14 September 2020
ရက်စွဲ။ ။ စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ်
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရက္ခိုင်ပြည်နယ်အတွင်း 4G အင်တာနက် ပြန်လည်တပ်ဆင်ပေးရေး၊ ပြည်နယ်အစိုးရအား အယုံအကြည်မရှိ ကြွေးကြော်သံများအပါအဝင် တပ်မတော်မှကျူးလွန်ခဲ့သော လူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်သက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့တွင် သွားရောက် ဆန့်ကျင်၊ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ကျောင်းသား (၃) ဦးအား စစ်တွေမြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်း၊စု၊စီဥပဒေများဖြင့် တရားစွဲခဲ့ကြောင်း သိရှိရသည်။
အလားတူ တောင်းဆိုမှုများကို ရှမ်းပြည်နယ်၊ သီပေါမြို့၊ လားရှိုးမြို့နှင့် ကယားပြည်နယ်တို့တွင်လည်း ကျောင်းသားသမဂ္ဂများက ဦးဆောင်ကာ ပြုလုပ်ခဲ့ကြောင်း ကြားသိရသည်။ စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် မန္တလေးမြို့နှင့် ရန်ကုန်တွင်လည်း အထက်ပါ တောင်းဆိုမှုများအား ထောက်ခံဆန္ဒပြသည့် လှုပ်ရှားမှုများ၊ ပိုစတာ၊ စတင်ကာ ကန်ပိန်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုများကြောင့် ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်၊ ကိုသန်းနိုင်၊ မန္တလေးတိုင်းတွင် ဗကသ အဖွဲ့ဝင် ကိုသီဟရဲကျော်၊ ကိုစိုးလှနိုင်၊ ကိုမျိုးချစ်ဇော်(ခ)ကိုဘချစ်၊ ရန်ကုန်တိုင်းတွင် ကိုဝေယံဖြိုးမိုးနှင့် ကိုပိုင်မင်းခန့် တို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် ငြိမ်း၊စု၊စီ ဥပဒေများဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး အမှုဖွင့်ခဲ့ကြရသည်။
ကိုဝေယံဖြိုးမိုးနှင့် ကိုပိုင်မင်းခန့်တို့ နှစ်ဦးအား လာရောက်ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးမှ ‘ဆေးစစ်မည်ဟု လာရောက် ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှ အစိုးရဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခြင်းဖြစ်သည်’ဟု ထုတ်ပြန်ထားရာ ယခင် စစ်အာဏာရှင်လက်ထက် စစ်ထောက်လှမ်းရေးမှ နိုင်ငံရေးလှုပ်ရှားသူများအား ဖမ်းဆီးသည့်ပုံစံနှင့် အသွင်သဏ္ဍန်တူနေကြောင်း စိတ်မကောင်းစွာ သိရှိရပါသည်။
အဆိုပါဖြစ်စဉ်များတွင် ကျောင်းသားများတောင်းဆိုသည့် တောင်းဆိုချက်များအား ဖြေရှင်းပေးရန်အတွက် မစဉ်းစားဘဲ တောင်းဆိုကြသည့် ကျောင်းသားများအား အမှုဖွင့်တရားစွဲဆိုသည့်ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြေရှင်းရန်မကြိုစားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများအား ထပ်မံကျုးလွန်ရန် အကာအကွယ်ပေးသကဲ့ဖြစ်နေပါသည်။ ဤသည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံ ကျူးလွန်နေကြောင်း ပေါ်လွင်စေပါသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်လျှက်ရှိနေပြီး နိုင်ငံသူ/သားများမှာ နိုင်ငံသားများ၏ မူလရပိုင်ခွင့်အခွင့်အရေးများ ကျင့်သုံးခွင့်မရဘဲ အခွင့်အရေး ချိုးဖောက်မှုများသာ ခံစားနေကြရပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်ရသည့် အခြေခံအကြောင်းတရားကို ဖော်ထုတ်အရေးယူနိုင်မှသာ နိုင်ငံသူ/သားများ လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တခုကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှုများ ရပ်တန့်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်၊ ယနေ့ကာလ တိုင်းပြည်တွင် ကျရောက်နေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဆိုးကာလကြီးအတွင်း စစ်ပွဲများရပ်တန့်ရန်၊ စစ်ပွဲများအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုများအား လွတ်လပ်သောစုံစမ်း စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးရန် နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအား လိုသလိုအသုံးချနေခြင်းများရပ်တန့်ပြီး တရားဥပဒေစိုးမိုးရေးအကောင်အထည် ဖော်ဆောင်ရွက်ရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းမှ အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ကိုတိတ်နိုင်- အတွင်းရေးမှူး +၉၅(၀) ၉၄၂၈ ၀၂၃ ၈၂၈
ကိုဘိုကြည်- တွဲဖက်အတွင်းရေးမှူး +၉၅(၀) ၉၄၂၅၃၀၈၈၄၀
ကိုအောင်မျိုးကျော်- ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂၈၁၁ ၇၃၄၈
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.