၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်သော အရပ်ဘက် စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ပိတ်ပင်မှုကိစ္စနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

13 August 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်သော အရပ်ဘက် စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ပိတ်ပင်မှုကိစ္စနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်၊ ၁၃ ရက်

၁။ နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ဆောင်ရွက်နေသော နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးစနစ် ရှင်သန် အား ကောင်းလာစေရန်အတွက် ရွေးကောက်ပွဲများသည် အခရာကျသလို အဆိုပါ ရွေးကောက်ပွဲများသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်းဟူသည့် အခြေခံဝိသေသ နှစ်ရပ်ဖြင့်လည်း ခြွင်းချက်မရှိ ပြည့်စုံရမည် ဖြစ်သည်။

၂။ အရပ်သားအစိုးရက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် တာဝန်ယူကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ သည် စစ်တပ် အသွင်ပြောင်းအစိုးရက တာဝန်ယူ ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမို၍ လွတ် လပ် တရားမျှတမှု ရှိကြောင်း အခိုင်အမာ သက်သေပြနိုင်မှသာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ယုံကြည်စွာ မဲပေးကြမည် ဖြစ်သလို နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကိုလည်း ပိုမို၍ ယုံကြည်လာနိုင်မည် ဖြစ်သည်။

၃။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရာတွင် နိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့် စံနှုန်းများ အရ လွတ်လပ်၍ အမှီအခိုကင်းပြီး ဘက်မလိုက်သော ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များနှင့် စောင့်ကြည့် လေ့လာရေး လုပ်ငန်းစဉ်များမှာ အရေးကြီးပါသည်။

၄။ သို့ဖြစ်၍ အရပ်ဘက် အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး လုပ်ငန်း (စဉ်) များနှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင် ကန့်သတ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ရပ် များသည် ၂၀၂၀ ရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် လွတ်လပ်၍ တရားမျှတမှု အရည်အသွေးကို (တိုက်ရိုက် ထိခိုက်မှု ရှိ လာနိုင်) မည် ဖြစ်ပါသည်။

၅။ အရပ်ဘက်အဖွဲ့အစည်း တစ်ရပ် ဖြစ်သည့် PACE (People’s Alliance for Credible Elections ရွေးကောက်ပွဲ ဆိုင် ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့) သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ များတွင် ရွေးကောက်ပွဲစနစ် တစ်ခုလုံးကို လွှမ်းခြုံ စောင့်ကြည့်သည့် နည်းစနစ်များကို အသုံးပြု၍ တစ်နိုင်ငံလုံးအဆင့် စောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို လွတ်လပ် ပွင့်လင်းစွာဖြင့် ဘက်လိုက်မှု မရှိဘဲ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၀ ရွေးကောက် ပွဲအတွက်လည်း စောင့်ကြည့် လေ့လာသူပေါင်း ၂၉၀၀ ကျော်ဖြင့် တစ်နိုင်ငံလုံးအဆင့် စောင်ကြည့်ရန် စနစ်တကျ ပြင်ဆင် ထားပြီး ဖြစ်သည်ဟု သိရပါသည်။

၆။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် PACE အဖွဲ့အား ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ခွင့်ပြုခဲ့သော်လည်း ယခုလာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ စောင့်ကြည့်ခွင့်ပြုမည် မဟုတ်ကြောင်း ဆုံးဖြတ် ခဲ့သည်ဟု သိရှိရပါသည်။

၇။ ထိုသို့ စောင့်ကြည့်ခွင့် မပြုရန် ဆုံးဖြတ်ရာတွင်လည်း PACE အဖွဲ့သည် သင်းဖွဲ့မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် ဟူသော အကြောင်းပြချက်ကို အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ သို့သော် ၂၀၁၅ ခုနှစ်၊ သင်းဖွဲ့မှတ်ပုံတင်ခြင်း စည်းမျဉ်းဥပဒေအရ အသင်းအဖွဲ့များသည် မဖြစ်မနေ မှတ်ပုံတင်ရမည်ဟု မဆိုထားဘဲ ဆန္ဒ အလျောက်သာ မှတ်ပုံတင်ရမည်ဟု ဆိုထားသလို ဇူလိုင်လ ၁၇ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက မှတ်ပုံတင် မရှိသည့် အဖွဲ့များကိုလည်း စောင့်ကြည့်ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၈။ PACE အဖွဲ့အနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ရန်အတွက် ကြိုးစားခဲ့ရာတွင်လည်း လုပ်ထုံးလုပ်နည်းအရ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံမှ ထောက်ခံချက်ရရှိရန်အတွက် တရားဝင် တောင်းခံခဲ့သော်လည်း PACE အဖွဲ့သည် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စောင့်ကြည့်နေသည့် အဖွဲ့ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်နေသည့်အဖွဲ့ မဟုတ်သော ကြောင့် ထောက်ခံချက် မပေးနိုင်ဟု အကြောင်းပြန်ကြားခဲ့သည်ဟုလည်း ဝမ်းနည်းစွာ သိရှိရပါသည်။

၉။ ယခုကဲ့သို့ ရွေးကောက်ပွဲဖြစ်စဉ်ကို အမှီအခိုကင်းစွာဖြင့် စောင့်ကြည့်လေ့လာမှုများပြုလုပ်နေခဲ့သည့် ပြည်တွင်း အရပ် ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သော PACE အဖွဲ့အား ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် မပြုရန် ဆုံးဖြတ်ခဲ့သည့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည်

(က) မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် ကာလကြာရှည်စွာ တည်ဆောက်ထားခဲ့သော လွတ် လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အင်စတီကျူးရှင်း တစ်ခုကို ဖျက်သိမ်းပစ်ရာ ရောက် ပါသည်။

(ခ) ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်မှန်ကန်မှု အရည် အသွေးများကိုလည်း ဆုတ်ယုတ် ကျဆင်းစေနိုင်ပါသည်။

(ဂ) သင်းဖွဲ့မှတ်ပုံတင် စည်းမျဉ်းကို ကျိုးကြောင်း မဆီလျော်စွာ ကိုးကား၍ အရပ်ဘက်အဖွဲ့အစည်း၏ လုပ်ငန်း ဆောင်ရွက်မှုကို တားဆီးပိတ်ပင်လာသည့်အတွက် နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် အရေးပါသော အရပ်ဘက် အဖွဲ့အစည်းများ၏ ဖြစ်တည်မှုကို ခြိမ်းခြောက် ဖျက်ဆီးရာ ရောက်သလို အရပ်ဘက်လူမှုနယ်ပယ်ကိုလည်း ဘောင်ကျဉ်းအောင် ပြုလုပ်ရာ ရောက်နေပါသည်။

၁၀။ ရွေးကောက်ပွဲ ဖြစ်စဉ်၏ အရည်အသွေးများ ဆုတ်ယုတ် ကျဆင်းလာမည် ဆိုပါက ရွေးကောက်ပွဲကာလနှင့် ရွေး ကောက်ပွဲအလွန် ကာလများတွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာနိုင်သလို ရွေးကောက်ပွဲကြောင့် ပေါ်ထွက် လာမည့် နိုင်ငံရေးအသိုက်အမြုံ၏ တရားဝင်မှုမှာလည်း ချိနဲ့သွားမည် ဖြစ်ပါသည်။

၁၁။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ကြောင်း မှတ်ကျောက်တင် အာမခံနိုင်ရန်အတွက် အရပ်ဘက် အဖွဲ့ အစည်းများနှင့် မီဒီယာများ၏ အခန်းကဏ္ဍအား အသိအမှတ်ပြုရန်နှင့် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းများအား ကန့်သတ်ပိတ်ပင်ခြင်း မရှိဘဲ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုရန်မှာ ပဓာန ဖြစ်ပါသည်။

၁၂။ သို့ဖြစ်၍ လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိကြောင်း အာမခံနိုင်ရန်အတွက် ရွေးကောက် ပွဲ စောင့်ကြည့်ရေးလုပ်ငန်းများအား ကန့်သတ်ပိတ်ပင်မှုများကို မဆိုင်းမတွ ပြန်လည်သုံးသပ်ပြင်ဆင်ရန် မိမိတို့အနေဖြင့် လေးနက်စွာ တောင်းဆိုလိုက်ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ

ဆက်သွယ်ရန်

မသဉ္ဇာရွှန်းလဲ့ရည် – ၀၉ ၇၉၅၅၇၄၇၇၅

မယုယသူ – ၀၉ ၅၁၈၂၂၈၃

ကိုစည်သူ – ၀၉ ၇၉၀၇၃၉၄၈၈

ကိုရဲလင်းမြင့် – ၀၉ ၇၉၁၆၈၅၀၅၆

ကိုမိုဃ်းသွေး – ၀၉ ၉၇၉၂၃၈၂၂၀

အပြည့်အစုံကို PDF ဖိုင်ဖြင့်ကြည့်ရန်။

Download in English.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia