Press Release 722 Views

မြန်မာစစ်တပ်က ဆက်သွယ်ရေးလမ်းကြောင်းပိတ်ဆို့တဲ့အတွက် အမ်းမြို့နယ်အတွင်း ကျေးရွာပေါင်း(၄၂)မှ ချင်းပြည်သူများ ရိက္ခာပြတ်လပ်နေ

June 22nd, 2020  •  Author:   Chin Human Rights Organization  •  1 minute read
Featured image

(အမ်းမြို့ – ၁၈၊ ၀၆၊ ၂၀၂၀)

အခုတလော မြန်မာ့တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့နေရသည့်အတွက် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၄၂)ခုမှ ချင်းပြည်သူများ ရိက္ခာဆန်ပြတ်လပ်နေ သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၄၂)ရွာရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်း ဖြစ်သော အမ်းမြို့ဖက်မှကုန်းလမ်းကြောင်းနှင့် မြေပုံမြို့နယ် ကံတောင်ကြီးဖက်မှရေလမ်းကြောင်းတွေကို မြန်မာ့တပ်မတော်က ၂၀၂၀ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်ပြီး ပိတ်ဆို့ခဲ့ရသည့်အတွက်ကြောင့် ၁၇၊ ၀၆၊ ၂၀၂၀ရက်နေ့မှစတင်၍ ဒေသခံရွာသားများ ရိက္ခာပြတ်လပ်နေရခြင်းဖြစ်ကြောင်း ထိုသူက ဆက်ဆိုသည်။

မြန်မာ့တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့နေရတဲ့အတွက်ကြောင့် ဒလက်ချောင်းအုပ်စု အတွင်းမှာ ကျေးရွာပေါင်း(၄၁)မှ လူဦးရေပေါင်း(၁၂၃၁၉)တို့သည် လက်ရှိတွင်အရေးပေါ်ဆန်လိုအပ်နေသည် ဟုထိုသူကဆက်ဆိုသည်။

“အခုက အဲဒီအုပ်စုအတွင်းရှိ လူဦးရေတစ်သောင်းကျော်အတွက် အရေးပေါ်ဆန်လိုအပ်နေတယ်၊ စစ်တပ်က အဲဒီအနားတဝှက်ရွာတွေကိုလည်း ရွာ(၂)ခု သို့မဟုတ် ရွာ(၃)ခုကိုပေါင်းပြီး တရွာမှာစုပြီးနေခိုင်းတယ်၊ တချို့ရွာတွေဆို မပေါင်းကြသေးဘူး၊ ဒါးလက်ရွာနဲ့ ရှမ်းကုန်းရွာကတော့ပေါင်းပြီး ဒါးလက်ကျေးရွာမှာစုနေကြပြီ၊ အတင်းအကြပ်

ရွာပေါင်းခိုင်းတာမျိုးတော့မဟုတ်ဘူး၊ အဆင်ပြေအောင်လို့ဆိုပြီး ပေါင်းခိုင်းတာဖြစ်တယ်” ဟု ထိုသူက ဆက်ဆိုသည်။

သူကဆက်လက်ပြီး “စစ်တပ်ကနေ လမ်းကြောင်းတွေပိတ်တဲ့ အဓိကအကြောင်းရင်းကတော့ AA အဖွဲ့တွေဆီ ရိက္ခာဆန်ရောက်သွားမှာကို စိုးရိမ်နေကြတဲ့သဘောရှိတယ်၊ ဒီလိုတပ်က ဆက်သွယ်ရေးလမ်းကြောင်းကို တချောင်းလုံး အဝကနေပိတ်ဆို့တော့ အဲဒီအနီးနားတဝှက်ကျေးရွာအားလုံးမှာ မနေ့ကနေ ဆန်တွေပြတ်လပ် နေတဲ့အတွက် ရွာသားတွေစားစရာ သောက်စရာတွေမရှိတော့ဘူး၊ ငှက်ပျောသီး၊ သရက်သီးနှင့် ပိန်းကနဲသီးတွေကိုဘဲ စားနေရတယ်”ဟု အဆိုပါဒေသခံက ဆက်ဆိုသည်။

အခုလို ဆက်သွယ်ရေးလမ်းကြောင်းပိတ်ဆို့တယ်ဆိုပေမဲ့ အစိုးရဝန်ထမ်းနှင့် နာမကျန်းဖြစ်သူများကိုတော့ တပ်ကသွားလာခွင့်ပြုထားခဲ့ကြောင်း၊ အခုဆန်ပြတ်လပ်ခြင်းနဲ့ပတ်သက်၍ ဒီကနေ့ တပ်စခန်းမှာ သွားရောက် တင်ပြပြောကြားရာ၌လည်း ကယ်ဆယ်ရေးဝင်နိုင်ရန်အတွက် အထက်သို့တင်ပြပေးမည်ဖြစ်ပြီး ထိုသို့ ကယ်ဆယ်ရေးဝင်ရောက်ရာတွငလည်း စံနစ်တကျဖြစ်ဖို့တော့လိုအပ်မည်ဖြစ်ကြောင်း တပ်ဖက်က ပြောဆိုလာ သည်ဟု သူကဆက်ဆိုသည်။

အမ်းမြို့မှ အနောက်ဖက်(၂၅)မိုင်လောက်ကွာဝေးတဲ့ ဒလက်ချောင်းအုပ်စုအတွင်း ဒါးလက်ကျေးရွာ အထက်နှင့် ရှမ်းကုန်းကျေးရွာအနားတွင် တပ်စခန်းများရှိတည်ပြီး အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များဖြစ်ကြကြောင်း သိရပါသည်။

“အဲဒီဒေသတဝှက်မှာက တပ်စခန်း(၂)ခုရှိပြီး နယ်မြေရှင်းလင်းရေးတွေလုပ်တာတွေရှိသလို အဲဒီတပ်စခန်းတွေနဲ့ သိပ်မဝေးတဲ့နေရာမှာဘဲ AA အဖွဲ့ စခန်းတွေလည်းရှိတော့ တိုက်ပွဲကအမြဲတမ်းဖြစ်တယ်၊ အခုတလော မိုးတွေရွာလို့လားမသိ တိုက်ပွဲက(၂)ရက်ဆက်တိုက်ငြိမ်နေတယ်” ဟုသူကဆက်ဆိုသည်။

လက်ရှိ ရိက္ခာဆန်ပြတ်လပ်နေသည့် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာပေါင်း(၃၇)ရွာမှာ ချင်းလူမျိုးများနေထိုင်ကြသည့် ကျန်ကျေးရွာပေါင်း(၅)ရွာကတော့ ရခိုင်လူမျိုးများနေထိုင်သည့် ကျေးရွာများ ဖြစ်ကြကြောင်း သတင်းရရှိပါသည်။

For media inquiries please contact:
Salai Lian, +95 (0) 9450 687 296 (English/Burmese)
Salai Terah, 09255934177 (Burmese)