နိုင်ငံတကာ ကော်ပိုရေးရှင်းများ အနေဖြင့် ရခိုင်မြေတွင် ပဋိပက္ခတိုးပွားစေသော မီးလျှံများကို ရပ်တန့်ချိန်သင့်ပြီ

08 July 2020

နိုင်ငံတကာ ကော်ပိုရေးရှင်းများ အနေဖြင့် ရခိုင်မြေတွင် ပဋိပက္ခတိုးပွားစေသော မီးလျှံများကို ရပ်တန့်ချိန်သင့်ပြီ

ရက်စွဲ။ ။ ဇူလိုင်လ (၈) ရက်၊ ၂၀၂၀ ခုနှစ်။

ယနေ့ထုတ်ဝေလိုက်သည့် အစီရင်ခံစာအနှစ်ချုပ်သည် မြန်မာပြည်အစိုးရ၊ နိုင်ငံတကာကုမ္ပဏီများနှင့် အခြားသော စီးပွားရေးကော်ပိုရေးရှင်းများက ရခိုင်ပြည်နယ်မှ ကြွယ်ဝလှသည့် သဘာဝသယံဇာတ များကို ဌာနေတိုင်းရင်းသားများ၏ သဘောဆန္ဒမပါပဲ အတင်းအဓမ္မထုတ်ယူနေမှုများကို အဓိကဖော်ပြ ထားသည်။ ထိုကဲ့သို့လုပ်ဆောင်ချက်များသည် ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် စစ်ပွဲမီးလျှံများကို ပိုမိုတောက်လောင်စေသည့်အပြင် ရခိုင်ပြည်သူလူထုအား ခိုကိုးရာမဲ့ဘဝသို့ ထပ်မံတွန်းပို့ပေးနေရာ ရောက်သည်ဖြစ်၍ ၎င်းစီမံကိန်းများအား ရပ်တန့်ထားရန် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) မှ အလေးအနက် တောင်းဆိုသည်။

မြန်မာပြည်အနောက်ဖက်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော် (AA) တို့အကြား လက်နက် ကိုင်စွဲဖြစ်ပွားနေသည့် ပဋိပက္ခသည် Covid-19 ကပ်ရေဂါကျရောက်စဉ်ကာလအတွင်း မကြုံစဖူးအနေ အထားသို့ အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ သို့ဖြစ်သော်ငြားလည်း နိုင်ငံတကာ စီးပွားရေးကော်ပို ရေးရှင်းများသည် အသစ်အသစ်သော သဘာဝဓါတ်ငွေ့များ ရှာဖွေတူးဖော်ထုတ်လုပ်မှုများနှင့် အခြေခံ အဆောက်အဦးများဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်များ စတင်နိုင်ရန် ဆက်လက်အကောင် အထည်ဖော်လျက်ရှိသည်။ ရွှေသဘာဝဓါတ် ငွေ့စီမံကိန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ၊ စစ် တွေနှင့်ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းစီမံကိန်းများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုံနှင့် ဆက်စပ်လျက် ရှိသော ကုန်သွယ်ရေးစင်္ကြံများ အပါအဝင် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိသည့် ရခိုင်ပြည်နယ်မှ စီမံကိန်းများအား ဌာနေပြည်သူများ၏ သဘောတူ လက်ခံမှုကိုမရရှိဘဲ တရုတ်၊ အိန္ဒိယ နှင့် တောင်ကိုးရီးယားနိုင်ငံများမှ ကုမ္ပဏီများက ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်မှ သဘာဝသယံဇာတများအား ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မတူး ဖော်ထုတ်ယူနေကြခြင်းစီမံကိန်းတွင် အနောက်နိုင်ငံများမှ ရေနံကော်ပိုရေးရှင်းများလည်း ပါဝင်လျက်ရှိ သည်။ ရခိုင်ကမ်းရိုးတန်းမှ သဘာဝဓါတ်ငွေ့များ တူးဖော်ထုတ်လုပ်ကြခြင်းကို ၂၀၁၄ ခုနှစ်ကပင် နိုင်ငံခြားကုမ္ပဏီ (၁၃) ခု ပါဝင်ရင်းနှီးမြှပ်နှံခဲ့ကြသည်။ Australia Woodside Energy နှင့် French Total ရေနံကုမ္ပဏီများသည် ရေနံရှာဖွေရေး လုပ်ငန်းစဉ်များကို လက်ရှိတွင် အကောင်အထည်ဖော် ဆောင်လျှက်ရှိပြီး အသစ်တွေ့ရှိသော သဘာဝဓါတ်ငွေ့သိုက်များမှ သဘာဝဓါတ်ငွေ့များကို ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် အမေရိကန်ဒေါ်လာ ဘီလီယံချီသော သဘောတူညီချက်များကို Australia Woodside Energy နှင့် French Total ရေနံကုမ္ပဏီများက အကောင်အထည်ဖော်ဆောင် လျှက်ရှိသည်။ အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်မည့် သဘောတူညီချက်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့ကြသည်။

“ရခိုင်ပြည်မှာရှိတဲ့ ဒီစီမံကိန်းတွေ အကုန်လုံးက ဗဟိုအစိုးရပဲ ချုပ်ကိုင်ပြီးလုပ်တဲ့အတွက် ဒေသခံ ပြည်သူတွေအတွက် ဘာအကျိုးအမြတ်မှ မခံစားရဘူး။ မြေယာတွေနဲ့ အသက် မွေးဝမ်းကြောင်း အလုပ်အကိုင်တွေလည်း ဆုံးရှုံးရတာရှိတယ်။ ရခိုင်မှာရှိတဲ့ ရွေဂက်(စ်)နှင့် တခြားသဘာဝသယံဇာတ တွေရကတဲ့ ဘဏ္ဍာငွေတွေက ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းရင်း သားပြည်နယ်တွေမှာ စစ်တိုက်ဖို့ အစိုးရအတွက် လက်နက်ဝယ်ဖို့ ထောက်ပံ့ပေးနေသလို ဖြစ်နေတယ်။” ဟု ရခိုင်ရေနံစောင့်ကြည့်ရေး အဖွဲ့ (AOW) မှ ဒါရိုက်တာဖြစ်သူ ကိုကျော် ခိုင်မှ ပြောကြားသည်။

NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် ရခိုင့်တပ်တော် (AA) အား ၂၀၁၉ ခုနှစ်ကပင် ဂျက်တိုက် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ စစ်သင်္ဘောများပေါ်မှ ဒုံးကျည်များဖြင့် အမြောက်အများပစ်ခတ်ကာ အပြင်းအထန်ထိုးစစ် ဆင်နွှဲခဲ့ရာ၌ အရပ်သားပြည်သူများ အနည်းဆုံး (၂၅၇) ဦး သေဆုံးခဲ့ရပြီး (၅၆၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။ ဤကာလအတွင်းမှာပင် အနည်းဆုံး ကျေးရွာ (၁၀) ရွာခန့် မီးရှို့ဖျက် ဆီးခံခဲ့ရပြီး ကျေးရွာပေါင်း (၂၀၀) ကျော်မှာ စစ်ဘေးဒဏ်သင့်ကာ ရခိုင်နှင့် ချင်းရွာသားပေါင်း (၂၅၀၀၀၀) ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ရခိုင့်တပ်တော် (AA) အား အပြုတ်တိုက်ရေးဟူသည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်၏ မဟာဗျူ ဟာသည် မရှှုမလှ ကျရှုံးလျက်ရှိကြောင်း သိသိသာသာထင်ရှားလာခဲ့သည်။ သို့ဖြစ်သောကြောင့် နိုင်ငံခြားအစိုးရများ၊ စီးပွားရေး ကော်ပိုရေးရှင်းများနှင့် အဖွဲ့အစည်းများသည် ၎င်းတို့၏့ လက်ရှိကျင့် သုံးနေသော စေ့စပ်ညှိနှိုင်းရေး မူဝါဒများအား ပြည်လည်သုံးသပ်ပြီး ရခိုင်ပြည်သူပြည်သားများ၏ ကြီးစွာသော ဆင်းရဲဒုက္ခ၊ ဆုံးရှုံးနစ်နာမှုများကို အလေးအနက်ထား စဉ်းစားကြရမည့် အချိန်အခါ ပင်ဖြစ်သည်။

“မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရေးထိုးစစ်ဆင်နေတာတွေကို ချက်ချင်းရပ်တန့်ပြီး တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ရတဲ့ အဓိက အကြောင်းအရင်းဇစ်မြစ် ကို ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အနောက်ဖက်ဒေသအပါအဝင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်သင့်တယ်”

“သူတို့ရဲ့မြေယာနှင့် သဘာဝသယံဇာတတွေကို ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင် ခွင့်တွေနဲ့ပတ်သက်လို့ ရခိုင်နဲ့ တခြားတိုင်းရင်းသားတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆို လာမှုတွေကို လျစ်လျူမရှုသင့်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေဟာ တိုင်းရင်းသားတွေနဲ့ ဆယ်စုနှစ်များစွာ ဖြစ်နေကြတဲ့ ပဋိပက္ခတွေကို အဆုံးသတ်စေမယ့် သော့ချက်တွေ ဖြစ်လို့ပဲ” ဟု ကိုကျော်ခိုင်မှ ပြောသည်။

“နိုင်ငံခြားအစိုးရအဖွဲ့တွေနဲ့ ရင်းနှီ်းမြှုပ်နှံမှုကုမ္ပဏီတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည် တည်ငြိမ်အေးချမ်းပြီး အနာဂတ်မှာ ဖြစ်လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာ ချုပ်နဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်တွေ မပေါ်ပေါက်မချင်း ရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့ လက်ရှိလုပ်နေတဲ့ စီမံကိန်းတွေ အပါအဝင် နောက်လုပ်မယ့်စီမံကိန်းအသစ်တွေအားလုံး ဆိုင်းငံ့ထားသင့်ပါတယ်“ ဟု ကိုကျော်ခိုင်မှ တိုက်တွန်းသည်။

ဆက်သွယ်ရန် –

ကျော်ခိုင် (ဒါရိုက်တာ၊ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့- AOW)
+၉၅ (ဝ) ၉၈၉ ၂၉၅၁ ၂၅၁
[email protected]
www.oilwatcharakan.org

သတင်းထုတ်ပြန်ချက် မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ များဖြင့်ရယူရန်။

အစီရင်ခံစာအပြည့်အစုံကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာများဖြင့်ရယူရန်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia