Ever Flow River ကုမ္ပဏီက ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်စာရင်းဖွင့်ရန် ပြင်ဆင်နေခြင်းသည် ကြီးမားသော အကျင့်ပျက်ခြစားမှုများ ပေါ်ပေါက်လာမည့် အန္တရာယ်အလားအလာပင်ဖြစ်သည်

Ever Flow River ကုမ္ပဏီက ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်စာရင်းဖွင့်ရန် ပြင်ဆင်နေခြင်းသည် ကြီးမားသော အကျင့်ပျက်ခြစားမှုများ ပေါ်ပေါက်လာမည့် အန္တရာယ်အလားအလာပင်ဖြစ်သည်

EFR ဝင်ငွေသည် မြန်မာစစ်တပ်အတွက် အဓိကကျသည့် အကျိုးအမြတ်များ ရရှိစေနိုင်ပြီး ဖြစ်ပွားနေဆဲဖြစ်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကို ပံ့ပိုးထောက်ပံ့ပေးနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများမှ သတိပေး

၂၀၂၀ ခုနှစ် မေလ ၂၅ ရက်၊ မြန်မာနိုင်ငံ

ထာဝရနဒီအုပ်စု ကုမ္ပဏီများ (အများနှင့်သက်ဆိုင်သော)လီမိတက် (Ever Flow River – EFR) သယ်ယူပို့ ဆောင်ရေး နှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစုကြီးသည် ၂၀၂၀ မေလ ၂၈ ရက်နေ့တွင် အများနှင့် သက်ဆိုင်သောကုမ္ပဏီအဖြစ် ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange – YSX) ၌ အများပြည်သူ သိရှိနိုင်စေရန် ခြောက်ခုမြောက် စာရင်းသွင်း ဖော်ပြခံ ရသည့် ကုမ္ပဏီတစ်ခု ဖြစ်လာမည်ဖြစ်သည်။ EFR သည် မြန်မာစစ်တပ်၏ ပင်မ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (Myanma Economic Holdings Public Company Limited – MEHL) နှင့် စီးပွားရေး မိတ်ဖက်တစ်ဦးဖြစ်ပြီး EFR ၏ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်းခြင်းမှ အကျိုးအမြတ်များသည် မြန်မာစစ်တပ်၏ စနစ်တကျ အကျင့်ပျက်ခြစားခြင်းများ ထပ်မံပေါ်ပေါက်လာစေနိုင်ပြီး ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ပိုမို အထောက်အပံ့ပြု လာစေနိုင်သည်။

EFR နှင့် MEHL တို့သည် ရန်ကုန်ရှိ ကုန်းတွင်းဆိပ်ကမ်းပေါင်းစပ် အဆောက်အအုံတခု ဖေါ်ဆောင်ရေးကို လှိုင်အင်(န်)လဲ(န်ဒ်)တာမိနဲ(လ်)အဲန်လော့ဂျစ်စတစ်(စ်)ကုမ္ပဏီ လီမိတတ် (Hlaing Inland Terminal and Logistics Co. , Ltd.) အမည်ဖြင့် မှတ်ပုံတင်၍ ဆောင်ရွက်လျက်ရှိပါသည်။ EFR က အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၇ သန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး MEHL ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက် (Lann Pyi Marine) က နှစ် ၅၀ သက်တမ်းဖြင့် မြေငှားရမ်းပေးမည်ဖြစ်သည်။

EFR ၏ အဆိုအရ လန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီလီမိတက်က စီမံကိန်းဆောင်ရွက်မည့်မြေကွက် (စီမံကိန်းမြေကွက်) နှင့်ပတ်သက်၍ “အကန့်အသတ်မရှိသော အသုံးချပိုင်ခွင့်” ရရှိထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမြေနေရာသည် အောင်ဇေယျတံတားနှင့် ရွှေပြည်သာတံတားအကြား လှိုင်သာယာရှိ ဧက ၁၅၀ အကျယ်အဝန်းရှိသော မြေနေရာ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါသည်။

MEHL သည် ၎င်း၏လက်အောက်ခံလုပ်ငန်းခွဲတစ်ခုဖြစ်သော လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက်မှ တစ်ဆင့် Hlaing Inland Terminal and Logistics Co., Ltd. တွင် ရှယ်ယာ ၅၁% ကို ပိုင်ဆိုင်ထားပြီး EFR က ကျန် ၄၉% ကို ပိုင်ဆိုင်ထားသည်။

စီမံကိန်းအတွင်း အကောက်ခွန်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံတစ်ခု၊ အကောက်ခွန်ဆောင်ခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှုများ တပေါင်းတည်းပါဝင်ခြင်းသည် အဂတိလိုက်စားမှုအန္တရာယ်ကို မြင့်မားစေပါသည်။

MEHL ၏ ဒါရိုက်တာတစ်ဦးဖြစ်သော အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ထင်သည်လည်း မြန်မာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သည်။ MEHL ၏ ဒုတိယမြောက် ဒါရိုက်တာ တစ်ဦးဖြစ်သော အငြိမ်းစားဗိုလ်မှူးနီအောင်သည် ဆိပ်ကမ်းများကို စည်းမျဥ်းချမှတ် စီမံခန့်ခွဲသည့် အစိုးရအေဂျင်စီဖြစ်သော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပါသည်။

ထို့ကြောင့် ဗိုလ်မှူးချုပ်ကျော်ထင်နှင့် ဗိုလ်မှူးနီအောင်တို့သည် MEHL ၏ EFR နှင့် စီးပွားရေး ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ရယူထားသော အရပ်ဘက်ရာထူးများမှတစ်ဆင့် တိုက်ရိုက် အကျိုးအမြတ်များ ရရှိကြလိမ့်မည်ဖြစ်ရာ ကြီးမားသော အကျိုးစီးပွား ပဋိပက္ခများ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “EFR ရဲ့ အဓိက စီးပွားရေးလုပ်ငန်း တစ်ခုဟာ မြန်မာစစ်တပ် လုပ်ငန်းစုကြီးအတွက် အဓိကကျတဲ့ အကျိုးအမြတ်တွေ အများကြီး ယူလာပေးပြီး သူတို့ရဲ့ အာဏာ၊ ပါဝါကို ထပ်လောင်းအားဖြည့်ပေးတယ်၊ စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို ကြွယ်ဝချမ်းသာစေရုံမျှမက ပေါ်ပေါက်နေဆဲ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထောက်ပံ့ပေးနေသလို ဖြစ်နေတယ်။ ရန်ကုန်စတော့အိတ်ချိန်းက EFR ရဲ့ စာရင်းတင်သွင်းမှုကို လက်ခံအတည်ပြုလိုက်တာဟာ ထိတ်လန့်စရာပဲ ဖြစ်ပါတယ်။ ဒီလိုအတည်ပြုပေးလိုက်တာဟာ စတော့အိတ်ချိန်းရဲ့ စောင့်ကြည့်ဆန်းစစ်မှု (due diligence) စံနှုန်းနဲ့ စစ်တပ်နဲ့ ခရိုနီတွေရဲ့ သြဇာလွှမ်းမိုးမှုကနေ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်အတွက် စိုးရိမ်ဖွယ်ရာ အလွန်ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းသွင်းမှုစံနှုန်းများအရ “ကုမ္ပဏီနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များ၊ အများပြည်သူသိသင့်သည့် အချက်အလက်များ” ထုတ်ပြန်ဖေါ်ပြပေးရန် လိုအပ်သည့်အပြင် EFR အနေဖြင့် လန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီလီမိတက်သည် MEHL ၏ လက်အောက်ခံဖြစ်ပြီး ဗိုလ်မှူးချုပ်ကျော်ထင်နှင့် ဗိုလ်မှူးနီအောင်တို့ ပါဝင်ပတ်သက်နေသော အကျိုးစီးပွား ပဋိပက္ခများရှိနေသည့် လုပ်ငန်းဖြစ်သည် ဟူသော အချက်ကိုလည်း ထုတ်ဖော် ပြောကြားထားခြင်း မရှိသည်မှာ စိုးရိမ်ပူပန်ဖွယ်ဖြစ်သည်။ ထို့ပြင် ရန်ကုန်စတော့အိတ်ချိန်း အနေဖြင့် စီမံကိန်းအတွက် ရန်ကုန်မြစ်ကမ်းဘေး အချက်အခြာကျသည့် စက်မှုလုပ်ငန်းမြေနေရာ ဧက ၄၀ ကို EFR မှ မည်သို့မည်ပုံ ရယူအသုံးပြုနေသည်ဆိုသည်နှင့် MEHL မှ ဒါရိုက်တာများ၏ အကျိုးစီးပွား ပဋိပက္ခဆိုင်ရာ သက်သေအထောက်အထားများကို ဖော်ထုတ်ပြောကြားရန်လည်း ပျက်ကွက်နေဆဲ ဖြစ်ပါသည်။

MEHL ကို အထူးဖေါ်ပြခဲ့သည့် ကုလသမဂ္ဂ၏ လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ အစီရင်ခံစာတွင် “မြန်မာနိုင်ငံတွင် လှုပ်ရှားနေသော စီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုလုပ်နေသော၊ မြန်မာနိုင်ငံ စီးပွားရေး

လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသော လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံလုံခြုံရေး တပ်ဖွဲ့ဝင်များ (……) အထူးသဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ၎င်းတို့၏ လက်အောက်ခံကုမ္ပဏီများ အားလုံး၊ စီးပွားရေးဆက်ဆံမှုများအားလုံးနှင့် မည်သည့်ပုံစံမျှဖြင့် စီးပွားရေးလုပ်ငန်း ဝင်ရောက်လုပ်ကိုင်ခြင်း ဆက်လက်လုပ်ကိုင်ခြင်းများ မလုပ်သင့်ကြောင်း အကြံပြုခဲ့ ပြီး ရှောင်ကြဥ်သင့်သော စီးပွားရေးလုပ်ငန်း ဆက်ဆံမှုများတွင် အဆိုပါ စစ်တပ်ပိုင် ကုမ္ပဏီများသို့ ချေးငွေထုတ်ပေးခြင်း၊ စစ်တပ်ပိုင် ကုမ္ပဏီများ၏ စီမံကိန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းနှင့် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများထံမှ ဝန်ဆောင်မှုများရယူအသုံးပြုခြင်း (အိမ်ခြံမြေ ငှားရမ်းခြင်း အပါအဝင်) တို့လည်း ပါဝင်သည်။

ရတနာမောင်က ဆက်လက်ပြောကြားသည်မှာ – “မြန်မာစစ်တပ်အနေနဲ့ ဆိုးဝါးပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘာကြောင့် ဆက်လက်ကျူးလွန်နေနိုင်တာလဲဆိုတော့ EFR တို့လို ကုမ္ပဏီတွေကနေ တစ်ဆင့် ဒီမိုကရေစီနည်းကျ ကြီးကြပ်စစ်ဆေးခွင့်ကနေ လွတ်လပ်ခွင့်ရနေတဲ့ အမြတ်ငွေတွေဟာ စစ်တပ်ကို စီးဆင်းနေပြီး၊ စစ်ဗိုလ်ချုပ်ကြီးတွေကိုလည်း တစ်ကိုယ်ရေ အကျိုးအမြတ် အထူးခံစားခွင့် အမြောက်အများ ပေးနေလို့ဖြစ်ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း အနေနဲ့ EFR ရဲ့ စာရင်း တင်သွင်းခြင်းကို အတည်ပြုလိုက်တာဟာ စစ်တပ်ရဲ့ အကျင့်ပျက် ခြစားမှုတွေ၊ ပေါ်ပေါက်နေဆဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ဖြစ်ပွားနေစေပါတယ်။”

EFR သည် စီမံကိန်းကို ပြီးစီးရန် အရင်းအနှီးကို အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်၊ Daiwa Institute of Research (Daiwa Securities Group ၏ လက်အောက်ခံကုမ္ပဏီ) နှင့် Japan Exchange Group တို့ ဖက်စပ်လုပ်ကိုင်သော ရန်ကုန်စတော့အိတ်ချိန်း မှတစ်ဆင့် ရရှိလာမည့် ရန်ပုံငွေတို့ဖြင့် ထည့်၀င် ဆောင်ရွက်သွားရန်ဖြစ်သည်။ Japan Exchange Group သည် တိုကျိုစတော့အိတ်ချိန်းကို ဆောင်ရွက်နေသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ဂျပန် အစိုးရ အေဂျင်စီ (JICA) သည် ရန်ကုန်စတော့အိတ်ချိန်းတွင် ဖော်ပြထားသောကုမ္ပဏီများအတွက် အကြံပေး ၀န်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။

အယ်ဒီတာများသို့ မှတ်ချက်။

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အတွက် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်နေသည့် အမည်မဖေါ်လိုသော တက်ကြွလှုပ်ရှားသူ အစုအဖွဲ့ တစ်ရပ်ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအား မြန်မာစစ်တပ်နှင့် စီးပွားရေး ဆောင်ရွက် နေခြင်းမှ ရပ်ဆိုင်းရန်၊ တိုင်းရင်းသားတန်းတူညီမျှမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းမှု ရရှိစေမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထောက်ပံ့အားပေးကြရန် တိုက်တွန်းနေသော အစုအဖွဲ့ ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး အများပြည်သူနှင့် သက်ဆိုင်သော ကုမ္ပဏီ စာရင်းတင်သွင်းခြင်းကို ၂၀၁၆ တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်စတော့ အိတ်ချိန်းကို ၂၀၂၀၊ မတ်လတွင် နိုင်ငံခြားကုန်သွယ်သူများအတွက် ဖွင့်လှစ်လိုက်သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် EFR မှ တစ်ဆင့် Hlaing Inland Terminal and Logistics Co., Ltd တို့တွင် အစုရှယ်ယာများ ပိုင်ဆိုင်ခွင့်ရရှိစေခဲ့သည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အစီရင်ခံစာ – မြန်မာစစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက် နှင့် Hlaing Inland Terminal and Logistics Co., Ltd တို့ကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတွင် ဗိုလ်မှူးချုပ်ကျော်ထင်နှင့် ဗိုလ်မှူးနီအောင်တို့၏ နေရာနှစ်ခုတွင် ရာထူးပိုင်ဆိုင်မှုကိုလည်း အတည်ပြုထားသည်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် အစီရင်ခံစာ မြန်မာဘာသာပြန်အား ရယူရန် ဤနေရာတွင်နှိပ်ပါ။

EFR အား ရန်ကုန် စတော့အိတ်ချိန်းတွင် ဖော်ပြထားချက်များကို ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီလီမိတက် ဝက်ဘ်ဆိုက်အတွက် ဤနေရာကိုနှိပ်ပါ။

ထပ်မံစုံစမ်းသိရှိလိုပါက ကျေးဇူးပြု၍ အောက်ပါလိပ်စာကို ဆက်သွယ်ပေးပါ။
ရတနာမောင်
အီးမေးလ် – [email protected]
၀က်ဘ်ဆိုဒ် – https://www.justiceformyanmar.org/
တွစ်တာ – @justicemyanmar
ဖေ့ဘုတ် – https://www.facebook.com/justiceformyanmar.org/

PDF ဖြင့်ရယူရန်

အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန်

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia