15 January 2020
နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အသစ်တွင် လူ့အခွင့်အရေးနှင့် ဆက်စပ်မှုမရှိသည့် ဝန်ကြီးဌာနမှ အရာရှိဟောင်းများ ပါဝင်နေသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြဝေဖန်ခဲ့ကြသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးခဲ့သည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် ကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းရာတွင် ဝန်ကြီးဌာနများမှ အငြိမ်းစားအရာရှိဟောင်း ကိုးဦးအထိပါဝင်ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအပါအဝင် အစိုးရဌာနအချို့မှ အရာရှိဟောင်းများ အဓိကပါဝင်မှုအပေါ် ဝေဖန်ကြခြင်းဖြစ်သည်။
“ ဝန်ကြီးဌာနပေါင်းစုံ ပါဝင်တဲ့အချိန်မှာ တချို့သော ဝန်ကြီးဌာနတွေက လူ့အခွင့်အရေး ကော်မရှင်နဲ့ပတ်သက်ပြီး ဘာမှဆက်စပ်မှုမရှိသော အတွေ့အကြုံမျိုးဖြစ်နေတယ်။ ဥပမာ အထူးစုံစမ်းစစ်ဆေးရေးဌာနလိုဟာမျိုး၊ စက်မှုဝန်ကြီးဌာနဆိုတဲ့ အရာမျိုးက သူတို့ရဲ့အတွေ့အကြုံနဲ့ ကော်မရှင်ရဲ့လုပ်ငန်းတွေနဲ့ ဘယ်လိုမျိုးအတွေ့အကြုံယူပြီးတော့ ကောင်းကျိုးပြုနိုင်မလဲဆိုတာ စဉ်းစားလို့မရဘူး” ဟု ညီမျှခြင်း (မြန်မာ) အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အသစ်တွင် ပါဝင်မည့်သူများကို ပြည်သူလူထုက အကြံပြုခွင့်ရရှိရေးနှင့် အဖွဲ့ဝင်များ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိ ရေးလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ အကြံပြုချက်များကို အစိုးရအနေဖြင့် အလေးထားမှုမရှိခဲ့ဟု ၎င်းက ဆိုသည်။
စက်တင်ဘာက သက်တမ်းကုန်ခဲ့သည့် ကော်မရှင်အဟောင်းမှ အဖွဲ့ဝင်အချို့၏ ယခင်အလုပ်အကိုင်နှင့် နောက်ခံသမိုင်းများကြောင့် ကော်မရှင်အပေါ် လူထု၏ ယုံကြည်မှု အားနည်းကာ ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့ အစည်းများအကြား ယုံကြည်မှုလည်း နိမ့်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် လူ့အခွင့်အရေးအတွက် လုပ်ဆောင်လိုသူများဖြင့် ကော်မရှင်ကိုအား သစ်လောင်းရန် အရပ်ဘက်အဖွဲ့အစည်း ၂၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေးအလုပ်အဖွဲ့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်တိုက်တွန်းခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်တွင် ဖွဲ့စည်းသည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ဦးလှမြင့် (မြန်မာအစိုးရ ကိုယ်စားလှယ်၊ အာဆီယံအစိုးရအချင်းချင်း လူ့အခွင့်အရေးကော်မရှင်)၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာ နန္ဒာမွှန်း (သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အငြိမ်းစား) တို့ ဦးဆောင်မည်ဖြစ်သည်။
ကော်မရှင် အဖွဲ့ဝင်များအဖြစ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး အဆင့်ရှိ အငြိမ်းစားအရာရှိဟောင်းများ ပါဝင်လာပြီး သံအမတ်ကြီး၊ ဥပဒေပညာဌာန ပါမောက္ခတို့လည်း ပါဝင်မည်ဖြစ်သည်။
ကော်မရှင်အသစ်တွင် အမျိုးသမီးပါဝင်မှု တိုးတက်လာသော်လည်း လူ့အခွင့်အရေးလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားပြုသူများ၊ မသန်စွမ်းနှင့် လိင်စိတ်ကွဲပြားသူများစသည့် အလွှာပေါင်းစုံမှ ပါဝင်ခြင်းမရှိ၍ အားရကျေနပ်မှုမရှိဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။
ကော်မရှင်အသစ်အနေဖြင့် နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာများကို ဆောင်ရွက်လိုလျှင် အားနည်းချက်များရှိနေသည့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပြုပြင်ပြောင်းလဲခြင်းကို ဦးစွာဆောင်ရွက်သင့်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်က မှတ်ချက်ပြုသည်။
“ ကော်မရှင်ဥပဒေကို ပြောင်းလဲမှသာ ကော်မရှင်ကို လူထုက အားကိုးယုံကြည်လာမယ်။ အရပ်ဘက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အားကောင်းအောင် လုပ်ဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေအရ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူ/ကယ်/ပြန် ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်သည့် ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေး အဖွဲ့သည် အဖွဲ့ဝင်လောင်း ၃၀ ရွေးချယ်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြကာ ၎င်းက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများနှင့် ညှိနှိုင်းတိုင်ပင်၍ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ဦးရေ ခုနစ်ဦးမှ ၁၅ ဦးအထိ ခန့်အပ်နိုင်ကြောင်း သိရသည်။
ကော်မရှင်ဥပဒေအရ ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးအဆင့် ဖြစ်သည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.