အမေရိကန် ယမကာကုမ္ပဏီ ‘နယူးဘယ်ဂျီယံ’ ကို မြန်မာကီရင်ဘီယာက ဝယ်မည်

23 December 2019

အမေရိကန် ယမကာကုမ္ပဏီ ‘နယူးဘယ်ဂျီယံ’ ကို မြန်မာကီရင်ဘီယာက ဝယ်မည်

တက်ကြွလှုပ်ရှားသူများနှင့် ကန့်ကွက်ဆန္ဒပြသူများက အမေရိကန် နယူးဘယ်ဂျီယံကုမ္ပဏီ၏ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး တိကျခိုင်မာသော ကတိကဝတ်မရှိမှုများအပေါ် စိတ်ပျက်နေကြသည်။

အမေရိကန်အခြေစိုက် နယူးဘယ်ဂျီယံဘရူးဝင်း (New Belgium Brewing) ကုမ္ပဏီ၏ဝန်ထမ်းများသည် ၎င်းတို့၏ကုမ္ပဏီကို ဂျပန်အခြေစိုက် အင်အားကြီး ကီရင် (Kirin) ကုမ္ပဏီထံ လွှဲပြောင်းရောင်းချမည့်ကိစ္စ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးခဲ့ကြသည် ဟု ကုမ္ပဏီက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ထားသည်။

ထိုမဲပေးဆုံးဖြတ်မှုအပေါ် လူ့အခွင့်အရေးအုပ်စုများ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် တောင်းဆိုမှုများရင်ဆိုင်နေရပြီး အမေရိကန်ရောက် ကရင်လူမျိုးအများစုက အဆိုပါရောင်းချမှုကို ဆန့်ကျင်ကြသည်။

တိုင်းရင်းသားလူမျိုးစုများအပေါ် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကီရင်ကုမ္ပဏီက စစ်တပ်ကို ငွေကြေးအထောက်အပံ့အများအပြား ရရှိစေသည်ဟု ကုလသမဂ္ဂအထူးကျွမ်းကျင်သူများက စွပ်စွဲထားသည်။

နယူးဘယ်ဂျီယံကုမ္ပဏီဘက်က အဆိုပါစွပ်စွဲမှုများကို ငြင်းဆိုထားပြီး ကီရင်ကုမ္ပဏီနှင့်ပူးပေါင်းမည့်အတိုင်းသာ ဆက်ရှိသည်ဟုဆိုသည်။ နယူးဘယ်ဂျီယံသည် လိုအပ်သည့် ကနဦးနောက်ကြောင်းစုံစမ်းမှုများ ပြုလုပ်ထားပြီး ဖြစ်သလို ကီရင်ကုမ္ပဏီ၏ လူ့အခွင့်အရေး စံနှုန်းကတိကဝတ်ထားမှုများအပေါ် အားရကျေနပ်မှုရှိသည်ဟု ကုမ္ပဏီ၏ ပြန်ကြားဆက်ဆံရေး ဒါရိုက်တာ လေး ပီလ်ဆာက Myanmar Now ကို ပြောသည်။

“လူ့အခွင့်အရေးလေးစားလိုက်နာခြင်းက စီးပွားရေးလုပ်ငန်းတိုင်းရဲ့အခြေခံကျသောအချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကုမ္ပဏီတည်ထောင်သူ ကင်မ် ဂျော်ဒန်က အဆိုပါစွပ်စွဲမှုသတင်းများအပေါ် “စိတ်ညစ်ညူးစရာ” ဟု တုံ့ပြန်ပြောဆိုထားဆဲဖြစ်သည်။

ကုမ္ပဏီလွှဲပြောင်းမှုများအပြီးတွင် ၎င်းက ကီရင်နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့နှင့် လက်တွဲလုပ်ဆောင်ပြီး ဂျပန်ကုမ္ပဏီ၏ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုကို ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဟု ဆိုထားသည်။

စိတ်ပျက်စရာဆွေးနွေးပွဲ

သို့ရာတွင် ထွက်ပေါ်လာသော မဲပေးမှုရလဒ်ကြောင့် တက်ကြွလှုပ်ရှားသူများ ကြေကွဲခဲ့ကြသည်။

ကရင်လူမျိုးရွှေ့ပြောင်းဒုက္ခသည် ငါးဦးအပါအဝင် တက်ကြွလှုပ်ရှားသူ နှစ်ဒါဇင်ခန့်သည် အနုတ် ၁၈ ဒီဂရီဆဲစီးယပ် ပြနေသော ရာသီဥတုကို အန်တုပြီး နယူးဘယ်ဂျီယံကုမ္ပဏီရှိရာ ဖို့ဒ်ကောလင်းအရပ်၊ ကော်လိုရာဒိုပြည်နယ်တွင် ယခုလ ၁၄ ရက်နေ့က ကုမ္ပဏီရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကုမ္ပဏီရောင်းချမည့်သတင်းက ဆန္ဒဖော်ထုတ်သူများအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပြီး စီးပွားရေးက “ကောင်းကျိုးဖြစ်စေဖို့အတွက် အင်အား” ဟု နယူးဘယ်ဂျီယံဘက်က သက်သေပြရန် အခိုင်အမာတောင်းဆိုထားသည်။

“လမ်းမတွေမှာ ရေခဲတွေ၊ နှင်းတွေ အပြည့်ဖုံးနေတယ်။ ကရင်ဒုက္ခသည်တွေက ဒန်းဗားအရပ်ကနေ ဒီအထိ မောင်းလာခဲ့ကြရတာပါ” ဟု ဖို့ဒ်ကော်လင်းအိမ်ခြေရာမဲ့များအဖွဲ့မှ ဆန္ဒပြမှုစီစဉ်သူတစ်ဦးဖြစ်သော လင်းသွန်ပဆမ်က ပြောသည်။ အဆိုပါအဖွဲ့က ဆန္ဒပြမှုကို ဝန်းရံပံ့ပိုးနေသော အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။

ဂျပန်အခြေစိုက် ကီရင်ဘီယာကုမ္ပဏီသည် မြန်မာဘရူးဝါရီကုမ္ပဏီကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် အကျိုးတူပူးတွဲ ပိုင်ဆိုင်ထားသည်။ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်နေပြီး လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူ့အသိုင်းအဝိုင်းက လက်မခံသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟု ကုလသမဂ္ဂက စွပ်စွဲကာ စစ်ဆေးရန် အဆိုပြုထားသည်။

မြန်မာစစ်တပ်သည် ၎င်း၏ စီးပွားရေးလုပ်ငန်းလမ်းကြောင်းများကို အသုံးပြုပြီး တိုင်းရင်းသားမျိုးနွယ်စုများနှင့် ရိုဟင်ဂျာတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ထားသည်ဟု ကုလသမဂ္ဂအချက်အလက်စုံစမ်းရေးမစ်ရှင်က ဆိုသည်။

နယူးဘယ်ဂျီယံကုမ္ပဏီကို ကီရင်၏လက်ခွဲကုမ္ပဏီဖြစ်သည့် Lion Little World Beverages ထံ လွှဲပြောင်းရောင်းချရေးအတွက် နယူးဘယ်ဂျီယံကုမ္ပဏီဝန်ထမ်းများက မဲပေးခဲ့ကြရာ ရောင်းချရေးဘက်က အနိုင်ရသွားခဲ့သည်။

ကုမ္ပဏီခေါင်းဆောင်ပိုင်းများဖြစ်သော ပိုင်ရှင် ဂျော်ဒန်နှင့် အမှုဆောင်အရာရှိချုပ် စတိဗ် ဖက်ဟိုင်းမားတို့က ဒီဇင်ဘာလ ၁၄ ရက်တွင် ဆန္ဒပြသူများကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့သည်။

“ကျွန်မတို့ရဲ့ မိတ်ဆွေတွေ စားသုံးသူပရိသတ်တွေက ကီရင်ရဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြတာ သိရတာကို အလေးထားပါတယ်။ ဒီသတင်းတွေက အခြေအမြစ် မရှိပါဘူး” ဟု ပိုင်ရှင်ဖြစ်သူ ဂျော်ဒန်က မြောက်ကယ်ရိုလိုင်းနားပြည်နယ် အခြေစိုက် အေဘီစီရုပ်သံသတင်းဌာနအား ဖြေကြားသည်။ အဆိုပါပြည်နယ်တွင်လည်း နယူးဘယ်ဂျီယံကုမ္ပဏီရှိပြီး ကန့်ကွက်ဆန္ဒပြမှုများ ကြုံနေရသည်။

သို့ရာတွင် တက်ကြွလှုပ်ရှားသူအများစုက အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စိတ်ပျက်လက်ပျက် ထွက်ခွာခဲ့ကြပြီး နယူးဘယ်ဂျီယံဘက်က လွှဲပြောင်းရောင်းချမည့်ကိစ္စကို ပြန်လည်စဉ်းစားသုံးသပ်မည့် အရိပ်အယောင်မတွေ့ဘဲ ကုမ္ပဏီထိပ်ပိုင်းခေါင်းဆောင်များ၏ သိမ်းသွင်းပြောဆိုခံရသည်ဟု Myanmar Nowကို ပြောသည်။

“ကျွန်မ ဒီဆွေးနွေးပွဲအပေါ် စိတ်ပျက်ရပါတယ်” ဟု သွန်ပဆမ်ကပြောသည်။

သွန်ပဆမ်က “နယူးဘယ်ဂျီယံခေါင်းဆောင်ပိုင်းက ကီရင်ကုမ္ပဏီဘာလဲ၊ ဘယ်သူနဲ့လက်တွဲနေလဲဆိုတာ တော်တော်များများ သိထားတာ ရှင်းပါတယ်။ သူတို့ပြောတဲ့ (လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး) အထူးအလေးထားမှုကို အစောကတည်းက လုပ်ခဲ့သင့်တာပါ … ကျွန်မအတွက်တော့ ဒီဟာက နောက်ဆုံးရသတင်း မဟုတ်တော့ပါဘူး” ဟု ဖြေသည်။

ကုမ္ပဏီ၏ “အနှစ်သာမရှိသော ကြေညာချက်များ” က “အပြောင်းအလဲအတွက် တိကျသေချာသော ကတိကဝတ်မရှိခြင်း” ကို ပြသနေကြောင်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော ဖို့ဒ်ကော်လင်း Community Action Network အဖွဲ့က ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

The statement said New Belgium had been vague on Saturday about when they had learned of Kirin’s links to the military conglomerate.

ကီရင်နှင့် မြန်မာစစ်တပ်ပိုင်ကုမ္ပဏီကြီးတို့ အချိတ်အဆက်ရှိသည့်အကြောင်း သိရှိပြီးနောက်တွင် နယူးဘယ်ဂျီယံဘက်က ပွင့်ပွင့်လင်းလင်း ဘာမျှမပြောဟု ထုတ်ပြန်ချက်တွင်ဆိုသည်။

နယူးဘယ်ဂျီယံ ယမကာကုမ္ပဏီရှိရာ မြောက်ကယ်ရိုးလိုင်းနားရှိ ကရင်လူမျိုးအသိုင်းအဝိုင်းနှင့် စောင့်ကြည့်အဖွဲ့အစည်းတစ်ခုဖြစ်သော Inclusive Development International တို့က ကုမ္ပဏီဝန်ထမ်းများကို ကုမ္ပဏီရောင်းချမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒမဲပေးကြရန် အိတ်ဖွင့်စာ ရေးသားပေးပို့ခဲ့ကြသည်။

“ကျွန်ုပ်တို့အများစုသည် မြန်မာစစ်တပ်၏ လူမျိုးရှင်းလင်းရေးပွဲများအတွင်း ထွက်ပြေးကာ အမေရိကန်နိုင်ငံသို့ ရောက်ရှိ ခိုလှုံခဲ့ရသည်။ နယူးဘယ်ဂျီယံဘရူးဝင်းကို ကီရင်၏လက်အောက်ခံ Lion Little World က ဝယ်ယူမည့် ကိစ္စတွင် သင်တို့၏ဆန္ဒမဲအဆုံးအဖြတ်ကို စောင့်နေသည်ဟု သိရသည့်အတွက် လွန်စွာစိတ်ပူမိသည်” ဟု ထိုစာတွင် ရေးထားသည်။

“သင်တို့သာ ကန့်ကွက်မဲမပေးပါက နယူးဘယ်ဂျီယံသည် ကီရင်လက်အောက်ခံကုမ္ပဏီဖြစ်သွားသည်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူ့အသိုင်းအဝိုင်းကလက်မခံသော ရာဇဝတ်မှုကျူးလွန်နေမှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်ကို အဓိက ဘဏ္ဍာရေးပိုင်းဖြည့်ဆည်းပေးနေသည့် ကွန်ရက်၏အစိတ်အပိုင်းတစ်ခုဖြစ်လာမည်” ဟု စာတွင် ဖော်ပြထားသည်။

ဂျပန်ဘီယာကုမ္ပဏီ ကီရင်သည် လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သော Burma Campaign UK ၏ အမည်ပျက်စာရင်းတွင် ၂၀၁၈ ခုနှစ်မှစ၍ ထည့်သွင်းခြင်းခံရပြီး ထိုနှစ်မှာပင် Amnesty International အဖွဲ့က ဂျပန်အစိုးရကို ကီရင်၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ပြောဆိုထားသည်။

ထပ်မံစုံစမ်းစစ်ဆေးရေး

ကန့်ကွက်ဆန္ဒပြမှုများအပြီး ကီရင်နှင့် နယူးဘယ်ဂျီယံ ကုမ္ပဏီနှစ်ခုစလုံးက မြန်မာပြည်ရှိ ကီရင်၏ လုပ်ငန်းများနှင့် ပတ်သက်ဆက်နွှယ်မှုများကို စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားရန် ကတိပေးထားကြသည်။ သို့သော် နှစ်ဖွဲ့စလုံးက ထပ်မံစုံစမ်းစစ်ဆေးမည့် အကြောင်းအရာအသေးစိတ်ကို ဖော်ပြရန် ငြင်းဆိုထားကြသည်။

နယူးဘယ်ဂျီယံ ဒါရိုက်တာ ပီလ်ဆာက “ကျွန်မတို့က တက်ကြွလှုပ်ရှားသူတွေနဲ့ ဆွေးနွေးနေကြပြီးတော့ တခြားသူတွေနဲ့လည်း ပြောဆိုဆွေးနွေးပြီး ဒီဟာနဲ့ပတ်သက်လို့ အကြံဉာဏ်ယူ၊ ရသလောက် လေ့လာသင်ယူသွားကြမှာ ဖြစ်ပါတယ်” ဟုပြောသည်။

“လောလောဆယ်မှာတော့ ဒီထက် ထပ်ပြီးပြောပြဖို့မရှိပါဘူး” ဟု သူက ပြောသည်။

တက်ကြွလှုပ်ရှားသူများအတွက် ယခုမျှနှင့် မလုံလောက်သေးပါ။

“ကျွန်မအနေနဲ့ ကီရင်ကို စစ်တပ်နဲ့စီးပွားရေးလုပ်နေတာ ဖျက်သိမ်းဖို့တောင်းဆိုပါတယ်။ သူတို့ဆက်ပြီးလုပ်နေရင်တော့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါ ဆက်လက်ပါဝင်နေမှာပါပဲ” ဟု လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်ခင်ဥမ္မာက ပြောသည်။

နယူးဘယ်ဂျီယံကို ကီရင်နှင့်အတူ နိုင်ငံတကာ ရိုဟင်ဂျာလှုပ်ရှားမှုအဖွဲ့၏ သပိတ်မှောက်ကန့်ကွက်သည့် စာရင်းတွင် ထည့်သွင်းထားသည်။

နှစ်ဖက်ကုမ္ပဏီများ၏ အရောင်းအဝယ် အသေးစိတ်ငွေကြေးတန်ဖိုးကို မဖော်ပြထားသော်လည်း သဘောတူငွေကြေးပမာဏမှာ ဒေါ်လာသန်း ၃၅၀ မှ ၄၀၀ ကြားရှိနိုင်ဟု Forbes မဂ္ဂဇင်းက ခန့်မှန်းထားသည်။

လွှဲပြောင်းရောင်းဝယ်မှု ဖြစ်သွားသည်နှင့် တစ်ပြိုင်တည်း နယူးဘယ်ဂျီယံကုမ္ပဏီဝန်ထမ်းများသည် ၎င်းတို့၏ ပင်စင်ရန်ပုံငွေများထဲသို့ အဆိုပါအရောင်းအဝယ်မှ ဒေါ်လာတစ်သိန်းစီ အပိုဆောင်းရရှိသွားမည်ဖြစ်ပြီး အချို့ဝန်ထမ်းများက အဆိုပါ ပမာဏထက် ပိုမိုရရှိသွားမည်ဟု ဂျော်ဒန်က အိတ်ဖွင့်ပေးစာတွင် ဆိုထားသည်။

“ဒီရလဒ်က နယူးဘယ်ဂျီယံဘီယာလုပ်ငန်းအတွက် Lion World Beverages(အဖျော်ယမကာလုပ်ငန်းစု)နဲ့ တရားဝင်ပူးပေါင်းဖို့ ခြေတစ်လှမ်းစာ ပိုမိုနီးကပ်သွားပါတယ်” ဟု ဖက်ဟိုင်းမားက မဲပေးမှုရလဒ်နှင့်ပတ်သက်သည့် ကြေညာချက်တွင် ပြောသည်။

“ကျွန်ုပ်တို့က New Belgium ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုအတွက် စိတ်လှုပ်ရှားနေကြပါတယ်၊ စီးပွားရေးလုပ်ငန်းက ကောင်းခြင်းအတွက် အင်အားဖြစ်တယ်ဆိုတာ ဆက်ပြီး သက်သေပြဖို့ရှိပါတယ်” ဟု သူက ပြောသည်။

အဆိုပါ အရောင်းအဝယ်မှာ လာမည့်ရက်သတ္တပတ်များတွင် အပြီးသတ်နိုင်မည်ဟု မှန်းထားကြသည်။

(Myanmar Now အင်္ဂလိပ်ပိုင်းအယ်ဒီတာ Danny Fenster ၏ American Brewery votes to join Kirin, promises ‘examination’ of Myanmar Beer money Article ကို ဟန်ထူးအောင်က မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia