လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်များအား တရားစွဲဆိုအရေးယူနေမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်များအား တရားစွဲဆိုအရေးယူနေမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ရက်စွဲ။ ။စက်တင်ဘာလ ၇ ရက်၊ ၂၀၂၀ ပြည့်နှစ်

ယခုလ စက်တင်ဘာလ (၄) ရက်နေ့ တွင် အသံအဖွဲ့ ဒါရိုက်တာ မောင်ဆောင်းခ အား ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် တရားရုံးမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲမှုအား ဒဏ်ငွေ၃၀၀၀၀ (သုံးသောင်းကျပ်) ဆောင်ရန် သို့မဟုတ် ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ဆို့ခံရမှု ရုတ်သိမ်းပေးရေး လှုပ်ရှားမှုကြောင့် မောင်ဆောင်းခ နည်းတူ ရခိုင်ကျောင်းသားများ သမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းအပါအဝင် ကျောင်းသား (၉) ဦးတို့သည်လည်း ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် တရားစွဲဆို၍ ဇူလိုင်လအတွင်း အသီးသီး အရေးယူ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ကြရပြီး ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီ လူငယ်ရေးရာကော်မတီမှ ရခိုင်လူငယ် (၂) ဦးသည် ယခုချိန်အထိ တရားရင်ဆိုင်နေရဆဲဖြစ်သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) တွင် လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်ဟု အတိအလင်း ပြဌာန်းထားပြီး မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၄ တွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်အဖြစ် ပြဌာန်းထားခဲ့သည်။ ထို့အပြင် နိုင်ငံတော်မှ ပြဌာန်းခဲ့သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေတွင်လည်း နိုင်ငံတော် (အစိုးရ) အနေဖြင့် ငြိမ်းချမ်းစွာ စုဝေးမှုများအား ကာကွယ်ပေးရန် တာဝန်ရှိရုံမက ထိုသို့သော ငြိမ်းချမ်းစွာ စုဝေးမှုများ အဆင်ပြေချောမွေ့စေရန် ဖြစ်မြောက်စေရန် ပံ့ပိုးလုပ်ဆောင်ပေးရန်လည်း တာဝန်ရှိသည်ဟု ဖော်ပြပါရှိသည်။
သို့သော်လည်း ၂၀၁၀ ခုနှစ် လွှတ်တော်ပေါ်ပေါက်ပြီးနောက်ပိုင်း အစိုးရ နှစ်ရပ်စလုံးမှ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့်ပတ်သက်၍ တရားစွဲဆို အရေးယူများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၂၀ ကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေး တောင်းဆိုမှုတို့အတွက် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်အား ကျင့်သုံးခဲ့သဖြင့် ပုဒ်မ (၁၈) ဖြင့် အရေးယူ ခံရသူ ၁၈ ဦး၊ ပုဒ်မ ၁၉၊၂၀ ဖြင့် အရေးယူ ခံရသူ ၁၇၉ ဦးနှင့် ပုဒ်မ ၆၆ (ဃ)ဖြင့် အရေးယူ ခံရသူ ၁၈၀ ဦး ရှိခဲ့သည်။ ၎င်းတို့တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမား အခွင့်အရေး၊ လယ်သမား အခွင့်အရေး၊ မြေယာအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးတို့အတွက် တောင်းဆို တိုက်ပွဲဝင်သူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လယ်သမားများ၊ ကျောင်းသားများနှင့် ပြည်သူများပါဝင်ပြီး (၅၄) ဦးမှာ သတင်း၊ မီဒီယာ၊ ဂျာနယ်လစ်များ ဖြစ်သည်။
လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်အား ကျင့်သုံးများအပေါ် အစိုးရမှ အရေးယူ ရာတွင် ပုဒ်မ ၁၈၊၁၉၊၂၀ နှင့် ပုဒ်မ ၆၆ (ဃ) တို့ဖြင့်သာမကပဲ ပုဒ်မ ၅၀၅ (ခ)၊ နိုင်လွတ်လုံ ၁၀/၁၂၊ ပုဒ်မ ၅၀၀၊ ၁၇/၁၊ ၁၇/၂၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ စသည်တို့ဖြင့်ပါ အရေးယူ ထားသည်ကို တွေ့ရှိရသည်။

ထိုသို့အရေးယူမှုများသည် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရယူ သိရှိပိုင်ခွင့်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကာကွယ်ရန် စသည်တို့အား ဖေါ်ဆောင်ရန် ကြိုးပမ်းမှုမှ တဆင့် အရေးယူ အပြစ်ပေးခံနေခြင်း ဖြစ်ပါသည်။

ငြိမ်း၊စု၊စီ ဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများမှ စဉ်ဆက်မပြတ်တောင်းဆိုမှုများ ပြုခဲ့သော်လည်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးရန် နီးကပ်သည့်အချိန်အထိ ယင်း ဥပဒေအား ပြည်သူအပေါ် အကာအကွယ်ပေးသော၊ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်အား အာမခံသော ဥပဒေအဖြစ် ပြင်ဆင် ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ မိမိတို့ အေအေပီပီမှ ဝေဖန် အကြံပြုခဲ့သည့် (ရုတ်တရက်) ရှောင်တခင် ဆန္ဒဖေါ်ထုတ်မှုများအတွက် စဉ်းစားချက်များမှာလည်း လက်ရှိ ငြိမ်း၊စု၊စီ ဥပဒေတွင် မပါရှိသေးသည့်နည်းတူ ထိုအချက်အရ အရေးယူ အပြစ်ပေးမှုများမှာလည်း များစွာ ပါဝင်နေသည်ကို တွေ့ရှိရသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းအား နိုင်ငံသားတိုင်း၏ရပိုင်ခွင့်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပေးထားပြီးသားဖြစ်သော်လည်း ငြိမ်း၊စု၊စီ ဥပဒေဖြင့် ကန့်သတ် တရားစွဲဆိုမှုများ ရှိနေသည့်အတွက် မလိုလားအပ်ပဲ နိုင်ငံတော် အတွက် ငွေကြေးအကုန်အကျများပြီး တရားစွဲခံရသူအတွက်လည်း တရားရုံးချိန်းများ အကြိမ်များစွာ သွားရောက်ရသည့်အတွက် အလုပ်အကိုင်ပျက်ခြင်း၊ ထိုသူတို့၏ လွတ်လပ်စွာ သွားလာခွင့်ကိုပါ ကန့်သတ်ခံကြရသည်။ ဒီမိုကရေစီနိုင်ငံတွင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို စနစ်တကျ ကျင့်သုံးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လေ့ကျင့်ပေးဖို့လိုအပ်သကဲ့သို့ ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူများအား အကာအကွယ်ပေးဖို့ရန်လည်း လိုအပ်ပေသည်။

လက်ရှိ ငြိမ်း၊စု၊စီ ဥပဒေအရ ပြည်သူများ၏ လွတ်လပ်ခွင့်များ ပိတ်ပင်ခံထားရသလို အာဏာပိုင်များမှ ဥပဒေကို လိုသလိုအသုံးချပြီး ပြည်သူများအား ဖိနှိပ်ရေး ကိရိယာအဖြစ် နှိပ်ကွပ်အသုံးပြုနေသည့် အတွက် အဆိုပါ ငြိမ်း၊စု၊စီ ဥပဒေကို ပြည်သူများအား အကာအကွယ်ပေးသည့် ဥပဒေအဖြစ် အမြန်ဆုံးပြင်ဆင်နိုင်ရန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) အနေနှင့် ထပ်မံ တိုက်တွန်းလိုက်ပါသည်။

ဆက်သွယ်ရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ကိုတိတ်နိုင် ၊ အတွင်းရေးမှူး ဖုန်း- ၀၉၄၂၈၀၂၃၈၂၈
ကိုဘိုကြည် ၊ တွဲဘက်အတွင်းရေးမှူး ဖုန်း- ၀၉၄၂၅၃၀၈၈၄၀

ထုတ်ပြန်ချက်ကို PDF ဖြင့်ယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia