27 March 2020
မြန်မာအစိုးရအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဖြတ်တောက်ထားတာကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကပ်ရောဂါ ကျရောက်နေစဉ်အတွင်း ရခိုင်နဲ့ ချင်းပြည်နယ်က လူဦးရေ တစ်သန်းကျော်ဟာ ကူးစက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရရှိနိုင်ဘဲ ဖြစ်နေကြောင်း၊ အခုလိုအချိန်မှာ သတင်းအမှောင်ချထားတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာသာမက၊ အလွန်ဆိုးရွားတဲ့ တာဝန်မဲ့မှုလည်းဖြစ်ကြောင်း ကြေညာချက်မှာဖော်ပြပါတယ်။
တကယ်လို့ အင်တာနက်ဖြတ်တောက်တာကို မရုပ်သိမ်းဘူးဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ခုလိုပြောပြပါတယ်။
“အင်တာနက်ပိတ်ဆို့ထားတာကို ရုတ်သိမ်းမပေးဘူးဆိုရင် ဘာဖြစ်လာနိုင်သလဲဆိုရင် ကျနော်တို့မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာပေါ်မှာ၊ အင်တာနက်မှာ ပိုပြီးတော့ မြန်မြန်ဆန်ဆန်သွားနေတဲ့ သတင်းအချက်အလက်တွေကို အဲဒီဒေသမှာနေတဲ့သူတွေက ရယူဖို့ အခက်အခဲတွေဖြစ်မယ်။ ရောဂါပိုးနဲ့ ပတ်သက်ဆက်နွယ်တဲ့သတင်းတွေကို အင်တာနက်က မရရှိတာက ရောဂါကာကွယ်ဖို့အတွက် လုပ်မယ့် ကာကွယ်မှုတွေအတွက်ပေါ့နော်။ အနှောင့်အယှက် ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်မယ်လို့ ကျနော်တို့ ယူဆတယ်”
မတ်လ ၂၅ ရက်နေ့ကလည်း (FORUM-ASIA) ဆိုတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ညီမျှခြင်းမြန်မာ၊ Progressive Voice နဲ့ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီးတော့ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်းက မြို့တွေက ပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အရေးကြီးသတင်းအချက်အလက်တွေ သိရှိနိုင်အောင် အင်တာနက်ပြန်ဖွင့်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အရှိန်အဟုန်နဲ့ ပြန့်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာ အဲဒီမြို့နယ်တွေအတွင်း အင်တာနက်အသုံးပြုခွင့်မရတာဟာ အခြေအနေတွေကို ထိန်းချုပ်လို့မရဘဲ ဒေသခံတွေကို ပိုမိုထိခိုက်ဆုံးရှုံးမှုဖြစ်စေမယ့် ဆိုးကျိုးတွေသာ ရရှိလိမ့်မယ်လို့ (FORUM-ASIA) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုအရေးကြီးတဲ့အချိန်မှာ အင်တာနက်ဖြတ်တောက်တာကို ရုပ်သိမ်းဖို့တင်မကဘဲ တိုက်ပွဲတွေပါ ရပ်ဖို့လိုတယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကပြောပါတယ်။
“စစ်ရေးကြောင့် အင်တာနက်ဖြတ်တောက်ထားတာကို အမြန်ဆုံးရပ်တန့်ပြီးတော့ အားလုံးက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတင်းတွေ ရရှိဖို့ လုပ်ဆောင်ပေးစေချင်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ကျန်းမာရေးပညာရှင် ဆိုတာ အင်မတန်ရှားပါတယ်။ ခုဆိုရင် ကျန်းမာရေးဝန်ထမ်းတချို့က အဲဒီဒေသတွေမှာ စေတနာအလျှောက် တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးနေကြပါတယ်။ သူတို့ကို အရမ်းချီးကျူးဖို့ကောင်းတယ်။ ဒါပေမဲ့ သူတို့ သွားလာနိုင်ဖို့၊ လုပ်ကိုင်နိုင်ဖို့အတွက် အဲဒီဒေသတွေမှာ စစ်ပွဲတွေ မရပ်တန့်မချင်း ဘယ်လိုမှ လုပ်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့အဖွဲ့အစည်းကြောင့်ဖြစ်စေ။ ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့် ဖြစ်စေ၊ ကိုယ့်ရဲ့အတ္တကြောင့် ဖြစ်စေ စစ်ပွဲတွေ ဆင်နွှဲနေတာ လုံးဝရပ်တန့်ပေးပါ။ စစ်ပွဲတွေအစား COVID-19 ကို တိုက်ခိုက် တွန်းလှန်ကြပါ”
ရခိုင်ပြည်နယ်က တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ၂၀၁၉ ခုနှစ် ဇွန်လကစပြီး အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာပါ။
ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စား လှယ် David Kaye ရဲ့ ကြေညာချက်မှာလည်း အခုလို အရေးကြီးတဲ့ကာလမှာ အင်တာနက်သုံးစွဲခွင့်ပိတ်ပင်တာကို အမျိုးသားလုံခြုံရေးအတွက်လို့ မသတ်မှတ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အစိုးရမှာ လေးစား၊ ကာကွယ်၊ ဖြည့်ဆည်းဆိုတဲ့ တာဝန် (၃) မျိုးရှိတယ်လို့ ဆိုပါတယ်။ ပြည်သူတိုင်းရခွင့်ရှိတဲ့ အင်တာနက်သုံးစွဲနိုင်မှုအခွင့်အရေးကို ပိတ်ပင်တာဟာ လူ့အခွင့်အရေးကို မလေးစားတာဖြစ်ပြီး အဲဒီလိုမလေးစားမှုကြောင့် ပြည်သူတွေ သတင်းမှန်ရရှိဖို့ ဖြည့်ဆည်းပေးရမယ့်တာဝန်လည်း ပျက်ကွက်သွားသလို သတင်းမှန်မသိရတဲ့အတွက် ထိခိုက်ဆုံးရှုံးတာတွေ ဖြစ်ခဲ့ရင် ပြည်သူကို ကာကွယ်ရမယ်ဆိုတဲ့ တာဝန်ဟာလည်း ပျက်ကွက်ပြီလို့ဆိုနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
ဒါ့အပြင် ပြည်သူတွေကို တုန်လှုပ်ခြောက်ခြားစေတဲ့ သတင်းတု သတင်းမှားတွေ၊ ကောလာဟလတွေကို အစိုးရအနေနဲ့ စနစ်တကျတားဆီးပြီး ပြည်သူလူထုကို သတင်းအမှန်တွေ ထုတ်ပြန်ပေးဖို့၊ သတင်းအမှား ထုတ်ပြန်တဲ့သူတွေကို တားဆီးအရေးယူမှုတွေ လုပ်ဆောင်ပေးခြင်းဖြင့် အစိုးရက ပြည်သူကို ကာကွယ်ပေးခြင်း တာဝန်ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ခုလိုတောင်းဆိုနေချိန်မှာပဲ ရခိုင်နဲ့ချင်းပြည်နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာတွေ ပြန်ဖွင့်ပေးဖို့နဲ့ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ခုနှစ်ဦးကို ကမာရွတ်မြို့နယ်တရားရုံးက မတ်လ ၂၅ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်တစ်လ ချလိုက်ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.