15 January 2020
နိုင်ငံတော် သမ္မတမှ အသစ် ပြန်လည် ဖွဲ့စည်းပေးလိုက်သည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် ခန့်အပ်ခြင်း ခံရသူများသည် ယခင် အစိုးရ ဗျူရိုကရက်ဌာနဆိုင်ရာ ဝန်ထမ်းအရာရှိဟောင်းများကိုသာ ထည့်သွင်းလိုက်မှုအပေါ် လူ့အခွင့်အရေး လှုပ်ရှားကြသည့် အဖွဲ့များမှ ဝေဖန်လိုက်သည်။
ကော်မရှင်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး နားလည်သူ၊ လက်တွေ့လုပ်ဆောင်ခဲ့ဖူးသူများ ဖြစ်ရန်လိုအပ်ပြီး အကယ်၍ ထိုအချက်များကို နားမလည်ပါက ဟန်ပြသာ ဖြစ်လိမ့်မည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် က ထောက်ပြသည်။
ဦးဘိုကြည် က “လက်ရှိ တည်ဆဲဥပဒေတွေမှာတောင် လူ့အခွင့်အရေးကို ဆန့်ကျင် နေတဲ့ဟာတွေ ရှိနေသေးတာ။ ဒီကော်မရှင်က အားကောင်း မောင်းသန်နဲ့ ပြည်သူတွေရဲ့ ထောက်ခံမှု မရရင်တော့ ဟန်ပြပဲ ဖြစ်မယ်။ အခု သူတို့ကိုယ်တိုင်ကရော လူ့အခွင့်အရေး ဆိုတာ သေသေချာချာ နားလည်သဘောပေါက်ရဲ့လားကို မေးစရာ ရှိတယ်။ သူတို့ရဲ့ ကျွမ်းကျင်တဲ့ ပညာရပ်ပိုင်း ဆိုင်ရာတွေကို လေးစားပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးဆိုတာ ကျယ်ပြန့် ပါတယ်။ တကယ် လှုပ်ရှားနေတဲ့သူ တွေကသာ ဒီဟာကို ပိုလုပ်နိုင်မှာပါ” ဟု ဆိုသည်။
လူ့အခွင့် အရေးလှုပ်ရှားသူအချို့က ကော်မရှင်သစ်ကို “လူ့အခွင့်အရေး ကော်မရှင်လား၊ ဝန်ထမ်းဟောင်း ကလပ်လား” ဟုပင် ဝေဖန်မှုများ ရှိနေသည်။
လက်ရှိ အသစ်ဖွဲ့စည်းလိုက်သော ကော်မရှင်တွင် ဥက္ကဋ္ဌဖြစ်သူသည် ယခင်က အာဆီယံအဆင့် လူ့အခွင့်အရေး ကော်မရှင်တွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သည့် ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အငြိမ်းစားဖြစ်သူ ဒေါက်တာနန္ဒာမွှန်းတို့က ဦးဆောင်မည် ဖြစ်သည်။
ထို့အပြင် အဖွဲ့ဝင်များတွင် သံအမတ်ကြီး အငြိမ်းစား၊ အထူးစုံစမ်းရေး ဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ အငြိမ်းစား အမြဲတမ်း အတွင်းဝန်၊ ဆေးသိပ္ပံပညာ ဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ အမှတ် ၂ စက်မှုဝန်ကြီးဌာနမှ အငြိမ်းစားဌာနစုမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အငြိမ်းစား ဌာနစုမှူး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် လူ့အခွင့်အရေးဆိုင်ရာ အရေးကိစ္စများတွင် ထင်ရှားသည့် လှုပ်ရှားမှုမျိုး မရှိသည့် ဝန်ထမ်းဟောင်းများအပြင်၊ တပ်မတော်အရာရှိဟောင်းများနှင့် ပြည်ထဲရေး ဝန်ထမ်းဟောင်းများကိုပင် ထည့်သွင်းလိုက်ပြီး ပြည်သူလူထုကို ကိုယ်စား ပြုစေမည့် အလွှာပေါင်းစုံမှ ပြည်သူများအတွက် လှုပ်ရှားခဲ့ကြသူများ မပါဝင်သည့်အခါ ယခု ဖွဲ့စည်းလိုက်သည့်အဖွဲ့သည် ပြည်သူလူထုကို အမှန်တကယ် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ကိုယ်စားပြုမည့် အဖွဲ့ဖြစ်နိုင်ပါ့မလားဟု မေးခွန်းထုတ် နေကြသည်။
အားနည်းချက် များစွာ ရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများမှ အစဉ်တစိုက် ဝေဖန်နေသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကိုပင် ပြင်ဆင်ခြင်း မပြုသေးသည့်အပြင် ဌာနဆိုင်ရာများမှ ဝန်ထမ်းဟောင်းများကိုပင် ခန့်အပ်လိုက်ခြင်းသည် စာအုပ်များတွင် ပါဝင်နေသည့် လူ့အခွင့်အရေး ဆိုသည်ထက် မြေပြင်တွင် လက်တွေ့ လုပ်ကိုင် နေသူများ မပါဝင်ခြင်းက အစိုးရ အနေဖြင့် လူ့အခွင့်အရေးကို အမှန်တကယ် ကာကွယ်လိုစိတ် ရှိသလားဆိုသည့် မေးခွန်း ထုတ်သူများလည်း ရှိသည်။
နိုင်ငံတော် အစိုးရအနေဖြင့် လူ့အခွင့်အရေးကို အမှန်တကယ် မြှင့်တင် ကာကွယ်ချင်သည်ဆိုလျှင် ကော်မရှင်အဖွဲ့ကို ရွေးချယ်သည့် လုပ်ငန်းစဉ်ထဲကပင် မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများတွင် ကာကွယ်ရေး၊ ပြည်ထဲရေး စသည့် ဝန်ကြီးဌာနများမှ ပါဝင်မှု များပြားနေမှုကို ပြုပြင်ပြောင်းလဲပေးရန်နှင့် ရွေးချယ်သည့်အခါ ပွင့်လင်းမြင်သာစွာဖြင့် ရွေးချယ်ရန် အကြံပေးခဲ့သော်လည်း အစိုးရမှ နားမထောင်ခဲ့ဟု သူက ဆက်ပြောသည်။
လူ့အခွင့်အရေး ကော်မရှင်၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၂ဝ ကျော်မှ ဥပဒေနှင့်အညီ တရားဝင် စတင်ဖွဲ့စည်းခဲ့သည့် ယခင်အစိုးရ လက်ထက်ကတည်းက လေ့လာစောင့်ကြည့်ပြီး နှစ်စဉ် သုံးသပ်ချက်များ ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင်လည်း မည်ကဲ့သို့ ဖွဲ့စည်းသင့်သည်၊ မည်သူများ ပါဝင်သင့်သည်ဆိုသည့် သုံးသပ်ချက်များကို နိုင်ငံတော် သမ္မတနှင့် လွှတ်တော်အသီးသီးထံသို့ ပေးပို့ခဲ့ကြောင်း အရပ်ဘက် အဖွဲ့အစည်း ၂၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ၏ စည်းရုံးရေးမှူး သဌ္ဇာရွှန်းလဲ့ရည်က ပြောသည်။
သို့သော် အခု အသစ်ဖွဲ့စည်းလိုက်သည့် ကော်မရှင်သည် ယခင်ကော်မရှင်နှင့် ထူးထူးခြားခြား မျှော်မှန်းနိုင်မည့် ကော်မရှင်ကဲ့သို့ ဖြစ်မလာခဲ့ဟု ၎င်းက ဆက်ပြောသည်။
လူ့အခွင့်အရေး ကော်မရှင်တွင် ဖွဲ့စည်းရမည့် သူများသည် အမျိုးသမီးနှင့် ကျားမ တန်းတူအခွင့်အရေးဆိုင်ရာ၊ မတူညီသည့် ဘာသာ၊ လူမျိုး စသည့် တိုင်းရင်းသားများ၏ အသိုင်းအဝိုင်းကို ကိုယ်စားပြုနိုင်မည့် သူများ ပါဝင်သင့်ပြီး အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် တိုင်းရင်းသားများ၏ အသိုင်းအဝိုင်းအပေါ် နားလည်ခံစားပြီး ကိုယ်စားပြုနိုင်မည့် သူများသာ ဖြစ်သင့်သည်ဟု သူက ဆိုသည်။
မသဌ္ဇာရွှန်းလဲ့ရည် က “အခုက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အစိုးရ ဗျူရိုကရေစီယန္တရားမှာ ဝင်လုပ်ခဲ့ကြသူတွေလည်း ဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့သူ၊ လှုပ်ရှားမှုမှာ ထင်ထင်ရှားရှား ပါဝင်ခဲ့ကြသူတွေလည်း မဟုတ်ဘူး။ ဥက္ကဋ္ဌက အစပဲ။ အစိုးရတိုင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ကာကွယ်ပေးဖို့အရေး ဝင်ရောက် ဆောင်ရွက်ခဲ့သူ များသာ ဖြစ်နေတာ တွေ့ရတယ်” ဟု သုံးသပ်သည်။
ထို့အပြင် လူ့အခွင့်အရေး ကော်မရှင်တွင် အဓိကလူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို ကိုင်တွယ်ဖြေရှင်းရသည့် တိုင်ကြားစာများ ကော်မတီတွင် မည်သူတို့ ဆောင်ရွက်မည်ကို မသိရသေးသော်လည်း ခန့်အပ်လိုက်သည့် ကော်မရှင် အဖွဲ့ဝင်များသည် အသက်အရွယ်အားဖြင့် အကြီးပိုင်းတွင် ရောက်ရှိနေသူများ ဖြစ်နေသည်ကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများမှ ဝေဖန်သည်။
သမ္မတ ရွေးချယ်လိုက်သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့သစ်သည် လူသာပြောင်းသော်လည်း အကျင့်မပြောင်းလျှင် အလကားသာဖြစ်ကြောင်း၊ အကျင့်မပြောင်းသူများ ရှိနေလျှင် မူဝါဒများ၊ ဥပဒေများကို ပြောင်းရန် လွယ်မည်မဟုတ်ကြောင်း ညီမျှခြင်းမြန်မာ အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဝေဖန်ထောက်ပြသည်။
ဦးအောင်မျိုးမင်းက “ကျနော်တို့ တောင်းဆိုနေတဲ့ ရွေးချယ်တဲ့ နေရာမှာ ပွင့်လင်းမြင်သာအောင် ပြည်သူတွေကို ချပြဖို့၊ တိုင်ပင်ဖို့ဆိုတဲ့ အချက်တွေ တခုမှမရှိဘဲ ရွေးချယ်သွားတယ်။ ကော်မရှင်မှာ အမျိုးသမီး ၄ ဦး ပါတယ် ပြောနိုင်ပေမယ့် တိုင်းရင်းသား နောက်ခံ လူမျိုးဘာသာ စတဲ့ ကွဲပြားခြားနားမှု မတူညီသူတွေ မပါဝင်ဘူး။ လူ့အခွင့်အရေး နောက်ခံရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းကသူ တဦးမှ မပါဘူး။ အလွှာစုံမှုကို ဝန်ကြီးဌာန ပေါင်းစုံမှုနဲ့များ တိုင်းတာသလား မသိဘူး” ဟု ၎င်းက ဆိုသည်။
အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် စုံစမ်းစစ်ဆေးရမည့် တိုင်ကြားစာများ ကော်မတီတွင် တက်တက်ကြွကြွနှင့် ဝင်ရောက် ဆောင်ရွက်နိုင်မည့် သွားနိုင်လာနိုင်သည့် လူလတ်ပိုင်းများကိုသာ ပိုမိုခန့်ထားပေးရန် လိုလားခဲ့ကြသည်။
သို့သော် ယခုဖွဲ့စည်းလိုက်သော ကော်မရှင်အသစ်တွင် ဥက္ကဋ္ဌဖြစ်သူက မှ စကာ သက်ကြီးရွယ်အိုများ ဖြစ်နေသည့် အတွက် အမှန်တကယ် မြေပြင်အထိ ကွင်းဆင်း စစ်ဆေးရာတွင် စွမ်းဆောင်နိုင်စွမ်းများအပေါ် ပြောဆိုစရာများ ရှိလာနိုင်သည်ဟု ဝေဖန်ခဲ့ကြသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.