တအာင်းအမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

20 July 2020

တအာင်းအမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၀ ပြည့်နှစ်

၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် နမ္မတူမြို့နယ်၊ ချောင်းဆာအုပ်စုတွင် နေထိုင်သည့် အမျိုးသမီး ငယ်တဦးသည် တောင်ယာမှပြန်လာစဉ် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း မိမိတို့လူ့အခွင့် အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ သိရှိရသည်။ အမျိုးသမီးငယ်မှာ အသက် ၁၆ နှစ် မပြည့်သေးသည့် အမျိုးသမီးငယ် တစ်ဦးဖြစ်သည်။

ကာယကံရှင် အမျိုးသမီးငယ်ကိုယ်တိုင်မှ ကျူးလွန်သူ အမျိုးသားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ တပ်ဖွဲ့ဝင်တဦဖြစ်သည့် စိုင်းအိုက်ပန်ဆိုသူ ဖြစ်သည်ဟု ထုတ် ဖေါ်ပြောကြားခဲ့ကြောင်းသိရှိရပြီး ထိုတပ်ဖွဲ့သည် လွန်ခဲ့သော ၂ လခန့်မှ နမ္မတူမြို့နယ်တဝိုက်တွင် အခြေချ လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ကြောင်းလည်း သိရှိရသည်။

သို့သော် အမှုမှန်ဖေါ်ထုတ်ရေးနှင့် တရားမျှတမှုရရှိရန်အတွက် တအာင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ရှမ်းအ ရပ်ဘက်အဖွဲ့အစည်းများမှ RCSS/SSA တပ်ဖွဲ့နှင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ယခုချိန်အထိ ညှိနှိုင်းမှု မရသေးဘဲ ပထမဆုံး သတင်းထုတ်ပြန်ခဲ့သည့် ရွှေဖီမြေ သတင်းအေဂျင်းစီအားလည်း RCSS/SSA တာဝန်ရှိသူများမှ ထိုဖြစ်စဉ်အား ငြင်းဆန်ခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် မိသားစုနှင့် ပါဝင်ပတ်သက် ခဲ့သော အရပ်ဘက်အဖွဲ့အစည်းများအားလည်း RCSS/SSA တပ်ဖွဲ့မှ ခြိမ်းခြောက်မှုများရှိသည်ဟုလည်း အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရှိရသည်။

RCSS/SSA သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထား သည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်လည်း Geneva Call နှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး သဘောတူညီမှုစာချုပ်ကိုပါ လက်မှတ်ရေးထိုး ထားသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ထိုဖြစ်ရပ်မှာ လူ့အခွင့်အရေးရှုထောင့်မှလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးရှုထောင့်မှလည်းကောင်း လူ့အ ဖွဲ့အစည်းမှ လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ပါသည်။ အစိုးရတပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမည်သာ ဖြစ် သည်။

သို့သော်လည်း အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အကြား ပဋိပက္ခများတွင် အရပ်သားများနှင့်အရပ်ဘက်အဖွဲ့အစည်းများမှာ နှစ်ဖက်တပ်များ၏ ပစ်မှတ်ထားခံနေဆဲ ဖြစ်သည်ကို အထက်ပါဖြစ်ရပ်က သက်သေပြလျှက်ရှိသည်။ ထိုကဲသို့ဖြစ်ရပ်များမှာ ရှမ်းပြည်နယ် မြောက် ပိုင်းတွင် သာမဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတိုင်းတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုဖြစ်စဉ်သည် ဒေသတခုတည်းတွင် အတူနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှုကို ဖြစ် ပွားစေနိုင်ပြီး မြန်မာနိုင်ငံတွင် အရေးတကြီးလိုအပ်နေသော အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးကိုပါ ထိခိုက်စေနိုင်ပါသည်။

ဤကဲသို့ တရားလက်လွတ်ကျူးလွန်နေမှုများအား လျစ်လျူရှုနေမည်ဆိုလျှင် ပြည်သူတို့၏ ဘဝလုံခြုံရေး မှာ အထူးစိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားမည်ဖြစ်ပါသည်။

ထိုကြောင့် မိမိတို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အနေဖြင့် အထက်ပါ ဖြစ်ရပ်အား အမှုမှန် ပေါ်ပေါက်ရန်နှင့် တရားမျှတမှုရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အမြန်ဆုံးဖော်ဆောင်ပေးရန် အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။ ထို့အတူ အစိုးရတပ်မတော်အပါအဝင် မည်သည့် လက် နက်ကိုင်အင်အားစုမဆို လူ့အခွင့်အရေးအား တိကျစွာ လေးစားလိုက်နာ‌ကြရန်နှင့် အရပ်ဖက်ပြည်သူများ အပေါ် စောင့်ထိန်းရမည့် ကျင့်ဝတ် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ကျင့်သုံးကြပါရန် ထပ်မံတိုက်တွန်း လိုက်ပါသည်။

 

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်…
လိုည်းပိုးစေ
ဖုန်း-၀၉၂၆၄၁၆၂၂၂၉

 

အဖွဲ့ဝင်များ
၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ
၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း
၅။တအာင်းကျောင်းသားလူငယ်များအစည်းအရုံး
၆။ထားဝယ် အမျိုးသမီးသမဂ္ဂ
၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)
၉။အနာဂါတ်အလင်းတန်းဆုံမှတ်

ဆက်စပ်အဖွဲ့ဝင်းများ
၁။ချင်းလူ့အခွင့်အရေးအဖွဲ့
၂။ပအိုဝ်းလူငယ်များအစည်းအရုံး
၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်
၄။ ရှေ့ပြေးအသံ

 

ထုတ်ပြန်ချက်ကို PDF ဖြင့်ယူရန်

ထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရန်

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia