19 April 2020
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူထားသည့်တိုင် ဗမာ့တပ်မတော်သည် မူတြော်ခရိုင်မြောက်ပိုင်း ကရင့်နယ်မြေအတွင်းသို့ မဟာဗျူဟာမြောက်လမ်းမတစ်ခု ဖောက်လုပ်နိုင်ရန်အတွက် ၂၀၂၀ နှစ်ဦးပိုင်းကတည်းကစတင်ပြီး တပ်ဖွဲ့အင်အားနှစ်ထောင်ကျော် ဖြန့်ကျက်ချထားကာ ရာနှင့်ချီသော မော်တာဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရာနှင့်ချီသော ရွာသူရွာသားများမှာ တောတောင်များအတွင်းတိမ်းရှောင်ခိုအောင်းခဲ့ရပြီး ထောင်ချီသောအခြား ရွာသူရွာသားများမှာလည်း ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေလျက်ရှိသည်။ ရွာသူရွာသားများအား ညှဉ်းပန်း နှိပ်စက်ခြင်း၊ ဝေဖန်ပိုင်းခြားမှုမရှိပဲ ပစ်ခတ်သတ်ဖြတ်ခြင်းများ ဖြစ်ပွားနေခဲ့သည်။
အဆိုပါလမ်းကို “ဖွံ့ဖြိုးတိုးတက်ရေး” အတွက် ဆောက်လုပ်ခြင်းဖြစ်သည်ဟူသော ဗမာ့တပ်မတော်၏ ရပ်တည်ပြောဆိုမှုများက လိမ်ညာမှုသက်သက်ဖြစ်သည်မှာ ထင်ရှားလျက်ရှိသည်။ ဆောက်လုပ်ပြီးစီးသွားပါက ထိုလမ်းမသည် မူတြော်ခရိုင်မြောက်ပိုင်းနယ်မြေအတွင်းသို့ စက်ယာဉ်ယန္တယားများဖြင့် သယ်ယူပို့ဆောင်နိုင်မည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်လာပြီး တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့များ၊ စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာအထောက်အပံ့များကို တစ်နှစ်ပတ်လုံး အချိန်အခါမရွေးသယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။
ဗမာ့တပ်မတော်သည် အဓိကကရင်ခံတပ်စခန်းတစ်ခုဖြစ်ပြီး KNU တပ်မဟာ ၅ လက်အောက်တွင်ရှိသော မူတြော်ဒေသကို ပိုမိုနယ်ချဲ့ထိန်းချုပ်ထားနိုင်ရန်ရည်ရွယ်ကြောင်း ထင်ရှားပေါ်လွင်နေသည်။ မူတြော်ဒေသက သထုံရှိ KNU တပ်မဟာ ၁၊ တောင်ငူရှိ တပ်မဟာ ၂၊ ညောင်လေးပင်ရှိ တပ်မဟာ ၃ နှင့် ဖားအံရှိ တပ်မဟာ ၄ တို့ကြားတွင် မဟာဗျူဟာမြောက်စွာ တည်ရှိနေခြင်းကြောင့်ဖြစ်သည်။
တောတောင်ထူထပ်သောမူတြော်ဒေသမှာ ဗမာအစိုးရမှထိန်းချုပ်နိုင်စွမ်းအနည်းဆုံးသော KNU နယ်မြေလည်းဖြစ်သည်။ ဒေသလူဦးရေ ၈၀၀၀၀ အနက် အများစုမှာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးအသက်မွေးသော တောင်သူများဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟမျှတစွာ နီးနီးကပ်ကပ်ယှဉ်တွဲ နေထိုင်ကာ ရာစုနှစ်ချီကြာညောင်းလာပြီးဖြစ်သည့် ထုံးတမ်း စဉ်လာဥပဒေများ နှင့် အညီ ၎င်းတို့၏လယ်ယာမြေများကို စီမံခန့်ခွဲနေခဲ့ကြသည်။ KNU ၏ မူတြော်ဒေသအုပ်ချုပ်ရေးအဖွဲ့က ပညာရေး၊ ကျန်းမာရေးနှင့်တရားစီရင်ရေးစနစ်များကို ကိုယ်ပိုင်လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်စီမံ ဆောင်ရွက်နေသည့်အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဒေသခံ ကရင်လူမှုအသိုက်အဝန်းများက ၎င်းတို့ကိုယ်တိုင်ထိန်းသိမ်း ကာကွယ်သည့် ဥယျာဉ်နယ်မြေတစ်ခုကို တည်ထောင်ခဲ့သည်။ ဌာနေတိုင်းရင်းသားများကိုယ်တိုင်ဦးဆောင်မှုအတွက် တစ်ကမ္ဘာ လုံး၏ဂုဏ်ပြုကြိုဆိုမှုကို ရရှိခဲ့သော စီမံကိန်းတစ်ခုဖြစ်သည့် စတုရန်းမီတာ ၅၄၈၅ ကျယ်ဝန်းသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ပင် ဖြစ်သည်။
ယခုအခါတွင် ဗမာ့တပ်မတော်တပ်ဖွဲ့ဝင်များက လမ်းဆောက်လုပ်မှုဧရိယာလုံခြုံရေးအတွက် ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ထိန်းသိမ်းကာကွယ်ထားသော သစ်တောများကို ခုတ်လှဲကာ မီးတင်ရှို့ဖျက်ဆီးနေကြသည်။
မူတြော်ဒေသခံလူမှုအသိုက်အဝန်းများသည်ဗမာ့တပ်မတော်မှ လမ်းသစ်များဖောက်လုပ်ခြင်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို ကောင်းစွာ သိမြင်နားလည်သောကြောင့် လူထုစုပေါင်းဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။ ဇန်နဝါရီလ ၁၅ ရက် နေ့တွင် ရွာသူရွာသားတစ်ထောင်ခန့်က လမ်းဖောက်လုပ်ရာနေရာအနီးတွင်စုဝေးကာ လမ်းဖောက်လုပ်ရန် လုပ်ငန်းအစီအစဉ်အပေါ် ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။
၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲမှုသဘောတူညီချက် ရယူခဲ့ချိန်ကစပြီး ဗမာ့တပ်မတော်သည် မူတြော်ဒေသအတွင်း ၎င်းတို့၏ နယ်ချဲ့မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး တပ်စခန်းသစ် ၁၆ ခု အား KNU မှ ဆန့်ကျင်ကန့်ကွက်နေခဲ့ကြားကပင် တိုးချဲ့တည်ဆောက်ခဲ့သည်။ လက်ရှိတွင် မူတြော်ဒေသအတွင်း၌ ဗမာ့တပ်မတော်၏တပ်စခန်းပေါင်း ၈၁ ဖြန့်ကျက် ထားရှိပြီး အထူးသဖြင့် မြစ်ကြောင်းတလျှောက်နှင့် မြေလမ်းတလျှောက်တွင် တည်ရှိသည်။ သို့သော် ဗမာ့တပ်မတော်အနေနှင့် လမ်းတစ် ဘက်တစ်ချက် မီတာ ၅၀ ကျော်အကွာအဝေးသို့ ဝင်ရောက်ခြင်းမပြုပဲ အဆိုပါတပ်စခန်းများသို့ မြင်းများဖြင့် သို့မဟုတ် ခြေလျင်ခရီးဖြင့် ထောက်ပံ့ပို့ဆောင်ရန်အတွက်သာ KNU က ခွင့်ပြုထားခဲ့သည်ဖြစ်ရာ ထိုတပ်စခန်းများတွင် တပ်သားအရေ အတွက်နည်းပါးသည်။
“တကျော့ပြန်အိပ်မက်ဆိုး (The Nightmare Returns)” ဟူသည့် KPSN ၏ အစောပိုင်းအစီရင်ခံစာတွင် မူတြော်ဒေသတွင်း ဗမာ့တပ်မတော်၏ ၂၀၁၈ ခုနှစ် မတ်လ ထိုးစစ်ဆင်တိုက်ခိုက်မှုအကြောင်းကို မှတ်တမ်းတင်ဖော်ပြထားသည်။ တပ်ရင်း (၈) ရင်းမှ တပ်ဖွဲ့ဝင် ၁၅၀၀ ကို ဖြန့်ကျက်ချထားပြီး ယခုလမ်းကိုပင် ဖောက်လုပ်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ထိုစဉ်ကလည်း လမ်းဖောက်လုပ်ရန်စီစဉ်ထားသော နယ်မြေတဝိုက်မှ ရွာသူရွာသား ၂၄၀၀ ကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင် ထွက်ပြေးခဲ့ရပြီး ဒေသခံရပ်ရွာခေါင်းဆောင် စောအိုမူး မှာ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ယခုနှစ်အသစ်တဖန် ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း မူတြော်ဒေသမြောက်ပိုင်းတွင် အနည်းဆုံး တပ်ရင်းဆယ့်သုံးရင်းကို အမြောက်အင်အားအပြည့်ဖြင့် တပ်ဖြန့်ထားပြီး မူတြော်ဒေသတောင်ပိုင်းတွင်လည်း တပ်ဖွဲ့အင်အားတိုးမြှင့်ကာ တိုက်ခိုက်မှုများ စတင်လုပ်ဆောင်လာခဲ့သည်ကို ကြည့်လျှင် ဗမာ့တပ်မတော်အနေဖြင့် လက်ရှိအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပေါ်ပေါ်ထင်ထင် မထီလေးစားချိုးဖောက်ကာ မူတြော်ဒေသအတွင်းသို့ မဖြစ်မနေထိုးဖောက်ဝင်ရောက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိသာထင်ရှားနေသည်။ တစ်ချိန်တည်းမှာပင် တပ်မတော်အာဏာပိုင်များသည် KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လူထုတွေ့ဆုံပွဲလုပ်ဆောင်မှုများအပေါ် တားဆီးပိတ်ပင်နေလျက်ရှိသည်။
အထူးသဖြင့်လက်ရှိအချိန်တွင် ဗမာပြည်အနေနှင့် ရှိသမျှသမျှအရင်းအမြစ်များအားလုံးဖြင့် အသက်ဆုံးရှုံးစေနိုင်သော ကိုဗစ်နိုင်တင်းဗိုင်းရပ်စ် (COVID-19 virus) ကူးစက်ပြန့်ပွားမှုအား ကာကွယ်တားဆီးရေးလုပ်ဆောင်ရမည့်အချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်ပျက်စီးစေမည့် ထိုးစစ်ဆင်မှုတစ်ရပ်အတွက် ငွေကြေးအမြောက်အမြားသုံးစွဲခြင်းက အလွန်ပင် မိုက်မဲသောလုပ်ရပ်ဖြစ်သည့်အပြင် အသစ်ထပ်မံဖြစ်ပေါ်လာသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုအပေါ် ရောဂါကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေဘေးအန္တရာယ်ကို ပိုမိုမြင့်မားစေမည်ဖြစ်လေသည်။
သို့ဖြစ်ရာ KPSN အနေဖြင့် အောက်ပါအရေးပေါ်တောင်းဆိုမှုများကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ဗမာ့အစိုးရနှင့် ဗမာ့တပ်မတော်သို့တောင်းဆိုချက်များ
နိုင်ငံတကာအသိုက်အဝန်းသို့တောင်းဆိုချက်များ
ထုတ်ပြန်ချက်အစီရင်ခံစာ အပြည့်အစုံကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ ဖြင့် ဒေါင်းလုတ်ယူရန်။
၎
င
၎
၎
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.