AA နဲ့ပတ်သက်မှုရှိသည်ဟုစွပ်စွဲခြင်းခံနေရသူရဲ့ ဇနီးသည်အား တပ်မတော်က ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ရာမှ ဒဏ်ရာပြင်းတဲ့အတွက် ဆေးရုံတက်ခဲ့ရ

AA နဲ့ပတ်သက်မှုရှိသည်ဟုစွပ်စွဲခြင်းခံနေရသူရဲ့ ဇနီးသည်အား တပ်မတော်က ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ရာမှ ဒဏ်ရာပြင်းတဲ့အတွက် ဆေးရုံတက်ခဲ့ရ

(အမ်းမြို ၊ ရခိုင်ပြည်နယ် – ၁၆၊၀၁၊၂၀၂၀)

AA နဲ့ပတ်သက်မှုရှိသည်ဟုစွပ်စွဲခြင်းခံနေရသူရဲ့ ဇနီးသည်အား ရခိုင်ပြည်နယ် အမ်းမြို့တွင်အခြေစိုက်လျှက် ရှိသော အနောက်ပိုင်းတိုင်းစစ်ဌာလက်အောက်ခံတပ်က ဖမ်းဆီးချုပ်နှောင်ကာ ပြင်းထန်စွာ အမျိုးမျိုးညှင်းပန်း နှိပ်စက်ရာမှ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံတက်ခဲ့ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

အမ်းမြို့မှ (၁၆)မိုင်လောက်ကွာဝေးတဲ့ ခမောင်းတောကျေးရွာသား အသက်(၅၁)နှစ်အရွယ် ဦးတင်ထွန်းကို တပ်မတော်က AA အဖွဲ့နဲ့ပတ်သက်နေသည်ဟုစွပ်စွဲကာ သူခရီးလွန်နေတဲ့အချိန် ၀၄၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် ၎င်းနေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် ဇနီးဖြစ်သူ အသက်(၄၄)နှစ်အရွယ် ဒေါ်မလှနှင့် သားဖြစ်သူ အသက်(၂၁)နှစ်အရွယ် မောင်ကျော်တို့ကို ဖမ်းဆီးပြီး ရွာ၏စာသင်ကျောင်းခန်းထဲတွင် ချုပ်နှောင်ထားခဲ့ကြကာ နည်းပေါင်းစုံဖြင့် ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေါ်မလှရဲ့ ပြောပြချက်ကို ကိုးကားပြီး အဆိုပါဒေသခံကပြောဆိုပါသည်။

“စစ်တပ်တွေက အမ်းမြို့ကဖြစ်တယ် ခလရ(၃၇၁)လာ ခလရ(၃၇၂)လာ အဲဒီတပ်ကတခုခုဘဲ သူ့တို့နေအိမ်ကို မနက်ပိုင်းမှာဝိုင်းပြီး ဝင်ရောက်ရှာဖွေတယ် အဲဒီအချိန်မှာ သူ့ယောင်္ကျားက ခရီးသွားနေတဲ့အချိန်ဆိုတော့ မဖမ်းလိုက်ဘူး၊ မနက်(၁၀)နာရီလောက်မှာ သူ့မိန်းမနဲ့သားကို ဖမ်းဆီးပြီး  ရွာရဲ့စာသင်းကျောင်း ခန်းထဲမှာ နှစ်ဦးစလုံးကြိုးတုပ်ချုပ်နှောင်ပြီးထားတယ်၊ ညနေပိုင်း(၃)နာရီလောက်ကနေ  စတင်စစ်ဆေးမေးမြန်းတယ်၊ မင်းယောင်္ကျားဘယ်မှာလဲ၊ သေနတ်ဘယ်မှာ ဖွတ်ထားသလဲ စသဖြင့် အမျိုးမျိုးစစ်ဆေးမေးမြန်းယင်း ဒေါ်မလှရဲ့ညာဖက်ခြေထောက်ရဲ့ ခြေတလုံးကျွတ်သားတွေကို ဓါးနဲ့လှီးပေးတယ်၊ ဒူးခေါင်းနှစ်ဖက်စလုံးကို တူနဲ့ထုတယ်၊ ဒူးခေါင်းပေါင်ထိပ်မှာ ဆူပွတ်နေတဲ့ရေနွေးနဲ့လောင်းတယ် နောက် အမျိုးမျိုးဆက်လက် ရိုက်နှက်ညှင်းပန်းနှိပ်စက်နေပြီးတညလုံး အဲဒီစာသင် ကျောင်းခန်းထဲမှာထားထားတယ်လို့ ပြောတယ်” ဟု အဆိုပါဒေသခံက ဒေါ်မလှကပြောသည်ဟု ပြန်လည်ပြောဆိုပါသည်။

ဒီလိုနဲ့နောက်နေ့ ၀၅၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် စစ်သားတွေပြန်သွားကြတော့ သူမကို ကျောင်းနားအိမ်တစ်အိမ် မှာချန်ထားခဲ့ကြပြီး သူ့သားကိုတော့ အမ်းမြို့သို့ဆက်လက်ခေါင်ဆောင်သွားခဲ့ကြကြောင်းနှင့် ဒေါ်မလှရဲ့ ဒဏ်ရာတွေကပြင်းထန်တဲ့အတွက် အိမ်ရှင်တွေက အမ်းမြို့ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြသည်ဟု သူကဆက် ပြောဆိုပါသည်။

သားဖြစ်သူမောင်ကျော်ကိုလည်း သူ့အမေနှင့်အတူ ရွာရဲ့စာသင်ခန်းမှာ ချုပ်နှောင်ထားတုန်းက သူ့အမေ လောက် ပြင်းထန်စွာညှင်းပန်းနှိပ်စက်ခြင်းမရှိပေမဲ့ ထိုးကြိတ်ရိုက်နှက်ခြင်းခံခဲ့ရကြောင်း၊ သူ့ကိုတော့ နောက်နေ့တွင် အမ်းမြို့ တပ်စခန်းသို့ဆက်လက်ခေါ်ဆောင်သွားပြီး စခန်းတွင်ဆက်လက်ထိန်းသိမ်းကာ နောက်တပတ် လောက်အကြာတွင် အမှုဖွင့်ရန် အမ်းမြို့ရဲစခန်းသို့လွဲပြောင်းပေးလိုက်ကြောင်း သူကဆိုသည်။

တပ်မတော်က ဦးတင်ထွန်းနေအိမ်အတွင်း ဝင်ရောက်ရှာဖွေတဲ့အခါမှာ မိုင်းခွဲရာမှာအသုံးပြုသော Cap (၈)လုံး ရှာဖွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်ဟာ လုံးဝမမှန်ကန်ကြောင်းနှင့် သူတို့မိသားစုက ကုန်စုံဆိုင်ရောင်းဝယ်ရေးနဲ့ အသက်မွေးဝန်းကျောင်းပြုတာ(၁၂) လောက်ကြာပြီဖြစ်ကြောင်း၊ သူ့အမျိုးသားကလည်း သစ်ရောင်းဝယ်ရေး အလုပ်ကိုသာရိုးသားစွာလုပ်နေကြောင်း  သိရပါသည်။

စစ်သားတွေကအိမ်အတွင်းဝင်ရောက် ရှာဖွေတဲ့နောက်ပိုင်း သူတို့စုထားတဲ့ ငွေကျပ်(၁၉)သိန်း၊ ရွှေလက်စွပ်(၂)ကွင်းနှင့် ရွှေနားကပ်တစ်စုံ ပျောက်ဆုံးသွားခဲ့ကြောင်းနှင့် ဗူးထဲမှာ နှစ်သောင်းသုံးသောင်း လောက်ပါတဲ့ စုဗူးတစ်ဗူးကိုလည်း သူတို့သိမ်းယူကြသေးတယ် ဒါကိုတော့ ပြန်ပေးဖို့ သမီးငယ်က မနည်းတောင်းတော့မှ စုဗူးကိုတော့ပြန်ပေးလိုက်ကြကြောင်း သူကဆက်လက် ပြောဆိုပါသည်။

ထို့အပြင် ရောင်းတဲ့ဆိုင်ပစ္စည်းများအပါအဝင် အိမ်ထဲမှာရှိသမျှ ပစ္စည်းတွေအားလုံးကိုလည်း စစ်တပ်တွေက ဖျက်ဆီးပစ်ခဲ့ကြကြောင်းနှင့် သူတို့ဖျက်ဆီးတဲ့ ဆိုင်ပစ္စည်းတန်ဘိုးက ခန့်မှန်းချေအားဖြင့် ကာလတန်ဘိုး သိန်း(၃၀)ကျော်တန်ဘိုး ရှိမည်ဟု ခန်းမှန်းထားကြောင်း ကြားသိရပါသည်။

သို့သော် စစ်တပ်ဖက်ကတော့ နောက်နေ့တွင် ဦးတင်ထွန်းနေအိမ်မှ သက်သေခံပစ္စည်းအနေဖြင့် သိမ်းဆီးတဲ့ငွေဟုဆိုကာ ကျပ်(၈၀၀၀၀)ကို ကျေးရွာ ရပ်မိရပ်ဖတွေလက်ထဲ အပ်နှံခဲ့သည်ဟု သိရပါသည်။
ဒီလိုနဲ့ ဒေါ်မလှသည် အမ်းမြို့ပြည်သူ့ဆေးရုံတွင် (၃)ရက်လောက်နေပြီး ဆေးရုံကနေဆင်းသွားခဲ့ရပြီဖြစ်ပေမဲ့ ယခုအချိန်အထိ အနာတွေမသက်သာသေးဘဲ နာနေရသေးတဲ့အတွက် မကြာခဏဆေးရုံသို့ ပြစရာလိုအပ် နေသေးသည့်အတွက် အမ်းမြို့ပေါ်တွင်အိမ်ငှားရမ်းကာ လောလောဆယ် နေထိုင်နေရသေးကြောင်း ထိုသူက ဆိုသည်။

ဦးတင်ထွန်းကို တပ်မတော်က AA အဖွဲ့နဲ့ပတ်သက်နေသည်ဟုစွပ်စွဲခြင်းနဲ့ပတ်သက်၍ ကျေးရွာလူကြီးတွေက တော့ “သူကအသက်လည်းကြီးပြီဆိုတော့ AA အဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတာမဖြစ်နိုင်ဘူး၊ သူတို့မိသားစုက ကုန်စုံဆိုင်ရောင်းတဲ့အလုပ်နဲ့ဘဲ ရိုးရိုးသားသားနေလာတဲ့သူတွေပါ.. ဦးတင်ထွန်းက တခါတလေ သစ်အရောင်း အဝယ်လုပ်တာရှိတယ်၊ သူတို့ကကုန်စုံဆိုင်ရောင်းတယ်ဆိုတော့ လူမျိုးပေါင်းစုံသူတို့အိမ်မှာ အဝင်အထွက်ရှိ တာကတော့အမှန်ဘဲ အဲဒီလိုလူတွေအဝင်အထွက်များတယ်ဆိုပြီး AA အဖွဲ့နဲ့ပတ်သက်တယ်လို့ တဖက် သတ်စွပ်စွဲလို့ရှိယင်မှားမယ်” ဟုမှတ်ချက်ပေးကြပါသည်။

ဦးတင်ထွန်းသည် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့ကို အခုလိုစစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားတဲ့ အဖြစ်အပျက် အလုံးစုံကြားသိနေတဲ့အခါ ကြောက်ရွေ့နေရတဲ့အတွက် လောလောဆယ် အိမ်မပြန်သေးဘဲ တိမ်းရှောင် နေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

For media inquiries please contact:
Salai Terah, 09255934177 (Burmese)
Salai Lian, 09450687296 (English/Burmese)

View in English.

View the original.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia