လူ့အခွင့်အရေး ကောင်စီ (၄၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian မှ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့်စာတမ်း

လူ့အခွင့်အရေး ကောင်စီ (၄၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian မှ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့်စာတမ်း

(၂၀၂၀) ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်

လေးစားရသည့် ဥက္ကဌကြီးခင်ဗျာ

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ

ကောင်စီသို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ ဒုတိယ နှစ်ပတ်လည် အစီရင်ခံစာကို တင်သွင်းပါသည်။

ဖွဲ့စည်းတည်ထောင်သည့် ပထမ နှစ်အတွင်း ယန္တရားသည် နယ်ပယ်ကဏ္ဍစုံတွင် သိသိသာသာ တိုးတက်မှုရှိခဲ့သည်။

အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ဖြစ်သော (၂၀၁၁) ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၌ ကျူးလွန်ခဲ့သည့် အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတို့နှင့် ဆက်နွှယ်နေသည့် သက်သေခံအထောက်အထားကို စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စိစစ်ရန်ဖြစ်ပြီး ကျူးလွန်သူ တစ်ဦးချင်းစီ၏ ပတ်သက်နေပုံကို ဖာ်ထုတ်ပေးမည့် အမှုတွဲများကို တည်ဆောက်ပေးရန် တာဝန်များ ကို အကောင်အထည်ဖော်နိုင်ရန် အလုပ်အဖွဲ့၊ အခြေခံအဆောက်အအုံကို စုစည်းနိုင်ခဲ့ပါသည်။

ယန္တရားအနေဖြင့် ရင်ဆိုင်နေရသည့် အောက်ပါ အခက်အခဲများကို ဖြေရှင်းရာ တွင် အထောက်အကူဖြစ်စေရန် ကျွမ်းကျင်သူများ၊ ပညာရပ်ဆိုင်ရာ တတ်ကျွမ်းသူများကို ဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရန် ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။

  • မျက်မြင်သက်သေများနှင့် သတင်းအချက်အလက် မျှဝေပေးသူများကို ခိုင်မာစွာ အကာအကွယ်ပေးနိုင်ရန်၊
  • သက်သေခံအထောက်အထားများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စီမံနိုင်သည့် စနစ် တည်ဆောက်ခြင်း၊
  • ဆိုင်ဘာအွန်လိုင်း၊ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ကာကွယ် တုန့်ပြန်ရန် နှင့်
  • ဘာသာစကား အမျိုးမျိုး ပြောဆိုကြသည်ဖြစ်သော ပါဝင်ဆွေးနွေးသူများနှင့်၊ ပတ်သက်ဆက်စပ်နေသူများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်နိုင်ရန်

အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုရေး၊ စစ်ရေး သုံးသပ်ချက်၊ လိင်ဆိုင်ရာနှင့် ကျား မ လိင်အမျိုးအစားအပေါ်အခြေခံသည့် ရာဇဝတ်မှုများနှင့်အကြမ်းဖက်မှု၊ နှင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတို့နှင့်ပတ်သက်၍ ကျွမ်းကျင်သူများကိုလည်း စုစည်းထားနိုင်ခဲ့သည်။

အဖွဲ့အစည်းအတွင်း လက်ရှိအချိန်တွင် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် ထက်ထက်မြတ်မြတ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် (၂၀၂၁) ခုနှစ်တွင် ပိုမိုကျစ်လစ်သည့် အသုံးစရိတ်ကို တင်ပြတောင်းဆိုနိုင်ရန် ယန္တရား၏ ဖွဲ့စည်းပုံနှင့် စုဖွဲ့မှု ကိုအပြောင်းအလဲပြုလုပ်ခဲ့သည်။

အများပြည်သူများထံသို့ ဆက်သွယ်ပြန်ကြားခြင်းကို ဦးစားပေးတခုအနေဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ပြန်ကြားဆက်သွယ်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်းကြောင့် ရှုပ်ထွေးလှသည့် ယန္တရားလုပ်ငန်းနှင့် ပတ်သက်ပြီး အများပြည်သူ၏ နားလည်မှုများ မြင့်တက်လာခဲ့သည်။ လုပ်ငန်းသဘောအရ ဆက်စပ် နေသူများ၏ ယုံကြည်မှု၊ ပူပေါင်းဆောင်ရွက်မှုများ ရရှိရန်လည်း ပြန်ကြားဆက်သွယ်မှု များပြုလုပ်ရန် မရှိမဖြစ်လိုအပ်သည်။ ယန္တရား၏ တာဝန်ခံမှုနှင့်ဆိုင်သည့် လုပ်ပိုင်ခွင့်များကို ထိထိရောက်ရောက် ဖြန့်ဝေအသိပေးထားခြင်းဖြင့် ရာဇဝတ်မှု အသစ် ကျူးလွန်ခြင်းများကိုတားဆီးပေးနိုင်သည်ဟု ယူဆမိပါသည်။

မေလတွင် ယန္တရား၏ ပထမဆုံး သတင်းလွှာကို ထုတ်ဝေနိုင်ခဲ့သည်။ သတင်းလွှာတွင် ယန္တရား၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် များကိုဖော်ပြထားသည်။ ကဏ္ဍအလိုက်ဖြစ်ပေါ်နေသည့် တိုးတက်မှုများကို သက်ဆိုင်သူများသို့အကြောင်းကြား အသိပေးနိုင်ရန်အတွက် သတင်းလွှာများကို ပုံမှန် ထုတ်ဝေသွားရန်လည်း စီစဉ်ထား ပါသည်။ ဇူလိုင်လတွင် ယန္တရား၏ တရားဝင် ဝက်ဘ်ဆိုက် iimm.un.org ကို စတင်ခဲ့ပါသည်။ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားပါသည်။

လွန်ခဲ့သည့် ၆ လတာ အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ယန္တရားလုပ်ငန်းများ ဖြစ်သော လုပ်ငန်းဆက်စပ်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ သက်သေ အထောက်အထားများ စုဆောင်းရန် ခရီးသွားလာမှုများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ အခြေအနေများ ခက်ခဲနေသည့်တိုင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ပါ တာဝန်များကို ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာများ အသုံး ချခြင်း၊ ဆန်းသစ်သော နည်းလမ်းများ ဖြင့်ဆောင်ရွက်နေသကဲ့သို့၊ လုပ်ငန်း လည်ပတ် ဆောင်ရွက်မှုတွင်လည်း အပြောင်းအလဲများ ပြုလုပ်ခဲ့ပါသည်။

သက်သေစုစည်းမှုနှင့်ပတ်သက်ပြီး ယန္တရားသည် အချက်အလက်များ ပံ့ပိုးပေးနိုင်သည့် သတင်းရင်းမြစ်များကို ဖော်ထုတ်ကာ တောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်သည်။ ရံဖန်ရံခါ သတင်းရင်းမြစ်များတွင် ၎င်းတို့ကြောင့်ကြမှုများ၊ လုံခြုံရေးဆိုင်ရာ ပူပန်မှုများ ကိုယ်စီရှိကြသည်ဖြစ်ရာ ဆွေးနွေးမှုများပြုလုပ်ရာတွင် ရှုပ်ထွေးမှုများရှိသည်။ ထိုဆွေး နွေးမှုများသည် ကန့်သတ်အကြောင်းအရာများဖြစ်ကြောင့် အသေးစိတ်ကို တင်ပြနိုင်ခြင်း မရှိပါ။ သို့ သော်လည်း ထိုကဲ့သို့သော ဆွေး နွေး မှုများမှ ရလဒ်များ ရရှိခဲ့သည်ကို တင်ပြလိုပါသည်။

ဥပမာအားဖြင့် မကြာသေးမီက အစီရင်ခံခဲ့သည့်အတိုင်း ယန္တရားသည် ဖေ့ဘုတ် နှင့် ဆွေးနွေးမှုများ ၁ နှစ်ကျော် ကြာအောင် ပြုလုပ်ခဲ့ပါသည်။ ယန္တရား၏ တောင်းဆိုချက်အရ အကြောင်းအရာအချို့ကို ထိန်းသိမ်းထားရန် သဘောတူညီခဲ့ပြီး၊ ယန္တရား၏ တောင်းဆိုချက် နှင့် တစိတ်တပိုင်း သက်ဆိုင်သည့် သတင်း အကြောင်းအရာများကို ထုတ်ပြန်ပေးခဲ့သည်။ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး လုပ်ငန်းအကြောင်းအရာ နှင့် သက်ဆိုင်သည့် ကိစ္စများ ဆက်လက် ထုတ်ပြန်ပေးလာရန် မျှော်လင့်လျက်ရှိပါသည်။

လုပ်ငန်းနှင့်ဆက်စပ်နေသည့် အချက်အလက်များရရှိရန်အတွက် မြန်မာအစိုးရကို လည်း ဆက်သွယ်မှုများဆက်လက်ပြုလုပ်လျက်ရှိသည်။ အထောက်အထားများ စုစည်း ခြင်းကို ဘက်မလိုက်၊ ပညာရှင်ဆန်စွာ ဆောင်ရွက်ခြင်းဖြင့် ပြစ်မှုကျူးလွန်သူများသာ လျင် ယန္တရားလုပ်ငန်းကို စိုးရိမ်ရန်လိုအပ်မည်ဖြစ်ကြောင်းကို သဘောပေါက်လာစေမည် ဟု မျှော်လင့်ပါသည်။

တချိန်တည်းမှာပင် ရရှိလာသည့် အထောက်အထားများကို လုံခြုဘေးကင်းစွာ သိမ်းဆည်းထားနိုင်ရန်၊ ကျူးလွန်သူတဦးချင်းစီကို စိစစ် ဖော်ထုတ်နိုင်မည့် စနစ်ကို လည်း တည်ဖောက်လျက်ရှိသည်။

၂၀၂၀ ခုနှစ် ဇွန်လတွင်ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက် ၄၃/၂၆တွင် လာမည့် ကာလများတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး၊ အပြည်ပြည်ဆိုင်ရာ တရားရုံး များအပါအဝင် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် နှင့် နိုင်ငံတကာ တရားရုံးများ ပြုလုပ်မည့်စုံစမ်းစစ်ဆေးမှုများ နှင့် ယန္တရားကြား နီးနီးကပ်ကပ် အချိန်နှင့် တပြေးညီ ပူးပေါင်းမှုများပြုလုပ်ကြရန် လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။

ယန္တရားသည် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် အမှုရင်ဆိုင်နေကြသည့် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာတို့ လိုအပ်သည့် အချက်အလက်များကို တောင်းဆိုမှုနှင့်အညီ ဖြန့်ဝေပေးလျက်ရှိပါသည်။ အမှုကို ဆုံးဖြတ်မည့် တရားသူကြီးများအနေဖြင့် သက်ဆိုင် ရာ အထောက်အထားများ အားလုံးကို လေ့လာနိုင်ရန် အရေးကြီးသည်ဟု ယုံကြည် ထားပါသည်။

ယန္တရား၏ လုပ်ပိုင်ခွင့်များဆက်လက်အသက်ဝင်နေဆဲအချိန်တွင် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် ရာဇဝတ်မှုဟု သတမှတ်နိုင်သည့် ဖြစ်စဉ်များကို အနီးကပ်စောင့်ကြည့်နေပြီး၊ အစီရင်ခံတင်ပြမှုများလည်းပြုလုပ်လျက် ရှိသည်။ စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိပြီး၊ ဖြစ်ပေါ်နေသည့် အကြမ်းဖက် မှုများကို မှတ်တမ်းတင် ထိန်းသိမ်းထားကြောင်းကို လည်းအသိပေးလိုပါသည်။

လေးစားရသည့် ဥက္ကဌကြီးခင်ဗျာ

ယန္တရားလုပ်ငန်းတလျှောက် အမှတ်ထင်ထင်ဖြစ်နေသည့် ဖြစ်စဉ်တခုမှာ လွန်ခဲ့သည့် နှစ် နိုဝင်ဘာလ ကော့ဘဇားတွင် နစ်နာရသူများ၊ ရပ်ရွာကိုယ်စားလှယ်များနှင့် ဆုံတွေ့ ခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပါသည်။ အကြမ်းဖက်မှုများကြောင့် ၎င်းတို့မိသားစုများ နစ်နာရပုံ များ၊ အမှန်တရားကို လိုလားနေသည့် ၎င်းတို့ဆန္ဒများကို ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။ ၎င်းတို့နေရပ်သို့ပြန်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောပြခဲ့ကြပြီး၊ လုံခြုံသည့် အခြေအနေရှိမှသာ ပြန်လိုကြောင်း ပြောပြခဲ့ကြသည်။ ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာနှင့် ဆန္ဒအလျောက်ပြန်နိုင်ရန်အတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် အဆင့်တခုမှာ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများ လွတ်မြောက်နေမှုကို အဆုံးသတ်ရန်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များတွင် နစ်နာရသူအတွက် တာဝန်ခံမှု ဖော်ထုတ် ပေးနိုင်ရန်မှာ အလွန်အရေးကြီးသည်ကို နားလည်သဘောပေါက်ထားပါသည်။ ထိုသို့အမှန်တရားဖော်ထုတ်သည့် ဖြစ်စဉ်တွင် မိမိ ကျရာကဏ္ဍကို လစ်ဟာမှုမရှိပဲ ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားပါသည်။ သို့သော်လည်း ယန္တရား တခုတည်းဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ ယန္တရား ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များ အလုံးစုံ အထမြောက်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အတိအကျ ဆိုရလျင် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးမှုများ ဆက်လက် လိုအပ်နေပါသည်။

ကျေးဇူးတင်ပါသည်။

ဤ မြန်မာဘာသာပြန်သည် ကုလသမဂ္ဂက တရား၀င် ဘာသာပြန်ထားခြင်း မဟုတ်ပါ။

Original Post ကိုဖတ်ရန်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia