အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) မတိုင်မီ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အရပ်ဘက်လူထုအဖွဲ့အစည်းများက မြန်မာအစိုးရအား လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာလုပ်ဆောင်ရန် တိုက်တွန်းလိုက်ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆိုခြင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) မတိုင်မီ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အရပ်ဘက်လူထုအဖွဲ့အစည်းများက မြန်မာအစိုးရအား လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာလုပ်ဆောင်ရန် တိုက်တွန်းလိုက်ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆိုခြင်း

[ရန်ကုန် – ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့] ယနေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း (Civil Society Organization – CSO) ပေါင်း (၃၀) ဖွဲ့မှ မြန်မာအစိုးရအနေဖြင့်  လိုက်နာရမည့် လူ့အခွင့်အရေးဆိုင်ရာ ၎င်း၏ တာဝန်ဝတ္တရားများကို လုပ်ဆောင်ရန်နှင့် ယခင်က ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ (Universal Period Review – UPR) နှစ်ကြိမ်အတွင်း ၎င်းက ထောက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်လုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ဦးတည်သော ယဉ်ကျေးမှုတစ်ခု တည်ဆောက်ရန် တောင်းဆိုလိုက်သည်။ နိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာစေရေး လုပ်ဆောင်မည်ဟု မြန်မာအစိုးရက ကတိကဝတ်များ ပြုထားခဲ့သော်လည်း မြန်မာအစိုးရအနေဖြင့် အဓိပ္ပာယ်ရှိသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးသော ချိုးဖောက်မှု များနှင့် ပဋိပက္ခများကို ရင်ဆိုင်ကြုံတွေ့ကြရသည်။ 

လက်နက်ကိုင်ပဋိပက္ခတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းဖို့နဲ့ အဲဒီချိုးဖောက်မှုတွေမှာ ပါ၀င်ကျူးလွန်တဲ့သူတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေဖို့ဆိုရင် ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူရမှာ ဖြစ်တယ်။ ဒါပေမယ့် သူတို့က အပြစ်ပေး အရေးယူတာကို မခံရဘဲ ကင်းလွတ်မှု ရနေတယ်။ ဒါကို အဆုံးသတ်ဖို့အတွက် မြန်မာအစိုးအရအနေနဲ့ စိတ်ဆန္ဒမရှိတာက  နိုင်ငံအတွင်းမှာ ရှိနေတဲ့ အဆိုးရွားဆုံးခြေအနေအထိ ဘေးဖယ်ကျဥ်ခံထားရပြီး နိုင်ငံသားအခွင့်အရေး ရုပ်သိမ်းခံထားရတဲ့ ပြည်သူတွေအတွက် အစိုးရရဲ့ အလေးပေး ထည့်သွင်းစဥ်းစားမှု ကင်းမဲ့နေတာကို ပြနေတာပဲ ဖြစ်တယ်။” ဟု ကရင်ဒုက္ခသည်ကော်မတီမှ နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။ “UN အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသာပေးပြောနေမယ့်အစား ပျက်စီးယိုယွင်းလာနေတဲ့ လူ့အခွင့်အ‌ရေး အခြေအနေတွေကို သိရှိဖို့နဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာဖို့ အတွက် UPR လုပ်ငန်းစဉ်ကို အသုံးပြုပြီး တွန်းအားပေးမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။

UPR ဆိုသည်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ တစ်မူ ကွဲပြားသည့် ယန္တရားတစ်ခုဖြစ်ပြီး ယင်းယန္တရား အောက်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အသီးသီး၏ လူ့အခွင့်အရေးအခြေအနေ မှတ်တမ်းများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တန်းတူစွာ (၅) နှစ်တစ်ကြိမ် ပုံမှန်သုံးသပ်မှု ပြုလုပ်သည့် လုပ်ငန်းစဥ် ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် နောက်ဆုံးလုပ်ဆောင်ခဲ့သည့် သုံးသပ်ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ အုပ်ချုပ်မှုကို ရရှိစေခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသုံးသပ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည်  နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများကို လုံခြုံမှုရှိရှိဖြင့် မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ညှဥ်းပန်းနှိပ်စက်မှုနှင့် တခြားချိုးဖောက်မှု ကျူးလွန်သူများအား အရေးယူခြင်း အပါအဝင် လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရေး ကတိကဝတ်များ ပြုလုပ်ခဲ့ပြီး အမုန်းစကားများနှင့် အကြမ်းဖက်မှုဆိုင်ရာ သွေးထိုးလှုံ့ဆော်မှုများကို တန်ပြန်တိုက်ဖျက်ရန် ကြိုးပမ်းမှုများ တိုးမြှင့် လုပ်ဆောင်မည်ဟု  မြန်မာအစိုးရက ကတိပြုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လူ့အခွင့်အရေးအခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး လုပ်ဆောင်မည်ဟု  မြန်မာနိုင်ငံမှ ကတိကဝတ် အချက်ပေါင်း (၁၃၆) ချက်ကို ပြုလုပ်ထား ခဲ့သော်လည်း မြန်မာအစိုးရသည် ၎င်း၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် အနည်းငယ်သော တိုးတက်မှု များကိုသာ လုပ်ဆောင်ခဲ့သည်။

ယခုနှစ် ဇူလိုင်လတွင် CSO အဖွဲ့အစည်းပေါင်း (၃၀) က UPR လုပ်ငန်းစဥ်အောက်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအပေါ် တတိယအကြိမ်မြောက် သုံးသပ်ဆွေးနွေးပွဲအတွက် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကောင်စီသို့ သီးခြားပူးတွဲတင်ပြချက် (၃) ခုကို တင်သွင်းခဲ့သည်။ ထိုတင်ပြချက်များတွင် လွန်ခဲ့သည့် (၅) နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများအား အကာအကွယ် ပေး‌ရေး သေချာစွာ လုပ်ဆောင်ရန်အတွက် အဓိပ္ပာယ်ရှိသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် မည်ကဲ့သို့ ပျက်ကွက်ခဲ့ပုံကို မီးမောင်းထိုး ဖော်ပြထားသည်။

ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များနှင့် ဒုက္ခသည်များ၏ အခြေအနေနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်ရသူ လူထုအသိုင်းအဝိုင်းများနှင့် အနီးကပ် အလုပ် လုပ်ကိုင်နေကြသော တိုင်းရင်းသား လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်း (Community-based Organizations – CBO) များနှင့် CSO (၁၄) ဖွဲ့တို့က ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည့် ပူးတွဲတင်ပြချက်တစ်ခုတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများ အဆမတန် များပြားလာခြင်းနှင့်ပတ်သက်၍ လွန်ခဲ့သည့် (၅) နှစ်အတွင်း၌ ပိုမိုဆိုးရွားလာနေသည့် ထွက်ပြေးတိမ်းရှောင်ရသူများ၏ အခြေအနေများကို မီးမောင်းထိုးဖော်ပြထားသည်။

အခုဖြစ်နေတဲ့ ဒုက္ခသည်နဲ့ IDP တွေရဲ့အနေအထားက ဆယ်စုနှစ်များစွာအတွင်းမှာတွေ့ရတဲ့ အဆိုးဆုံး အခြေအနေဖြစ်နေတယ်။ အခုလို COVID ဖြစ်နေတဲ့ အချိန်မှာတောင် လက်နက်ကိုင်ပဋိပက္ခက လျော့မသွားတဲ့ အနေအထားမှာ တချို့အတွက် အခြေအနေ ပိုဆိုးလာတာကို တွေ့နေရပါတယ်။” ဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ မှ မွန်းနေလီ က ပြောသည်။ “မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာတစ်ဝှမ်းက တိုက်တွန်းတောင်းဆိုထားတဲ့ အပစ်အခတ် ရပ်စဲရေးကို လိုက်နာပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ရှုလုပ်ဆောင်ရမယ့်အချိန် ရောက်နေပြီ ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။

CSO အဖွဲ့ (၁၀) ဖွဲ့က တင်သွင်းခဲ့သည့် နောက်ထပ်တင်ပြမှုတစ်ခုတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအောက်တွင် လူနည်းစုများအနေဖြင့် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အခွင့်အရေးများကို အပြည့်အဝ ရရှိခွင့်နှင့်ပတ်သက်၍ ဖော်ပြထားသည်။ ထိုဥပဒေက ဘာသာရေးနှင့် လူမျိုးစု လူနည်းစုများ အထူးသဖြင့် ရိုဟင်ဂျာများကို ဘေးဖယ်ထုတ်ထားပြီး ၎င်းတို့အား ဖိနှိပ်ရန်နှင့် ခွဲခြားဆက်ဆံရန် အဓိက ကိရိယာများထဲမှ တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ရလာဒ်အားဖြင့် ရိုဟင်ဂျာနှင့် အခြား ဘာသာရေးနှင့် လူမျိုးစု လူနည်းစုများသည် လွတ်လပ်စွာသွားလာခွင့်၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာအခွင့်အရေးများကဲ့သို့သော ၎င်းတို့၏ အခြေခံလွတ်လပ်ခွင့်များ ဆုံးရှုံးမှုနှင့်  ရင်ဆိုင်နေရသည်။

“နိုင်ငံသားဥပဒေကို နိုင်ငံတကာလူ့အခွင့်အရေးဥပဒေမှာ ပါရှိတဲ့ တန်းတူညီမျှရေး အခြေခံမူတွေနဲ့ကိုက်ညီဖို့ အတွက် အရေးတကြီး ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖို့လိုအပ်နေတယ်။” ဟု ဉာဏ်လင်းသစ်အဖွဲ့ မှ ကိုမိုးထက်နေက ပြောသည်။ “ဒီဥပဒေက မြန်မာနိုင်ငံက လူမျိုးစုနဲ့ ဘာသာရေး လူနည်းစုတွေရဲ့  လူမှုရေးနဲ့ နိုင်ငံ‌ရေး အခွင့်အရေးတွေတင် မကဘဲ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေး‌တွေကိုပါ ချိုးဖောက်နေတာကြောင့် ဒီ UPR သုံးသပ်ဆွေးနွေးပွဲဟာ မြန်မာအစိုးရအနေနဲ့ လိုက်နာရမယ့် နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ UN အဖွဲ့ဝင်နိုင်ငံတွေအတွက် တွန်းအားပေးနိုင်မယ့် အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

ထိုခွဲခြားဆက်ဆံသော ဥပဒေများသည် လက်ရှိဖြစ်ပွားနေသော လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ကျူးလွန်နေသည့် အမုန်းစကား၏ အရင်းအမြစ်အဖြစ် ရှိနေသည်။ မကြာသေးမီနှစ်များအတွင်း အမုန်းစကားသည် အခွင့်အရေးမြှင့်တင်ရန် လုပ်ဆောင်နေသော CSO များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက် သူများ (HRD) အပေါ်၌လည်း နက်ရှိုင်းသော သက်ရောက်မှုများရှိနေပြီး ယင်းသည် ဒီမိုကရေစီနှင့် အရပ်ဘက်လူထု အသိုင်းအဝိုင်း၏ နေရာများကို ကျဉ်းမြောင်းလာစေသည်။ ထိုအခြေအနေများသည် အမုန်းစကားများဆိုင်ရာ ကိစ္စရပ်အပေါ် လုပ်ဆောင်နေသော နှင့်/သို့မဟုတ် ယင်း၏ တိုက်ရိုက်သက်ရောက်မှုကို ခံနေရသော  CSO (၁၆) ဖွဲ့မှ တင်သွင်းထားသော ပူးတွဲတင်ပြချက်တွင် ထင်ဟပ်နေပါသည်။

အမုန်းစကားကို ဖြန့်၀ေကျူးလွန်သူတွေက အပြစ်ပေး အရေးယူတာ မခံရဘဲ ဆက်ရှိနေတယ်။ တစ်ဘက်မှာက အစိုးရနဲ့ စစ်တပ်အပေါ် ဝေဖန်ထောက်ပြတဲ့ HRD တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့  CSO တွေရဲ့ တရားဝင်တဲ့ ထုတ်ဖော် ပြောဆိုချက်တွေဟာ ပိုပိုပြီးတော့ တိုက်ခိုက်တာ ခံနေရတယ်။” ဟု မျိုးဆက်လှိုင်းအဖွဲ့ မှ ကိုမိုဃ်းသွေးက ပြောသည်။  “လူမျိုးစုနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် ချိုးဖောက်ကျူးလွန်မှုတွေ ဖြစ်အောင်၊ ပြီးတော့  လူ့အဖွဲ့အစည်း၊ အစိုးရဖွဲ့စည်းတည်ဆောက်ပုံတွေနှင့် ပညာရေးစနစ်တွေထဲမှာ အမုန်းစကားတွေ အမြစ်တွယ်နေရတာက နောက်ကွယ်က တွန်းအားတွေနဲ့ ဖြစ်စဉ်တွေ ရှိနေလို့ ဖြစ်တယ်။ ဒါကြောင့် ဒီ UPR သုံးသပ်ဆွေးနွေးပွဲဟာ အမုန်းစကားနဲ့ ခွဲခြားဆက်ဆံမှု တွေရဲ့ အခြေခံအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂအတွင်းမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက် အခွင့်အလမ်းတစ်ခု ဖြစ်တယ်။” ဟု ၎င်းက ဆက်ပြောသည်။

CSO များသည် ၎င်းတို့၏ သက်ဆိုင်ရာ ပူးတွဲတင်ပြချက်များအသီးသီးတွင် ဆယ်စုနှစ်များစွာ ရှည်ကြာပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ စနစ်တကျ ဖိနှိပ်မှုများ နှင့် တိုင်းရင်းသား လူမျိုးစုများနှင့် ဘာသာရေး လူနည်းစုများအား ဘေးဖယ်ကျဥ်ထားခြင်းများကို ရပ်တန့်ရန်အတွက် တောင်းဆိုထားသည်။  UPR လုပ်ငန်းစဥ်အောက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေး‌နွေးပွဲ တတိယအကြိမ်ကို လာမည့် ၂၀၂၀ ပြည့်နှစ် ဇန္နဝါရီလ ၂၅ ရက်နေ့၌ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

 

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

  • နော်ဘလူးမင်းနိုက်ဇန်၊ ကရင်ဒုက္ခသည်ကော်မတီ (KRC)၊ +66 (0)92 461 9482, z_blooming@hotmail.com
  • နန်းဇွန်မိုး၊ ရှေ့ပြေးအသံအဖွဲ့ (PV)၊ +66 (0)80 027 4515, zunmoe@progressive-voice.org
  • မွန်းနေလီ၊ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)၊ +66 (0)80 949 3410, moonnayli@gmail.com
  • ကိုမိုးထက်နေ၊ ဉာဏ်လင်းသစ်၊ +95 (0)997 923 8220, moethway@gmail.com
  • ကိုမိုဃ်းသွေး၊ မျိုးဆက်လှိုင်း (GW)၊ +95 (0)979 476 2996, moehtetnay@gmail.com

အယ်ဒီတာ့မှတ်ချက်

၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် UPR သို့ တင်သွင်းခဲ့သော ပူးတွဲတင်ပြချက်များ အပြည့်အစုံနှင့် တင်သွင်းခဲ့သူ CSO များ၏ အမည်စာရင်းသာမက ပူးတွဲတင်ပြချက်၏ အချက်အလက်အကျဥ်းချုပ်များနှင့်အတူ အကောင်အထည်ဖော် လုပ်ဆောင် နိုင်သည့် အကြံပြုတိုက်တွန်းချက်များကို အောက်ပါလင့်ခ်များတွင် ရယူနိုင်ပါသည်။

  • အမုန်းစကားများ ပြန့်ပွားမှုကြောင့် ဒီမိုကရေစီနှင့် CSO များ၏ အခန်းကဏ္ဍ ကျဉ်းမြောင်းလာခြင်း
    • ပူးတွဲတင်ပြချက်အပြည့်အစုံကို ဤနေရာတွင် ရယူပါ။
    • ပူးတွဲတင်ပြချက်အချက်အလက် အကျဥ်းချုပ်ကို ဤနေရာတွင် ရယူပါ။
  • ကာလရှည်ကြာ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များနှင့် IDP များ၏ အခြေအနေ
    • ပူးတွဲတင်ပြချက်အပြည့်အစုံကို ဤနေရာတွင် ရယူပါ။
    • ပူးတွဲတင်ပြချက်အချက်အလက် အကျဥ်းချုပ်ကို ဤနေရာတွင် ရယူပါ။
  • ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ လူနည်းစုများ၏ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးနှင့် လွတ်လပ်စွာ သွားလာလှုပ်ရှားမှု အခြေအနေ
    • ပူးတွဲတင်ပြချက်အပြည့်အစုံကို ဤနေရာတွင် ရယူပါ။
    • ပူးတွဲတင်ပြချက်အချက်အလက် အကျဥ်းချုပ်ကို ဤနေရာတွင် ရယူပါ။

သတင်းထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ

Announcements


Read Next

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia