တပ်မတော်က COVID-19ကို နိုင်ငံရေး အကျိုးအမြတ်အတွက် လက်နက်အဖြစ်အသုံးချဟု ရှေ့ပြေးအသံအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်

03 June 2020

တပ်မတော်က COVID-19ကို နိုင်ငံရေး အကျိုးအမြတ်အတွက် လက်နက်အဖြစ်အသုံးချဟု ရှေ့ပြေးအသံအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၃

တပ်မတော်သည် NLD အစိုးရ၏ ထောက်ခံအားပေးမှု ဖြင့် COVID-19 ကပ်ရောဂါကို လက်နက်သဖွယ် နိုင်ငံရေအကျိုးအမြတ်အတွက် အသုံးချနေ ကြောင်း ရှေ့ပြေးအသံ(Progressive Voice) အဖွဲ့က ဇွန်လ ၂ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။

“နောက်ကျကျန်ခဲ့သော တိုင်းပြည်- မြန်မာနိုင်ငံမှ COVID-19 ကို လက်နက်အဖြစ်အသုံးချခြင်း ” အမည်ဖြင့် ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာတွင် တပ်မတော်နှင့် အစိုးရတို့က တိုင်းရင်းသားများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းမီဒီယာသမား များအပေါ် ဖိနှိပ်မှုများ တိုးမြှင့်လုပ် ဆောင်ရန်နှင့် နိုင်ငံရေး အကျိုးအမြတ်အတွက် ကပ်ရောဂါကို လက်နက်သဖွယ် အသုံးပြုနေသည်ဟု ဆိုထားသည်။

အစီရင်ခံစာတွင် ရှေ့ပြေး အသံအဖွဲ့၏ အကြံပေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ခင်ဥမ္မာက “အစိုးရရဲ့ “မည်သူမျှ ဖယ်ချန်မထားရေး” ဆိုတဲ့ မူကို မြန်မာစစ်တပ်က ပျက်ရယ်ပြုလိုက်တာပဲဖြစ်တယ်။ သူတို့က တိုင်းရင်းသား ဒေသတွေမှာ ရာနဲ့ချီပြီး နှိပ်စက်သတ်ဖြတ်တာကို ခံနေရတဲ့ ရခိုင်ပြည်နယ်က လူထုတွေအပေး ဆက်လက်ကျူးလွန်းနေတဲ့ စစ်ရာ ဇဝတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် COVID-19 ကို အကာ အကွယ်အနေနဲ့ သုံးနေတယ် ”ဟု ပြောဆိုထားသည်။

အစီရင်ခံစာတွင် ကပ်ရောဂါ ကာလအတွင်း ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုများ ပိုမိုလုပ်ဆောင်လာခြင်းနှင့်အတူ အစိုးရ၏ အင်တာနက် ဖြတ်တောက်မှုကို အခွင့်ကောင်းယူ၍ အကြမ်းဖက် လုပ်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် ဒေသခံအရပ်သားပြည်သူများမှာ ၎င်းအကြမ်းဖက်မှု ကို အဓိက ခံစားနေရကြောင်း၊ COVID-19 ကပ်ရောဂါအပေါ် အစိုးရ နှင့် EAOs အဖွဲ့များ၏ တုန့်ပြန်ဆောင်ရွက်မှုအပေါ် သုံးသပ် ထားသည်။

NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကော်စီ-RCSS ၏ကပ်ရောဂါ တုန့်ပြန်တား ဆီးဆောင်ရွက်မှုနှင့် မြန်မာ တပ်မတော်၏ နှောင့်ယှက်ဟန့်တားမှုများကိုပါ ဖော်ပြထားပြီး တိုင်းရင်းသား ပြည်သူများအား ကပ်ရောဂါ ကူးစက်မှုဖြစ်ပွားမည့်အပေါ် မြန်မာစစ်တပ်အနေဖြင့် ဂရုမစိုက်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိ ကပ်ရောဂါကာလ၌ ဝေးလံခေါင်ဖျားပြီး ပဋိပက္ခ ဒဏ် အများဆုံး ခံစားနေရသည့် တိုင်းရင်းသား ဒေသများမှာ အကူအညီများ ရရှိရေးအတွက် ဖယ်ကျဉ်ခံထား ရပြီး ၎င်းအတွက် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အရပ်ဖက် အဖွဲ့အစည်းများ အပေါ် အကူအညီများ တိုက်ရိုက်ပေးအပ်သွားရန် လိုအပ်ကြောင်းလည်း ဆိုထားသည်။

“NLD အစိုးရက ဗိုင်းရပ်စ်ပြန့်ပွားမှု ကာကွယ်ရေးအတွက် EAOတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ပူးပေါင်း ဆောင် ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမဲ့ လက်တွေ့မှာ တိုင်းရင်းသားကျန်းမာရေး ဝန်ဆောင်မှုတွေက ဖယ်ကျဉ်ခံထားရပြီး တမင်သက်သက် ဖျက်ဆီးတာကို ခံနေရတယ်။ ဒေသခံ ကျန်းမာရေး ဝန်ဆောင်မှု ပေးသူတွေအပေါ် ဘာကန့်သတ်ချက်မှ မထားဖို့နဲ့ သူတို့ဆီကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ တိုက်ရိုက်ရောက်ရှိဖို့က အရမ်းအရေးကြီးတယ်”ဟု ခင်ဥမ္မာက အစီရင်ခံစာ သတင်းထုတ်ပြန် ချက်၌ ပြောဆိုထားသည်။

လာမည့် ရွေးကောက်ပွဲ အတွက် ရှေးရှု့၍ နိုင်ငံရေးပါတီ တံဆိပ်(Logo)များပါဝင်သည့် အကူအညီပစ္စည်းများကို ပေးလှူခြင်းဖြင့် ကပ်ရောဂါအပေါ် အခွင့်ကောင်းယူ အသုံးချနေကြောင်းလည်း အစီရင်ခံစာက ဆိုထားသည်။

အစီရင်ခံစာ၏ နောက်ဆုံးဖော်ပြချက်များတွင် အစိုးရ၊ စစ်တပ် အနေဖြင့် လူသားချင်း စာနာမှု အကူအညီပေး ရေးအပေါ် ကန့်သတ်ချက်များမထားရှိရန်၊ COVID-19တုန့်ပြန်မှု အကူအညီများ တိုင်းရင်းသား ဒေသများအား လုံးသို့ အဟန့်အတားမရှိ ရောက်ရှိစေရန်၊ EAOsများ၏ ကပ်ရောဂါကာကွယ်ရေး လုပ်ဆောင်မှုအပေါ် ခြိမ်း ခြောက် ဟန့်တားမှုများမပြုရန် တောင်းဆိုထားသည်။

နိုင်ငံတကာအလှူရှင်များနှင့် နိုင်ငံတကာ ငွေကြေး ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများနှင့် ပဋိပက္ခသက်ရောက်မှုဒဏ်ခံနေရသည့် အခြားဒေသများသို့ ကပ်ရောဂါ တုန့်ပြန်ရေး အတွက် ဝန်ဆောင်မှု ပေးနေသည့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်း များဆီသို့ တိုက်ရိုက် နယ်စပ်ဖြတ်ကျော် အကူအညီများပေးအပ်သွားရန် ရှေ့ပြေးအသံအဖွဲ့က တိုက်တွန်းထားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သင့်လုပ်ထိုက်သည်များအားလုံးကို လုပ်ဆောင်ပေး လျက်ရှိကြောင်း၊ ပြည်သူများအတွက်သာမက UWSA (ဝ)အဖွဲ့နှင့် KIO/KIA စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံအတွင်းနေထိုင်သည့် တိုင်းရင်းသားများပင်ဖြစ်သည့်အတွက် COVID-19 ရောဂါဆိုင်ရာကာကွယ်ရေးလုပ်ငန်း များကို ချန်လှပ်မထားဘဲ လုပ်ဆောင်ပေးနေကြောင်း၊ ရခိုင်ဒေသတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုကို ထိခိုက်စေမည့် အကျပ်အတည်းများအား ကာကွယ်ပေးရမည်၊ ကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် စစ်သည်တော်ကျင့်ဝတ်ပါအတိုင်း ပြည်သူအပေါ် ရေလိုလလိုကျင့်သုံးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေး၊ အမျိုးသားအရေးဖြစ်ပြီး ပြည်သူနှင့် တိုင်းပြည်၏ စွမ်းအားများ မထိခိုက်စေရန် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်၍ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။


View the original post by Khit Thit

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia