17 July 2020
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်တွေအတွက် ကျူးလွန်သူတွေကို အပြစ်ပေး အရးယူမှုမရှိဘဲ ဖြစ်နေတဲ့အကြောင်း ကုလသမဂ္ဂအထူးသံတမန် အိန်ဂျလီနာဂျိုလီက မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြီးမှူးကျင်းပတဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
ဇူလိုင်လ ၁၇ ရက် မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဦးစီးကျင်းပတဲ့ ပဋိပက္ခဒေသတွေအတွင်း လိင်အကြမ်းဖက်မှုတွေကို အရေးယူဆောင်ရွက်ရေး ဆွေးနွေးပွဲမှာ ကုလလုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက လူမှုအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သံတမန်တွေ တက်ရောက်ပြီး၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံနေရတဲ့ အခြေအနေတွေကို သုံးသပ်တင်ပြခဲ့ကြပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အထူးသံကိုယ်စားလှယ် အိန်ဂျလီနာ ဂျိုလီက မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် ကျူးလွန်သူတွေကို တစ်ဦးတစ်ယောက်မှ အပြစ်ပေးအရေးယူနိုင်ခြင်း မရှိသေးတဲ့အကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဒီလိုဖြစ်ရပ်တွေအတွက် ကျူးလွန်သူတွေကို လျစ်လျူရှုပြီး အရေးမယူဘဲ ဆက်ထားမလားဆိုတာကို ရွေးချယ်ရမယ့် အခြေအနေဖြစ်နေကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ညီလာခံဆုံးဖြတ်ချက် အမှတ် ၂၄၆၇ အရ လိင်ပိုင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရအောင် စီရင်ပေးဖို့၊ ပြန်လည်ထူထောင်နိုင်အောင် ကူညီဖို့နဲ့ မုဒိမ်းကျင့်ခံရပြီး မွေးဖွားလာတဲ့ ကလေးငယ်တွေကို အကူအညီပေးဖို့စတဲ့ ကတိကဝတ်တွေ ရှိနေတဲ့အတွက် ဒီကတိကဝတ်တွေကို ကျေပွန်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း အိန်ဂျလီနာဂျိုလီက ပြောသွားပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ထိခိုက်မှုအခြေအနေကိုလည်း NGO working group for Women Peace and Security အဖွဲ့က မခင်ဥမ္မာက ခုလို တင်ပြသွားပါတယ်။
“မြန်မာနိုင်ငံမှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ စနစ်တကျကျူးလွန်ခဲ့တဲ့ အထောက်အထားတွေရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက မြန်မာစစ်တပ်ဟာ ရှမ်းအမျိုးသမီး ၆၀၀ ကျော်လောက်ကို ဖမ်းဆီးချုပ်နှောင်ပြီး၊ မတရားပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်တွေကို Shan Women Action Network ကနေ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါ့အပြင် ကချင်၊ ကရင်နဲ့ တအာင်း အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားအမျိုးသမီးတွေကို ပစ်မှတ်ထားပြီး လိင်အကြမ်းဖက်မှုကျူးလွန်တာကို စစ်ရေးဗျူဟာတစ်ခုအနေနဲ့ ကျင့်သုံးခဲ့တာတွေ့ရပါတယ်။ ဒီအချက်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ ကုလအချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင်ခံစာမှာလည်း ထောက်ခံဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာထဲမှာပဲ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ၊ အမျိုးသမီးလို ၀တ်ဆင်နေထိုင်သူ အမျိုးသားတွေ နဲ့ လူငယ်ယောက်ျားလေးတွေကို စနစ်တကျ မုဒိမ်းကျင့်ခဲ့တဲ့အထောက်အထားတွေ တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေဟာ ရိုဟင်ဂျာ အရပ်သားတွေကို ထိတ်လန့်ကြောက်ရွံ့ပြီး၊ ရိုဟင်ဂျာ ရှစ်သိန်းကျော်ကို နေရပ်စွန့်ခွာ ထွက်ပြေးအောင် ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒီအစီရင်ခံစာထဲမှာ သုံးသပ်ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးပျောက်ကွယ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ရာရောက်ကြောင်းကိုလည်း ကုလအချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလိုအထောက်အထားတွေ ထင်ထင်ရှားရှားရှိနေပေမယ့် မြန်မာအစိုးရဟာ ဒီလိုရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ မရှိကြောင်း ထပ်တလဲလဲ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်”
ဒီလိုလိင်ပိုင်း အကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က စီရင်ဆုံးဖြတ်နိုင်တဲ့အခြေအနေ မရှိတဲ့အတွက်၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ နဲ့ တိုင်းရင်းသား အမျိုးသမီးတွေ ကျူးလွန်ခံခဲ့ရတဲ့ ရာဇဝတ်မှုတွေကို အိုင်စီစီ တရားရုံးကို လွှဲပြောင်းပေးဖို့နဲ့ နိုင်ငံတကာအဆင့် ခုံရုံးတစ်ခု ဖွဲ့စည်းပေးပြီး စုံစမ်းစစ်ဆေး စီရင်စေဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းကြောင်း ဒေါ်ခင်ဥမ္မာက ပြောသွားပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ အိုင်စီဂျေတရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ် စီမံချက်အမိန့်တွေကို လိုက်နာခြင်း ရှိမရှိ တိတိကျကျ စောင့်ကြည့်ဖို့၊ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်မှု ပြန်လည်ပေးအပ်ဖို့၊ လွတ်လပ်စွာသွားလာခွင့်နဲ့ အခြား အခြေခံလူ့အခွင့်အရေးတွေ မရအောင် ချိုးနှိမ်ထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးအောင် ဆက်လက်ဖိအားပေးသွားဖို့အတွက်လည်း ကုလလုံခြုံရေးကောင်စီကို တိုက်တွန်းကြောင်း ဒေါ်ခင်ဥမ္မာက ပြောကြားသွားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.