24 August 2020
၂၄ ဩဂုတ် ၂၀၂၀၊ ရန်ကုန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် PACE အဖွဲ့ ပါဝင်စောင့်ကြည့်လေ့လာခွင့်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စောင့်ကြည့်လေ့လာခွင့် ပြန်လည်ပေးအပ်မည်ဟု ဆိုသော်လည်း အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ပြုချက် ရပြီးမှသာ အသိအမှတ် ပြုလွှာထုတ်ပေးမည်ဟု ဆိုပါသည်။ ကော်မရှင်၏ ယခုဆုံးဖြတ်ချက်မှာ နိုင်ငံသားများ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ဥပဒေ မူဘောင်လုပ်ထုံးလုပ်နည်းများဖြင့် ကန့်သတ်လိုက်ခြင်း ဖြစ်ရုံသာမက နိုင်ငံသားများ၏ နိုင်ငံရေးအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းတည်ထောင်ခွင့်နှင့် နိုင်ငံ့ရေးရာကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့်ကို ကန့်သတ်ချုပ်ချယ်လိုက်ခြင်းဖြစ်သည်ဟု ရှုမြင်ပါ သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လက်ရှိအကန့်အသတ်များကို ဖယ်ရှားပြီး နိုင်ငံသားများ၏ ပါဝင်စောင့်ကြည့်ခွင့်ကို အာမခံချက်ပေးရန် တိုက်တွန်းပါသည်။ ရေရှည်တွင်လည်း နိုင်ငံသားများ၏ နိုင်ငံရေး အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေမူဘောင်ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေပြုလုပ်ရန် လိုအပ်ပါသည်။
PACE အဖွဲ့အနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ရရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်သော်လည်း အချိန်ကာလအကန့်အသတ်နှင့် လုပ်ထုံး လုပ်နည်းများအရ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအမီ စောင့်ကြည့်လေ့လာခွင့်ရရှိရန်မသေချာပါ။ လက်ရှိတွင် ရွေးကောက်ပွဲကျင်းပရန် ၇၅ ရက်သာလိုပြီး မဲဆွယ်စည်းရုံးရေးကာလစတင်ရန် ရက်သတ္တပတ် ၂ ပတ်ခန့်သာလိုပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရာတွင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလ စသည့် ဖြစ်စဉ်အားလုံးကို စောင့်ကြည့်လေ့လာခွင့်မရဘဲ တစ်စိတ်တစ်ပိုင်းကိုသာ စောင့်ကြည့်လေ့လာခွင့်ရမည်ဆိုပါက မှန်ကန်သော သမာသမတ်ကျသော သုံးသပ် ချက် လေ့လာဆန်းစစ်ချက်များ ရရှိမည်မဟုတ်ပါ။ ယခုကဲ့သို့ အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားပြီး ခွင့်ပြုချက်ရမှသာ စောင့်ကြည့် လေ့လာခွင့်ပြုမည်ဆိုသည့် ဆုံးဖြတ်ချက်မှာ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်ခွင့်အတွက် လက်တွေ့မကျသည့်အပြင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် အဟန့်အတားတစ်ခုသာဖြစ်ပါသည်။
နိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲပေးခွင့်ရှိရုံသာမက ယင်းရွေးကောက်ပွဲဖြစ်စဉ်၏ အရည်အသွေးကိုပါ သိရှိခွင့် ရရှိရန် လိုအပ်သည်။ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဆိုသည်မှာ နိုင်ငံသားများ၏ စောင့်ကြည့်လေ့လာခြင်းဖြစ်ပြီး နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ဆန္ဒမဲများ လုံခြုံမှုရှိ/မရှိ၊ တိကျသေချာစွာ ရေတွက်ခြင်းရှိ/မရှိကို စောင့်ကြည့်လေ့လာခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေများအရ နိုင်ငံသားများကို စောင့်ကြည့် လေ့လာခွင့်ပေးအပ်ထားခြင်းမရှိသော်လည်း ရွေးကောက်ပွဲဖြစ်စဉ် သမာသမတ်ကျမှုနှင့် ယုံကြည်မှုကို မြှင့်တင်နိုင်ရန် ဥပဒေတွင်းမှ လုပ်ထုံး လုပ်နည်းများထုတ်ပြန်ကာ ပြည်တွင်း/ပြည်ပ စောင့်ကြည့်လေ့လာမှုကို အားပေးမြှင့်တင်နိုင်ခဲ့သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ရွေးကောက်ပွဲကာလ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲဖြစ်စဉ်နှင့် ရလဒ်အပေါ် ယုံကြည်မှုရှိရေးအတွက် နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေချိန်တွင် နိုင်ငံသားများ၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော်လည်း ကော်မရှင်၏ဆုံးဖြတ်ချက်မှာ ယခင်က ရရှိခဲ့သည့် နိုင်ငံသားအခွင့်အရေးများကိုပါ ထပ်မံ ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ရှုမြင်ပါသည်။
PACE အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်နှင့် ပတ်သက်၍ ဩဂုတ်လ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာခွင့် ပြန်လည်ခွင့်ပြုမည်ဟုဆိုကာ အသင်းအဖွဲ့ မှတ်ပုံတင်ရေးအတွက် ထောက်ခံစာကို ထုတ်ပေးခဲ့ပါသည်။ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ကထုတ်ပေးသည့် အသင်းအဖွဲ့မှတ်ပုံတင်လျှောက်လွှာ လက်ခံရရှိကြောင်း ပုံစံ (၅) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စောင့်ကြည့်လေ့လာခွင့်အတွက် ယင်းနေ့တွင် ဖြည့်စွက်တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၂၁ ရက်စွဲဖြင့် ယခုကဲ့သို့ပြန်ကြားလာခြင်းဖြစ်သည်။ အဓိကအားဖြင့် “[…] ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) သည် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ထားသော အသင်းအဖွဲ့တစ်ခုမဟုတ်ပါ။ မှတ်ပုံတင်ထား သော အသင်းအဖွဲ့မဟုတ်သဖြင့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၁၄ ခုနှစ်) ပုဒ်မ ၂၇ တွင် ပြဋ္ဌာန်းချက်အရ နိုင်ငံတကာ အစိုးရတစ်ရပ်ရပ်ထံမှ ဖြစ်စေ၊ အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့တစ်ရပ်ရပ်ထံမှ ဖြစ်စေ၊ ပြည်တွင်းအသင်းအဖွဲ့တစ်ရပ်ရပ်ထံမှ ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှဖြစ်စေ အထောက်အပံ့ရယူနိုင်မည်မဟုတ်ပါ။ […..] ရွေးကောက်ပွဲလေ့လာခြင်းကို မည်သူမဆို လေ့လာခွင့်ရှိပါသည်။ သို့ရာတွင် ပြည်ပအဖွဲ့အစည်းများ၏ အထောက်အပံ့ကိုယူ၍ ရွေးကောက်ပွဲလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက် လိုပါက ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အနေဖြင့် မှတ်ပုံတင်ခွင့် လျှောက်ထားရန်နှင့် မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီး ကြောင်း တင်ပြလာမှသာလျှင် လေ့လာခွင့်အသိအမှတ်ပြုလွှာ ထုတ်ပေးသွားမည် ဖြစ်ပါသည်” ဟူ၍ အကြောင်းပြန်ကြားစာတွင် ဖော်ပြထားပါသည်။
PACE အဖွဲ့၏ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်ခွင့်နှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့် လျှောက်ထားမှု ရက်စွဲမှတ်တမ်း
၂၀၂၀၊ ဧပြီ ၉ | OSM/FPOS မှ ငွေလွှဲမှုကို ကမ္ဘောဇဘဏ်မှ အကြောင်းကြားလာသည့်အတွက် လိုအပ်သည့် စာရွက် စာတမ်းများ (ရန်ပုံငွေဆိုင်ရာ သဘောတူညီချက်အပါအဝင်၊ ယခင်စောင့်ကြည့်လေ့လာမှု အသိအမှတ် ပြုလွှာ မိတ္တူများ) ပေးပို့။ |
မေ ၂၉ | “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မထောက်ခံသဖြင့် ငွေစာရင်းသို့ ငွေထည့်သွင်းခွင့် မပြုကြောင်း ဗဟိုဘဏ်မှ အကြောင်းပြန်” သည်ကို ကမ္ဘောဇဘဏ်မှ PACE သို့အကြောင်းကြား |
ဇွန် ၂ | ရန်ပုံငွေလက်ခံနိုင်ရန်အတွက် ကော်မရှင်၏ လုပ်ထုံးလုပ်နည်းများနှင့် အသင်းအဖွဲ့မှတ်ပုံတင်အတွက် ထောက်ခံ ချက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပထမအကြိမ် တောင်းခံ။ (ရန်ပုံငွေကိစ္စကို ဩဂုတ်လ ၂၁ ရက် မတိုင်မီအထိ ဖြေကြားခဲ့ခြင်းမရှိ) |
ဇွန် ၂၂ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က PACEအဖွဲ့ကို အသင်းအဖွဲ့မှတ်ပုံတင်အတွက် ထောက်ခံချက် မပေးနိုင် ဟု အကြောင်းပြန်၊ ရန်ပုံငွေကိစ္စ ဖြေကြားခြင်းမရှိ။ |
ဇူလိုင် ၁၄ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စောင့်ကြည့်လေ့လာခွင့်အသိအမှတ်ပြုလွှာလျှောက်ထား |
ဇူလိုင် ၁၇ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းတွေ့ဆုံပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှ မဲဆန္ဒရှင်အသိပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးတွင် အသင်းအဖွဲ့မှတ်ပုံတင်ရှိရန် မလိုအပ်၊ အကယ်၍ အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်လိုပါက ကူညီမည်ဟုပြောကြား |
ဇူလိုင် ၂၃ | PACE အဖွဲ့အနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားရန်အတွက် ထောက်ခံချက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဒုတိယအကြိမ် တောင်းခံ။ |
ဇူလိုင် ၃၀ | ● ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က PACE အဖွဲ့အနေဖြင့် ကော်မရှင်၏ လုပ်ငန်းများကို ကူညီခြင်း မဟုတ်ဘဲ စောင့်ကြည့်ခြင်းသာဖြစ်သဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ရန် ထောက်ခံချက် မပေးနိုင်ဟု အကြောင်းပြန်။● ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က PACE အဖွဲ့အနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းမရှိဘဲ နိုင်ငံတကာ ရန်ပုံငွေလက်ခံသဖြင့် အသင်းအဖွဲ့ဥပဒေ၊ ပြည်တွင်းစောင့်ကြည့် လေ့လာရေးအဖွဲ့များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မကိုက်ညီသည့်အတွက် စောင့်ကြည့်လေ့လာခွင့် အသိအမှတ် ပြုလွှာမပေးနိုင်ဟု အကြောင်းပြန်။ |
ဩဂုတ် ၁၅ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က PACE အဖွဲ့ကို ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့် ပြန်လည်ပေးအပ်မည်ဟု တယ်လီဖုန်းဖြင့် အကြောင်းကြား။ |
ဩဂုတ် ၁၈ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က PACE အဖွဲ့အနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင် လျှောက်ထားနိုင်ရန် ထောက်ခံချက် ထုတ်ပေးခဲ့ပြီး စောင့်ကြည့်လေ့လာခွင့်အတွက် ပထမဦးစွာ အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်ထားကြောင်း ပုံစံ (၅) ရယူရမည်ဟု ပြောကြားခဲ့သည်။ထိုနေ့တွင်ပင် PACE အဖွဲ့က ပုံစံ (၅) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်တင်ပြခဲ့သည်။ |
ဩဂုတ် ၂၁ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က PACE အဖွဲ့ကို အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးမှသာ စောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြုလွှာထုတ်ပေးမည်ဟု အကြောင်းပြန်။ |
ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) သည် လွတ်လပ်ပြီးအမှီအခိုကင်းသည့် နိုင်ငံရေးအရ ဘက်လိုက်မှုမရှိသော ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်ပါသည်။ ရွေးကောက်ပွဲဖြစ်စဉ်များတွင် ပြည်သူလူထုပါဝင်မှုကို မြှင့်တင်ခြင်းဖြင့် မြန်မာ နိုင်ငံအတွင်း ဒီမိုကရေစီအင်စတီကျူးရှင်းများ ပိုမိုအားကောင်းလာစေရန်ရည်ရွယ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုရှိရေး၊ နိုင်ငံသားအားလုံးပါဝင်ခွင့်ရရှိရေးနှင့် တာဝန်ခံမှုတာဝန်ယူမှု မြင့်မားလာရေးအတွက် ပြည်သူ့နီတိသင်တန်းများပို့ချခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၄ ခုနှစ် မဲဆန္ဒရှင်စာရင်းပြုစုခြင်း ကနဦးစီမံချက်မှစတင်၍ တရားဝင်စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ရာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စောင့်ကြည့်လေ့လာသူဦးရေ ၂၅၀၀ ကျော်၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာသူဦးရေ ၇၀၀ ကျော်၊ ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာသူဦးရေ ၇၀၀ ကျော်တို့ဖြင့် ရွေးကောက်ပွဲကျင်းပရာ နယ်မြေအားလုံးကို တရားဝင်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင်လည်း စောင့်ကြည့်လေ့လာသူဦးရေ ၃၅၀ ကျော်ဖြင့် ပါဝင်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုများအပြင် ၂၀၁၅-၂၀၁၉ ခုနှစ်အတွင်း လူထု သဘောထားအမြင်စစ်တမ်း ၅ ခုနှင့် အခြားစစ်တမ်းငယ်များကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ပါသည်။
ဆက်သွယ်ရန် – နေခြည် (ဖုန်း-၀၉ ၂၅၃၃၇၉၄၄၂၊ အီးမေးလ် – [email protected], https://www.pacemyanmar.org/)
ထုတ်ပြန်ချက်ကို PDF ဖြင့်ယူရန်။
၎
င
၎
၎
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.