နောက်ကျ ကျန်ခဲ့သောတိုင်းပြည် – မြန်မာနိုင်ငံမှ COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း

03 September 2020

နောက်ကျ ကျန်ခဲ့သောတိုင်းပြည် – မြန်မာနိုင်ငံမှ COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း

COVID-19 ကို မြန်မာအစိုးရနှင့် မြန်မာစစ်တပ်တို့မှ နိုင်ငံရေးအကျိုးအမြတ်အတွက် လက်နက်သဖွယ် အသုံးချခြင်းအကြောင်း ဖော်ထုတ်ရေးသားထားသော “A Nation Left Behind: Myanmar’s Weaponization of COVID-19” အစီရင်ခံစာတစ်စောင်ကို Progressive Voice မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့် ဦးစွာရေးသား ထုတ်ဝေခဲ့ပါသည်။ ထိုအစီရင်ခံစာကို ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ဝေခဲ့သော်လည်း အစီရင်ခံစာပါအချက်များနှင့် ယနေ့မြေပြင်ပေါ်က အခြေအနေများကို ယှဥ်ထိုးကြည့်ပါက တစ်စုံတစ်ရာ ပြောင်းလဲလာခြင်း မရှိသေးသည်ကို တွေ့ရမည်။ ယင်းအစီရင်ခံစာကို “နောက်ကျကျန်ခဲ့သောတိုင်းပြည် – မြန်မာနိုင်ငံမှ COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း” အမည်ဖြင့် မြန်မာဘာသာသို့ ဘာသာပြန်ရေးသားထားသည်ကို အောက်ဆုံး၌ ပေးထားသောလင့်ခ်ထဲတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ထိုအစီရင်ခံစာ၌ ဖော်ပြခဲ့သော အကြောင်းအရာများတွင် လက်နက်ကိုင်တိုက်ပွဲများ အရှိန်ပြင်းစွာ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ အရပ်သား ပြည်သူများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်ခံစားနေကြရသည့် အခြေအနေများအပါအ၀င် မြန်မာအစိုးရမှ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်း၊ သတင်းအမှောင်ချထားခြင်းကြောင့် COVID-19 ကာလ အစိုးရ၏ “မည်သူတစ်ဦး တစ်ယောက်မျှ ဖယ်ချန်မထားရေး” မူကို မှားယွင်းစွာ အကောင်အထည်ဖော်နေသည့် အကြောင်းတို့ကို ထင်ရှားစွာဖော်ပြထားပါသည်။

ထို့အပြင် ၎င်းအစီရင်ခံစာတွင် ရက္ခိုင့်တပ်တော် (AA) အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးနောက် AA နှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားသောတိုက်ပွဲများအကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ရေးသားဖော်ပြသော တိုင်းရင်းသားသတင်းမီဒီယာ ဝက်ဘ်ဆိုဒ်များကိုလည်း “သတင်းအတုများ” ရေးသားသည်ဟုဆိုကာ ထိုသတင်းစာမျက်နှာ များကို ပိတ်ဆို့အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ရေးသားဖော်ပြပါရှိပါသည်။ ယင်းသို့ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြရေးသားသော ဝက်ဘ်ဆိုဒ်များအား ပိတ်ဆို့ခြင်းသည် ယခုထက်ထိတိုင် လုပ်ဆောင်နေသည်ကိုလည်း တွေ့ရပါသည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ အကျင့်ပျက် ခြစားမှုများကို အစဉ်တစိုက် ရေးသားဖော်ထုတ်နေသော Justice For Myanmar အမည်ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ ဝက်ဘ်ဆိုဒ်ကိုလည်း ပူပူနွေးနွေး ပိတ်ဆို့ထားကြောင်း သိရှိရပါသည်။

ဩဂုတ်လတွင် အစိုးရမှ အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးသော်လည်း အမြန်နှုန်း 2G ဖြင့်သာ ဖွင့်ပေးထားသဖြင့် COVID-19 ဆိုင်ရာ အသိပညာပေးချက်များ၊ သတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ ဖတ်ရှုလေ့လာရန် အခက်အခဲများစွာ ရှိနေသေးပါသည်။ အထူးသဖြင့် ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် COVID-19 ဒုတိယလှိုင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ရောဂါပျံ့နှံ့မှုနှုန်းမှာ တစ်နေ့တစ်ခြား လျင်မြန်စွာ ကြီးထွားလာသဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ပြည်သူများအတွက် 4G အင်တာနက်ရရှိရေးနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ရန် လွန်စွာအရေးကြီးကြောင်း အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လူထုများမှ တောင်းဆိုနေကြသော်လည်း မြန်မာအစိုးရနှင့် မြန်မာစစ်တပ်တို့မှ လျစ်လျူရှုထားခြင်းနှင့် ဇွန်လက ထုတ်ခဲ့သော အစီရင်ခံစာပါ အချက်များသည် ယနေ့ထိတိုင် တိုးတက်ပြောင်းလဲမှု မရှိနေသည့်အပြင် ပိုမိုဆိုးရွားလာသော အခြေအနေကို စိတ်မကောင်းစွာ ဆက်လက် မြင်တွေ့နေရသည်။

အစီရင်ခံစာအပြည့်အစုံကို PDF ဖြင့်ယူရန်။

အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia