16 July 2020
သတင်းထုတ်ပြန်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် အစိုးရတာဝန်များကို စတင်ထမ်းဆောင်ခဲ့ရာ ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် အစိုးရသက်တမ်း (၄)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ယခုအစီရင်ခံစာတွင် အဆိုပါ (၄)နှစ်တာ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များအား ဖော်ထုတ်ထားပါသည်။
အစီရင်ခံစာအနှစ်ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဦးဆောင်သော အစိုးရသစ်လက်ထက်တွင် လူ့ရပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ ပိုမိုရရှိလာလိမ့်မည်ဟု လူထုက မျှော်လင့်ခဲ့ကြသည်။ သို့သော် ယနေ့ အချိန်ထိ သိသာသော အပြောင်းအလဲ အရိပ်အယောင်ကို မတွေ့ရဘဲ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်း မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်တို့အပေါ် ဖိနှိပ်ကန့်သတ် ချိုးဖောက်မှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်ကိုတွေ့ရသည်။ NLD အစိုးရလက်ထက်တွင် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အစိုးရနှင့်တပ်မတော်အပြင် လွှတ်တော်ကိုယ်စားလှယ်များကလည်း အများအပြား ချိုးဖောက်မှုများ ရှိလာသည်။ ပြည်သူများအနေဖြင့် မိမိတို့၏ကိုယ်စား တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များအား စောင့်ကြည့်၍ ဝေဖန်ပိုင်ခွင့်ရှိသည်။ ထိုသို့ ပြည်သူများမှစောင့်ကြည့်ဝေဖန်မှုများ ပြုလုပ်မှသာလျှင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်များ ရရှိလာမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာစံနှုန်းများနှင့် ချိန်ညှိရမည်ဆိုလျှင် ခိုင်မာသောဒီမိုကရေစီစနစ် ကျင့်သုံးနေသောနိုင်ငံများမှ နိုင်ငံရေး ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များသည် မိမိတို့အား ဝေဖန်ပြောဆိုမှုများကို တရားစွဲဆိုခြင်းဖြင့် ဖြေရှင်းလေ့မရှိပေ။ အမည်သတင်း ထင်ပေါ်ကျော်ကြားသောသူတစ်ဦးအတွက် မမှန်ကန်သော အချက်အလက်များဖြင့် ဝေဖန်ပြောဆိုမှုများရှိလာလျှင် မိမိ၏ ဂုဏ်သိက္ခာအတွက် သတင်းမီဒီယာများမှတစ်ဆင့် ပြန်လည် တုံ့ပြန်ဖြေရှင်းနိုင်သည်။ ထို့ကြောင့် ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရရှိထားသော လုပ်ပိုင်ခွင့်အာဏာဖြင့် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အားချိုးဖောက်ခြင်း၊ ဟန့်တားခြင်းများ ပြုလုပ်ခြင်းထက် ပိုမိုရင့်သန်သော ဒီမိုကရေစီစနစ်ရရှိရန် ဥပဒေများပြင်ဆင်နိုင်ရန် ကြိုးစား အားထုတ်ခြင်းနှင့် လူ့ရပိုင်ခွင့်များကို ကိုယ်တိုင်လေးစားလိုက်နာပြခြင်း တို့ကို ဆောင်ရွက်သင့်သည်။
အသံအဖွဲ့၏ Research Manager ဖြစ်သူ ကိုရဲဝေဖြိုးအောင်က “လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိတဲ့ ဒီမိုကရေစီခရီးလမ်းဟာ အာဏာရှင်တွေဖန်တီးတဲ့ ဝင်္ကပါ ပါပဲ။ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွါးဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်သာ ဖြစ်ပါတယ်။ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး လူ့ရပိုင်ခွင့်တွေကို ချိုးဖောက်တဲ့ အစိုးရတိုင်းရဲ့ လုပ်ရပ်များကို ကျွန်တော်တို့ အစဉ်တစိုက် ကန့်ကွက်ရှုတ်ချပါတယ်။” ဟု ပြောဆိုသည်။
ဥပဒေများကို ထိရောက်စွာမပြင်ဆင်ခဲ့ခြင်း
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်၍ အသုံးပြုနေသော ဥပဒေပုဒ်မများကို NLD အစိုးရ လက် ထက်တွင် ထိရောက်သော ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းများ မလုပ်ဆောင်နိုင်ခဲ့ပေ။ အသစ်ပြဌာန်းလိုက်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာကွယ်ပေးရေးဥပဒေနှင့် အမျိုးသား မှတ်တမ်းနှင့် မော်ကွန်းဥပဒေတို့မှာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့် တို့ကို ချိုးနှိမ်ကန့်သတ်ထားပြန်သည်။ ထို့ပြင် အခြားဖျက်သိမ်းသင့်သည့် ဥပဒေ၊ ပုဒ်မများဖြစ်သော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)၊ (ခ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၊ မတရားအသင်းများအက်ဥပဒေပါ ပုဒ်မ ၁၇ (၁)၊ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ)၊ ၆၈ (က)၊ ပုဒ်မ ၇၇ နှင့် ၇၈ တို့ကိုလည်း လွှတ်တော်ဘက်က လျစ်လျူရှုခဲ့သည်။
ပြင်ဆင်ရမည့်ဥပဒေများဖြစ်သော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ သတင်း မီဒီယာဥပဒေနှင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတို့ကို လူ့ရပိုင်ခွင့်၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြင် ဆင်နိုင်ခြင်းမရှိခဲ့ချေ။ ထို့အပြင် သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုလျှက်ရှိသော သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေသည် ယနေ့ထက်တိုင် လွှတ်တော်သို့ ဥပဒေကြမ်းအဖြစ်ပင် ရောက်ရှိလာခဲ့ ခြင်းမရှိပေ။
အင်တာနက်ဖြတ်တောက်ခံရခြင်း နှင့် ဝက်ဘ်ဆိုက်များပိတ်သိမ်းခြင်း
ဒီမိုကရေစီအစိုးရဟုခေါ်သော NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်း အချက်အလက်များရယူပိုင်ခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်များပါ ချိုးဖောက်ခံနေရသည်။ ထိုအခြေအနေများ ကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင်အင်တာနက်ဖြတ်တောက်ထားခံရသည့် ဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ပြည်တွင်းစစ်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် နိုင်ငံတော်လုံခြုံရေးအကြောင်းပြကာ အင်တာနက် ဖြတ်တောက်ထားခြင်းသည် ယင်းဒေသတွင်နေထိုင်သော ပြည်သူတစ်ဦးချင်းစီ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး နှင့် နိုင်ငံရေးအခွင့်အရေးများအပြင် ပညာသင်ယူလေ့လာခွင့်များပါ ဆုံးရှုံးနေသည်ကို အချက်အလက်စစ်တမ်းများအရ တွေ့ရှိရသည်။ ထိုကဲ့သို့ အင်တာနက်ဖြတ်တောက်ခြင်းများအပြင် အစိုးရ၏ ညွှန်ကြားချက်ဖြင့် ဆက်သွယ်ရေးအော်ပရေတာများမှ သတင်းဝက်ဘ်ဆိုက်ပေါင်း နှစ်ရာကျော်ကို ပိတ်ချခဲ့သည်။ ထိုပိတ်ချခဲ့သော ဝက်ဘ်ဆိုက်နှစ်ရာကျော် ၏ အမည်စာရင်းကို အစိုးရနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း တရားဝင်သတင်းဌာနတချို့ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသည်။ အဆိုးရွားဆုံးမှာ Covid-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် နိုင်ငံနှင့်အဝန်း ပြည်သူများအားလုံး ကျန်းမာရေး ပညာပေးနှင့် သတင်းအချက်အလက်များ မြန်မြန်ဆန်ဆန်ရရှိနိုင်ရန် အရေးကြီးသောကြောင့် အရပ်ဘက် အဖွဲ့အစည်းများက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားခြင်းကို ရပ်ဆိုင်းပေးရန် တစိုက်မတ်မတ် တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က လျစ်လျူရှုခဲ့သည်။
မတရားဥပဒေများကို အသုံးပြုပြီး အရေးယူဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေခြင်း
ဒီမိုကရေစီအစိုးရလက်ထက်တွင် ဆန္ဒထုတ်ဖော်သော ပြည်သူများအား ဆက်လက်ဖမ်းဆီးနေခြင်းသည် ယခင် စစ်အစိုးရလက်ထက်နှင့် ထူးမခြားနား ဖိနှိပ်နေဆဲဖြစ်ကြောင်းကိုသက်သေပြနေသည်။ ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု ရပ်ဆိုင်းပေးရေးတောင်းဆိုသော ကျောင်းသားများအား ဖမ်းဆီးခြင်း၊ ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတောင်းဆိုသောလူငယ်များအား ခွင့်ပြုချက်မပေးဘဲအရေးယူခြင်း၊ အစိုးရနှင့် တပ်မတော် အား ဆန့်ကျင်ဆန္ဒပြသူများအား ဖမ်းဆီးအရေးယူခြင်း စသည်တို့ကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေဆဲဖြစ် ကြောင်းတွေ့ရသည်။ ထို့ပြင် တိုင်းရင်းသားအရေးပြောဆိုရာတွင်လည်း ယခင်အစိုးရ လက်ထက်ကဲ့သို့ ထိလွယ် ရှလွယ် ဖြစ်နေဆဲဖြစ်ကြောင်းကို ‘ကရင့်အာဇာနည်နေ့’ ဟု ဆန္ဒပြပွဲတွင် သုံးစွဲခဲ့သဖြင့် ဖမ်းဆီးခံရသော နော်အုန်းလှ အမှုတွင် တွေ့နိုင်သည်။
အလားတူ သတင်းမီဒီယာလွတ်လပ်ခွင့်တွင်လည်း သတင်းရယူခြင်းအတွက် သတင်းသမားများကို မတရားအသင်းများအက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ တို့အပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီး အရေးယူခြင်း၊ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာလူသတ်မှုထုတ်ဖော်မှုကြောင့် ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံ တော် လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံရခြင်းတို့သည် ဒီမိုကရေစီ၏ ပင်မအခြေခံအုတ်မြစ်ကို ရိုက်ချိုးနေ သကဲ့သို့ ဖြစ်နေသည်။
အထက်ပါအချက်အလက်များကို ကြည့်ခြင်းအားဖြင့် NLDအစိုးရသည် လူ့ရပိုင်ခွင့်၏ အခြေခံဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်၏ အဓိကအစိတ်အပိုင်းဖြစ်သော လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာစီတန်းလှည့်လည်ခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့အပေါ် အရေးကြီးသည်ဟု သဘောမထားဘဲ လျစ်လျူရှု ဖိနှိပ်နေဆဲဖြစ်ကြောင်း တွေ့ရှိရပေသည်။
အသံအဖွဲ့၏ Researcher တစ်ဦးဖြစ်သည် မပန်ဆုပြည့်အိမ်က “လက်ရှိအစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီး အစိုးရ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကနေ ဖိနှိပ်မှုတွေလုပ်ခဲ့တာကို တွေ့ရတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့လည်း သတင်းသမားတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေလို ပြင်းထန်တဲ့ဥပဒေတွေနဲ့ တရားစွဲလာတာမျိုးတွေထိ တွေ့ရတယ်။ ဒီလိုမျိုးတွေ ဆက်မဖြစ်ဖို့ လာမယ့်ရွေးကောက်ပွဲမှာ ဒီအခွင့်အရေးတွေကို မြှင့်တင်ပေးနိုင်မယ့် အာမခံပေးနိုင်မယ့် ပါတီတွေ အများကြီးရှိလာဖို့လိုပါတယ်။” ဟု ပြောဆိုသည်။
တိုက်တွန်းချက်
ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုပင် အစိုးရက အကာအကွယ်မပေးနိုင်လျှင် ပြည်သူလူထု၏ အခြားသော လူ့အခွင့်အရေးဆုံးရှုံးမှုများကို အကာအကွယ်ပေးနိုင်ရန် ပိုမိုခက်ခဲသွားပါလိမ့်မည်။ လွတ်လပ်စွာပြောဆိုခွင့်မရှိသော အသိုက်အဝန်းသည် တရားမျှတမှုကင်းမဲ့သော၊ အကျင့်ပျက်ခြစားမှုထူပြောသော အခြေအနေများကိုသာ ဦးတည်စေပါသည်။ လက်ရှိအစိုးရသက်တမ်းသည် (၄)နှစ် ကျော်လာခဲ့ပြီး ၂၀၂၀ရွေးကောက်ပွဲသည်လည်း မကြာမီစတင်တော့မည်ဖြစ်သည့်အတွက် လွှတ်တော် အနေဖြင့်လည်း ဥပဒေပြင်ဆင်ရန် လုံလောက်သည့်အချိန် မကျန်ရှိတော့ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အရ ၄င်းတို့ထံတွင် (ဖွဲ့စည်းပုံ အခြေခံဥပဒေမှလွဲ၍) အခြားဥပဒေများကို ပြင်နိုင်၊ ဖျက်နိုင်၊ အသစ်ပြဌာန်းနိုင်သည့် အခြေအနေကို ရရှိထား ခဲ့သော်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်သော ဥပဒေပြောင်းလဲရေးကို ထိရောက်စွာ လုပ်ဆောင်ခဲ့ခြင်း မရှိချေ။
အဆိုပါအခြေအနေအပေါ်တွင် အသံအဖွဲ့၏ Researcher တစ်ဦးဖြစ်သူ မထက်ထက်ဇော်က “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ်ဆိုပြီး တက်လာတဲ့အစိုးရတစ်ရပ်အနေနဲ့ အခုလိုလွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဖိနှိပ်ချုပ်ချယ် ကန့်သတ်နေတာဟာ အပြောနဲ့လက်တွေ့မညီကြောင်းပြနေပါတယ်။ သူတို့ ပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာကရော ဘယ်လိုစံနှုန်းတွေနဲ့တိုင်းတာတာလဲ၊ ကိုယ်လိုသလိုအဓိပ္ပါယ်ဖွင့်နေ သလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။” ဟု မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကလည်း “အစိုးရအပေါ် ဝေဖန်ပြောဆိုမှုတွေ၊ သတင်းရေးသားမှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတာတွေကို အမြန်ဆုံးပြန်လည်ရုတ်သိမ်းသင့်ပြီး ထောင်ဒဏ် ချမှတ်ခံထားရသူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးသင့်ပါတယ်။ နောက်နောင်ဖြစ်ပေါ်လာဦးမယ့် ဝေဖန်မှုတွေ ကိုလည်း အာဏာပိုင်တွေအနေနဲ့ စိတ်ရှည်သည်းခံပြီး သဘောထားကြီးစွာ နားထောင်ပေးသင့်တယ်။ အထူးသဖြင့် သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြမှုတွေအပေါ် မကျေလည်တာတွေရှိရင် သတင်းမီဒီယာ ကောင်စီကနေတဆင့် ညှိနှိုင်းဆောင်ရွက်တဲ့နည်းလမ်းကိုပဲ ကျင့်သုံးသင့်ပါတယ်။” ဟု တိုက်တွန်းပြောကြားခဲ့သည်။
အချက်အလက်များကို ထပ်မံသိရှိလိုပါက သို့မဟုတ် မီဒီယာ ဆက်သွယ်မေးမြန်းလိုပါက ဆက်သွယ်ရန်
ကိုရဲဝေဖြိုးအောင်(Research Manager) – 09427563165, [email protected]
မပန်ဆုပြည့်အိမ်(Researcher) – 09979994108, [email protected]
မထက်ထက်ဇော်(Researcher) – 09457165752, [email protected]
သတင်းထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန်။
မြန်မာဘာသာ အစီရင်ခံစာအပြည့်အစုံရယူရန်။
အင်္ဂလိပ်ဘာသာ အစီရင်ခံစာအပြည့်အစုံရယူရန်။
၎
င
၎
၎
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.