လူ့အခွင့်အရေးကော်မရှင် အလုပ်ပိုလုပ်ဖို့ အရပ်ဘက်အဖွဲ့များ တိုက်တွန်း

28 May 2020

လူ့အခွင့်အရေးကော်မရှင် အလုပ်ပိုလုပ်ဖို့ အရပ်ဘက်အဖွဲ့များ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ကပ်ရောဂါကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်က ပျက်ကွက်နေတယ်ဆိုပြီး ပြည်တွင်း ပြည်ပ အရပ်ဘက်အဖွဲ့  ၂၂ ဖွဲ့ က ဝေဖန်ထောက်ပြလိုက်ပါတယ်။

ကပ်ဘေးကာလမှာ ရခိုင်၊ ချင်း၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ပိုမိုဆိုးရွားစွာရှိနေပေမယ့်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကြားဝင်ဖြေရှင်းဖို့ ပျက်ကွက် တယ်လို့ အရပ်ဖက်အဖွဲ့တွေက ထောက်ပြလိုက်တာပါ။

ကော်မရှင်က တိတ်ဆိတ်နေပြီး ချိုးဖောက်ခံရမှုတွေကို ဖော်ထုတ်ဖြေရှင်းတာ မရှိတဲ့အတွက် လုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်ဝတ္တရားတွေကို မကြောက်မရွံ့ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တာဖြစ်တယ်လို့ ညီမျှခြင်းမြန်မာ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အခုလိုကာလမှာ အရင်တုန်းက လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ပြောဆိုတာလည်း မတွေရဘူး၊ ကိုဗစ် ကာလမှာ ကိုဗစ်နဲ့ ပတ်သက်သော တခြားသော သီးသန့်လူ့အခွင့်ရေးချိုးဖောက်မှုတွေကို လမ်းညွှန်တာတွေ၊ ထုတ်ဖော်ပြောကြားတာတွေ မရှိတဲ့အတွက်ကြောင့်မလို့ အခုလိုမျိုး လူ့အခွင့်ရေး ကော်မရှင်တရပ်က တိတ် တိတ်ဆိတ်ဆိတ်နေတာရယ်၊ တိုင်ကြားလာမှ လုပ်ဆောင်တာတင်မကဘဲနဲ့ ကြိုတင်ပြီးတော့ ကာကွယ် တားဆီးဖို့အတွက် အင်အားတိုးပြီး လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုတဲ့အတွက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”

ညီမျှခြင်းမြန်မာအဖွဲ့အပြင် ကချင်အမျိုးသမီးအစည်းအရုံး၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကရင်နီလူ့အခွင့်အရေး အဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ တအာင်းအမျိုးသမီးအစည်းအရုံး စတဲ့ အရပ်ဖက်အဖွဲ့ ၂၂ဖွဲ့က မနေ့က ရက်စွဲနဲ့ တိုက်တွန်းထားတာပါ။

အခုလို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရင်ဆိုင်နေရချိန်မှာ သတင်းအချက်အလက်တွေသိရဖို့ အရေးကြီးပေမယ့် ရခိုင်နဲ့ချင်းပြည်နယ်မှာ အင်တာနက်အသုံးပြုမှု ပိတ်ခံထားရတာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်ပြီး ဒီကိစ္စကို လူ့အခွင့်အရေးကော်မရှင်က ဝင်ရောက်ပြောဆိုတာ မရှိဘူးလို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

ရှမ်းနဲ့ကရင်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ကျန်းမာရေး စစ်ဆေးတာတွေကို တပ်မတော်က တားဆီးတာကြောင့် စစ်ဆေးမှုတွေကို ရုပ်သိမ်းလိုက်ရတာ ရှိသလို ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကော်မရှင်အနေနဲ့ အပစ်အခတ်ရပ်စဲပြီး ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်ကြဖို့ လူ့အခွင့်အရေးရှုထောင့်ကနေ ဝင်ရောက်ပြောဆိုတာလည်း မရှိဘူးလို့ ထောက်ပြထားပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း ထိန်းသိမ်း ခံနေရတဲ့ အရပ်သားတချို့  ရိုက်နှက်ခံနေရတဲ့ ဗွီဒီယိုဖိုင်တခု မကြာသေးခင်က အင်တာနက် လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်တာကို မီးမောင်းထိုးပြနေ တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်က  အနိုင်ကျင့်ခံရမှုတွေနဲ့ ပတ်သက်ပြီး  ကော်မရှင်ထံ တိုင်ကြားပေမယ့် စစ်ဆေးမှု အားနည်းတယ်လို့ ရခိုင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

“တချို့ဟာတွေမှာ သူက တပ်ကို စစ်ဆေးဖို့အတွက် ညွှန်ကြားတယ်၊ ဒါပေမဲ့ တပ်ကနေပြီးတော ဒီနေရာ မလုံခြုံတဲ့နေရာဖြစ်တာကြောင့် သွားလာလို့ မကောင်းဘူး၊ ကျနော်တို့သွားလို့မရဘူးဆိုပြီး ရဲကိုလွှဲပြီးတော့ ကျနော်တို့ အစစ်ခံရတာလည်း ရှိတယ်။ အဲဒီတော့ အားနည်းချက် အများကြီးရှိပါတယ်၊ သူတို့ကော်မရှင်နဲ့ ဆက်သွယ်လုပ်လာတာလည်းကြာပါပြီ။ တင်ထားတာလည်း တော်တော်များပါပြီ။ ပြန်လည်စစ်ဆေးဖို့အပိုင်း မှာတော့ တုံ့ပြန်မှု အားနည်းတယ်လို့ ယူဆပါတယ်”

ရှမ်းပြည်နယ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေရှိတယ်လို့ တအာင်းပလောင်အမျိုးသမီးအဖွဲ့က လွေးပိုးကေ့မဲ့ခြိူင်း က ပြောပါတယ်။

“ကျမတို့ဆီမှာတော့ အဓိကတော့ တပ်မတော်က လူ့အခွင့်ရေးချိူးဖောက်မှုတွေ ကျူးလွန်နေတယ်၊ ကျူးလွန်နေတဲ့ဟာတွေက ညှဉ်းပန်းနှိပ်စက်တာမျိူးတွေ၊ လူထုတွေကို မသင်္ကာရင် မသင်္ကာသလို ဖမ်းဆီးပြီးတော့ ထိန်းသိမ်းထားတာမျိုးတွေ၊ ညှဉ်းပန်းနှိပ်စက်တာမျိုးတွေက ခုချိန်ထိရှိနေသေးတယ်၊ သတ်ဖြတ်တဲ့အပိုင်းတွေလည်း ရှိတယ်ပေါ့နော်”

နိုင်ငံအနှံ့မှာ တိုးလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကော်မရှင်က ကြားဝင်ဖြေရှင်းပေးဖို့ ပျက်ကွက်လို့ တုန်လှုပ်မိကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပ်မတော်က လူအခွင့်ရေးချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချူပ် ဇော်မင်းထွန်း ကို RFA က ဒီကနေ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဧပြီလက နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်သား ၂၄၀၀၀ ကျော် လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဉ်းသား ၂၆ ဦးသာ ပါဝင်ခဲ့ပါတယ်။ ကော်မရှင်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတာလည်း မရှိခဲ့ဘူးလို့ အဖွဲ့ ၂၂ ဖွဲ့က ထောက်ပြထားပါတယ်။

ဒီ ၂၂ ဖွဲ့ရဲ့ ကြေညာချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရုံးကို RFA က ဒီကနေ့ တယ်လီဖုန်းဆက်၊ အီးမေးပို့ပြီး ဆက်သွယ် မေးမြန်းထားပေမယ့် ပြန်လည် ဖြေကြားတာ မရှိပါဘူး။

လက်ရှိ လူ့အခွင့်အရေးကော်မရှင်ကို ဇန်နဝါရီ  ၁၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အသစ်ပြင်ဆင် ဖွဲ့စည်းထားတာဖြစ်ပါတယ်။


View the original post by RFA

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia