“မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက်

“မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက်

နေ့စွဲ – ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်။

ရခိုင်ပြည်၊ မြောက်ဦးမြို့၌ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် (၂၂၃) နှစ်မြောက် ရခိုင့်အချုပ်အခြာ အာဏာ ကျဆုံးသည့်နေ့ ဝမ်းနည်းအောက်မေ့ဖွယ် အထိန်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပပြုလုပ် ခြင်းအား ဒေသအာဏာပိုင်များက ပိတ်ပင်တားမြစ်လိုက်သဖြင့် ဒေသခံပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။ ထိုသို့ တောင်းဆိုမှုကို ဒေသအာဏာပိုင်များမှ အကြမ်းဖက်နှိမ်နင်း ခဲ့သည့်အတွက် ဆန္ဒပြပြည်သူ (၇) ဦးသေဆုံးကာ (၁၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သူ (၁၂) ဦးထဲမှ (၄) ဦးမှာ ဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားပြီး (၈) ဦးမှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။

ဤဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှုပုဒ်မများဖြင့် စွပ်စွဲကာ ကြီးလေးသောပြစ်ဒဏ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နိုင်ငံရေးအင်အားစုများ၏ လူထုတွေ့ဆုံပွဲ နှင့် အခမ်းအနားများ ကျင်းပခြင်းကို အစိုးရအာဏာပိုင်များက ပိတ်ပင်တားမြစ် ကန့်သတ်မှုများ ပြုလုပ် လာခြင်းအထိ ဆိုးဝါးသောဖြစ်ရပ်များ ပေါ်ပေါက်စေခဲ့သည်။

“မြောက်ဦးလူသတ်ပွဲဟာ လူသားဖြစ်တည်မှုကိုခြိမ်းခြောက်တဲ့ရာဇဝတ်မှု Crime Against Humanity ပါပဲ” ဟု AASYC အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးမှ ပြောသည်။

မြောက်ဦးလူသတ်ပွဲဖြစ်ရပ်သည် ပွင့်သစ်စ ဒီမိုကရေစီနယ်ပယ် (Democratic Space) ကို ဘောင်ကျဉ်း သွားစေခဲ့ကာ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူ (Stakeholders) များအနေဖြင့် ဖြစ်စဉ်အပေါ်၌ ယုံကြည်မှုကိုပါ ယုတ်လျော့ ကျဆင်းလာစေခဲ့ပြီး ရခိုင်နိုင်ငံရေးအခင်းအကျင်း (Political Landscape) တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များ နောက်ပြန်ဆုတ်သွားသည့် အခြေအနေသို့တိုင် ဆိုက်ရောက်သွားရန် တွန်းအားဖြစ်စေခဲ့သည်။

ယနေ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ကျရောက်သည့် မြောက်ဦးလူသတ်ပွဲ (၂) နှစ်ပြည့်ကာလတွင်မူ ရခိုင်ပြည်အနှံ့ တိုက်ပွဲများ ကျယ်ပြန့်လာခဲ့ပြီး၊ မြောက်ဦးလူသတ်ပွဲထက် ပိုမိုဆိုးဝါးလှသည့် အနိဋ္ဌာရုံများနှင့် လည်း ရင်ဆိုင်နေကြရပါသည်။ စစ်ရေးပဋိပက္ခ ကျယ်ပြန့်လာမှုမှတဆင့် လူမှုဘေးဒုက္ခအကျပ်အတည်း ဆိုးကျိုးများသို့တိုင် တွန်းအားဖြစ်စေခဲ့သော “မြောက်ဦးလူသတ်ပွဲ” ကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား နှင့် လူငယ်များအစည်းအရုံး (AASYC) မှ ကွင်းဆင်းလေ့လာ၍ တတ်စွမ်းသမျှ မှတ်တမ်းပြုစုကာ အစီရင်ခံစာတစ်စောင်အဖြစ် ထုတ်ဝေဖြန့်ချီလိုက်ပါသည်။

ဆက်သွယ်ရန်
ကိုတိန်ဦး
အထွေထွေအတွင်းရေးမှူး၊
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
ဖုန်း – +66 (0) 815956138

အစီရင်ခံစာကို ဖတ်ရန်။


Download PDF.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia