဖော်ပြထားပြီး ယင်းအခေါ်အဝေါ်သည် မြန်မာအစိုးရနှင့် အစွန်းရောက်အမျိုးသားရေးဝါဒီများက ရိုဟင်ဂျာ အမှတ်လက္ခဏာကို ငြင်းပယ်ရန်၊ မြန်မာနိုင်ငံတွင် ၎င်းတို့၏ နေထိုင်ခွင့်ကို ခြိမ်းခြောက်ရန်နှင့် အမုန်းတရားများ သွေးထိုးလှုံ့ဆော်ရန် အသုံးပြုခဲ့သည့် နိမ့်ချသည့်အခေါ်အဝေါ်တစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (A/HRC/39/CRP.2)
မြန်မာအာဏာပိုင်များဟာ “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူး” လို့ တလျောက်လုံး အခိုင်အမာ ပြောဆို ထားပါတယ်။ သူတို့က “ရိုဟင်ဂျာ” အမည်ကို သုံးဖို့ ငြင်းဆိုပြီး “ဘင်္ဂါလီ” လို့ ခေါ်ဝေါ်သုံးစွဲပါတယ်။ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံနဲ့ မပတ်သတ်ကြောင်း ငြင်းဆိုပါတယ်။ သူတို့ကို “တိုင်းရင်းသားများ” အဖြစ် မသတ်မှတ်ဘဲ ဘင်္ဂလားဒေ့ရှ်မှ “ခိုးဝင်သူများ” အဖြစ် ရည်ညွှန်းလေ့ရှိကြပါတယ်။ ဒါဟာ အမှန်တရားတော့ မဟုတ်ခဲ့ပါဘူး။ နိုင်ငံသားဖြစ်မှုနဲ့ဥပဒေရေးရာအခြေအနေများအပေါ် ပြဌာန်းထားတဲ့ အစဉ်အဆက်ရှိ လာခဲ့တဲ့ ဥပဒေတွေနဲ့မူဝါဒတွေက သတ်မှတ်ဖွဲ့စည်းမှုတွေမှာ အကြီးအကျယ် ဖယ်ကျဉ်မှုတွေ ရှိခဲ့ပြီး နိုင်ငံသားလျှောက်ထားမှုတွေမှာလည်း ထင်တိုင်းကြဲဆောင်ရွက်မှုတွေနဲ့ တစ်ဖက်စောင်းနင်းနိုင်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ယနေ့အချိန်မှာ အများစုသော ရိုဟင်ဂျာတွေက တရားဝင်နိုင်ငံသားဖြစ်မှု အဆင့်အတန်း သို့မဟုတ် သက်သေအထောက်အထားမရှိဘဲ လက်တွေ့မှာ နိုင်ငံမဲ့တွေ ဖြစ်နေပါတယ်၊
ဆက်လက်၍ မရတနာမောင်က “မြန်မာနိုင်ငံနဲ့ ထိတွေ့လုပ်ဆောင်နေကြတဲ့ အစိုးရတွေ၊အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာအမှတ်လက္ခဏာဖျောက်ဖျက်ဖို့ အပါအဝင် မြန်မာနိုင်ငံရဲ့စနစ်ကျလှတဲ့ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားမှုတွေမှာ ပါဝင်ကျူးလွန်မှုမရှိစေဖို့ သတိထားလုပ်ဆောင်သင့်ပါတယ်။ ပေါက်ကွဲလွယ်တဲ့ အခြေအနေဖြစ်ပြီး ရိုဟင်ဂျာတွေလူမျိုးတုန်းသတ်ဖြတ်မှုတွေ ကြုံတွေ့ရချိန်မှာ ကြိုတင်အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေနဲ့ ပဋိပက္ခအကဲဆတ်မှုတွေကို အလေးထားဦးစားပေးဖို့ လိုအပ်ပါတယ်။ ဒါတွေကို mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်းအတွက် ငွေကြေးထောက်ပံ့မှုနဲ့ အကောင်အထည်ဖော်မှုတွေမှာပါဝင်တဲ့ အဖွဲ့အစည်းတွေ လုပ်တာ မတွေ့ရပါဘူး”ဟု ပြောကြားသည်။
မြန်မာနိုင်ငံရွေးကောက်ပွဲသည် တစ်လကျော်သာ လိုပါတော့သည်။ ရှေ့သို့မြန်မာ၊ နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) နှင့် အာရှဖောင်ဒေးရှင်းတို့အနေဖြင့် ၎င်းတို့၏ လူ့အခွင့်အရေး ဆိုင်ရာ တာဝန်များကို လေးစားလိုက်နာရမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများ နှင့်အညီ ဆောင်ရွက်ဖို့ သတိပြုသင့်ပါသည်။ ရှေ့သို့မြန်မာ၊ နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီ ပေးရေးအင်စတီကျု (IDEA) တို့အနေဖြင့် “လူမျိုး” နှင့် “ဘာသာ” အချက်အလက်များကို ဖယ်ရှားနိုင်မှုမရှိလျှင် mVoter 2020 အက်ပလီကေးရှင်းကို ချက်ချင်းဖျက်သိမ်းရန် Justice For Myanmar က တောင်းဆိုပါသည်။ ရှေ့သို့မြန်မာ၊ နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) တို့အနေဖြင့် ဝဘ်ဆိုဒ်နှင့် လူမှုကွန်ယက်မီဒီယာပေါ်မှ ဖျက်ထားသည့် အချက်အလက်အားလုံးကို ပြန်လည်တင်ပေးရန်နှင့် အချက်အလက်ဖျက်မှု၊ မှတ်တမ်းများပြောင်းလဲပြင်ဆင်မှုမှန်သမျှ အသေးစိတ်မှတ်တမ်းကို ထုတ်ပြန်ပေးရန်လည်း Justice For Myanmar က တောင်းဆိုပါသည်။
အယ်ဒီတာများသို့မှတ်ချက်
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။
နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA)နှင့် ရှေ့သို့မြန်မာတို့မှ ပယ်ဖျက်ခဲ့ သည့် ဒစ်ဂျစ်တယ်မှတ်တမ်းနမူနာများတွင် အောက်ပါမှတ်တမ်းများ ပါဝင်ပါသည်။ (၂၀၂၀ ခုနှစ် အောက်တိုဘာ၊ ၂ ရက်နေ့ ရန်ကုန်အချိန် နံနက် ၈ နာရီ အရ)
  • ရှေ့သို့မြန်မာ ဝဘ်ဆိုဒ်မှ ပယ်ဖျက်ခဲ့သည့် mVoter စတင်မိတ်ဆက်ကြောင်း ကြေညာချက်၊ ယင်းကို Justice For Myanmar ၏ ၂၀၂၀ ခုနှစ် စက်တက်ဘာ ၃၀ ရက်နေ့ ကြေညာချက်တွင် ကိုးကား၊ ချိတ်ဆက် ဖော်ပြခဲ့သည်။ http://www.stepdemocracy.eu/index.php/news/details/169
  • အိုက်ဒီယာမြန်မာ ဖေ့စ်ဘွတ်စာမျက်နှာမှ ပယ်ဖျက်ခဲ့သည့် mVoter စတင်မိတ်ဆက်ကြောင်း အွန်လိုင်းဆွေးနွေးပွဲ။ https://www.facebook.com/internat…/videos/1195076717541860
  • ရှေ့သို့မြန်မာ ဖေ့စ်ဘွတ်စာမျက်နှာမှ ပယ်ဖျက်ခဲ့သည့် mVoter စတင်မိတ်ဆက်ကြောင်း ကြေညာချက် https://www.facebook.com/…/internatio…/1259307497741108/#
  • ရှေ့သို့မြန်မာ ဖေ့စ်ဘွတ်စာမျက်နှာရှိ စတင်မိတ်ဆက်ကြောင်း ကြေညာချက်ကို Google ၏ ထိန်းသိမ်းသိုဝှက်ထား ရှိမှုကို ယခုနေရာတွေ ကြည့်ရှုနိုင်ပါသည်။
Justice For Myanmar မျက်နှာပြင်မှတ်တမ်းပုံများကို တွစ်တာတွင် တင်ထားခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတကာဒီမိုကရေစီနှင့်ရွေးကောက်ပွဲအကူအညီပေးရေးအင်စတီကျု (IDEA) အဖွဲ့ဝင်နိုင်ငံများတွင် ဆွီဒင် (အဖွဲ့ဝင်နိုင်ငံများကောင်စီ၏ ဥက္ကဌ)၊ ဘယ်လ်ဂျီယံ၊ စပိန်၊ Australia၊ ဘာဘဒေါ့စ်၊ ဘီနင်၊ ဘော့စ်ဝါနာ၊ ဘရာဇီး၊ ကနေဒါ၊ ကိပ် ဗာဒီ၊ ချီလီ၊ ကော့စတာရီကာ၊ ဒိုမီနီကံသမ္မတနိုင်ငံ၊ ဖင်လန်၊ ဂျာမဏီ၊ ဂါနာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လူဇင်ဘက်၊ မော်ရီးရှပ်၊ မက္ကစီကို၊ မွန်ဂိုလီယား၊ နမ်ဘီးယား၊ နယ်သာလန်၊ နော်ဝေး၊ ပနားမား၊ ပီးရူး၊ ဖိလစ်ပင်း၊ ပေါ်တူဂီ၊ တောင်အာဖရိက၊ ဆွစ်ဇာလန်၊ တူနီးရှားနှင့် ဥရုဂွေးတို့ ပါဝင်သည်။ ဂျပန်သည် အလွတ်သဘော လေ့လာသူ နိုင်ငံဖြစ်သည်။
ထပ်မံသိရှိလိုပါက
ရတနာမောင်
အီးမေးလ် – [email protected]
ဝဘ်ဆိုဒ် – https://www.justiceformyanmar.org/
ပုံတူဝဘ်ဆိုဒ် – https://justiceformyanmar.github.io/justiceformyanmar.org/
တွစ်တာ – @justicemyanmar
ဖေ့ဘုတ် – https://www.facebook.com/justiceformyanmar.org/

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia