18 December 2019
ကိုလိုနီခေတ်အလွန် မြန်မာနိုင်ငံကျရှုံးမှုများ၏ ပုံရိပ်က အာရကန်မြေဟု သမိုင်းတွင်ခဲ့သော ရခိုင်ပြည်နယ်တွင် ထင်ဟပ်နေပေသည်။ လူမျိုးစု ပဋိပက္ခများ၊ နိုင်ငံရေး ညှပ်ပူးညှပ်ပိတ် အခြေအနေ၊ စစ်ဘောင်ချဲ့လာခြင်း၊ ဒေသစီးပွားရေးကို လျစ်လျူရှုခဲ့ခြင်းများနှင့် ဌာနေလူထုကို ဖယ်ကျဉ် ဆက်ဆံခဲ့ခြင်းများ ရှိနေသော ရခိုင်ပြည်နယ်သည် မြန်မာပြည်လိုပင်။ လွန်ခဲ့သော ဆယ်စုနှစ်များတွင် ထိုပြဿနာများ၏ အတိုင်းအဆ ပိုမိုပြင်းထန်လာကြသည်။ ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်တို့အကြား စိတ်ဝမ်းကွဲမှု ပိုမိုဆိုးရွားလာပြီး ခေတ်သစ် ကမ္ဘာ၏ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြစ်စေခဲ့သည်။ လူသားအရင်းအမြစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်တို့ဖြင့် အသေအချာ အလားအလာရှိသည့် ဒေသတစ်ခုဖြစ်သော်လည်း အာရကန်မှာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။
ယခုကြုံနေရသော အရေးပေါ်အခြေအနေများကို “ရခိုင်ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ရိုဟင်ဂျာ”တို့ကြား ဖြစ်ပွားသော နိုင်ငံသားအခွင့်အရေးတိုက်ပွဲနှင့် “လူမျိုးစုသိမှတ်ခံယူပုံအတွက် တိုက်ပွဲဝင်နေသော ကိစ္စများ” ဟူ၍ ကောက်ချက်ဆွဲမှုများကို မကြာခဏကြားရလေ့ရှိသည်။ သို့ရာတွင် အာရကန်လူမျိုးများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရေး နှင့် ဒီမိုကရေစီအခွင့်အရေးများရရှိနိုင်ရေး စိန်ခေါ်မှုများမှာ ထို့ထက်မက ပိုမိုနက်ရှိုင်း ကျယ်ပြောပြီး ပို၍လည်း ရှုပ်ထွေးပါသည်။ သက်ဝင်သော သမိုင်းနောက်ခံက အာရကန်သည် အာရှ၏ မဟာဗျူဟာလမ်းဆုံတွင် အရေးပါသည့် အနေအထား ရှိကြောင်းကို ပြသနေသည်။
ဤအစီရင်ခံစာကို ဇာတ်ကြောင်းပြောသည့် ရေးထုံးဖြင့် တင်ပြမည်ဖြစ်ပြီး စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်း နေသော ယခုအချိန်ကဲ့သို့ အရေးကြီးသည့်ကာလတွင် ရခိုင်ပြည်နယ်နှင့်ရခိုင်ပြည်သူများ ရင်ဆိုင်နေကြရသော စိန်ခေါ်မှုများကို သုံးသပ်တင်ပြသွားပါမည်။ လူမျိုးကွဲ၊ ဘာသာကွဲ နှင့် နိုင်ငံရေး အယူအဆကွဲသူများ စုပေါင်း တည်ရှိကြသော မြန်မာနိုင်ငံ၏ အခြားနယ်မြေများကဲ့သို့ပင် ရခိုင်ပြည်နယ်အရေးကို သုံးသပ်ရာ တွင် ဒေသခံတို့နှင့်စပ်လျဉ်း၍ ဘက်မျှသောအမြင်များရှိရန် လိုအပ်ပြီး ဒေသခံတို့၏အမြင်များ၊ သဘော ထားခံယူပုံများကို မျှတစွာထည့်သွင်းစဉ်းစားကြရပါမည်။ ရခိုင်ပြည်သူများ ရင်ဆိုင်နေရသော လူမှုရေး၊ နိုင်ငံရေးစိန်ခေါ်မှုများအကြောင်း မှတ်တမ်းမှတ်ရာနည်းပါးကြသလို ရခိုင်ပြည်နယ်နှင့် ပတ်သက်လာလျှင် စေ့ငုနားလည်နိုင်ခြင်းလည်း ရှားပါးသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်နှင့် နိုင်ငံတကာ အလယ် အထီးကျန်ခြင်းများကြောင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေခဲ့သော လူမျိုးစု ပဋိပက္ခများနှင့် အုပ်ချုပ်မှု ချို့ယွင်းပျက်ပြားခြင်းများကြောင့်ဖြစ်ရသည့် ထိခိုက်ပျက်စီးမှုများကို မှတ်တမ်းတင်နိုင်ခြင်းများ လွန်စွာရှားပါး ခဲ့သည်။
အာရကန်မြေ၏ အခြေအနေမှာ အတိမ်းအစောင်းမခံပါ။ လက်နက်ကိုင်ပဋိပက္ခများနှင့် လူသားချင်းစာနာစရာ ရှင်သန်နေထိုင်ရန် ခက်ခဲနေသည့် အဖြစ်များ ရခိုင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေချိန်၌ ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံတကာ ဇာတ်ကောင်များသည် အာရကန်မြေ၏ နိုင်ငံရေး၊ စီးပွားရေး အနာဂတ်နှင့် ဆက်စပ်နေမည့် “ကြီးကျယ်သော ပထဝီနိုင်ငံရေး ကစားပွဲသစ်”ခင်းကျင်းပါဝင်လာကြသည်။ ဤအခြေအနေတွင် ဒေသခံများ၏ အသံကို နားထောင်ကြရန် လွန်စွာအရေးကြီးလှသည်။ သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးကို ယနေ့မြန်မာနိုင်ငံ၏ လက်ရှိ လူမျိုးစု-နိုင်ငံရေး ပြဿနာများထဲမှ အစွန်အဖျား အရေးကိစ္စတစ်ခုအဖြစ်၊ သီးခြားအဖြစ်အပျက်တစ်ခုအဖြစ် မရှုမြင်ရန် လိုပါသည်။ လာမည့်ဆယ်စုနှစ်အတွင်း၌ အာရကန်သည် တိုးတက်သော၊ တစ်ဘက်နှင့် တစ်ဘက် ကောင်းစွာသိထားနားလည်ကြသော ပြောင်းလဲမှု များကို ဆောင်ကြဉ်းပေးနိုင်သည့် စံပြနယ်မြေတစ်ခု ဖြစ်လာသင့်သည်ဟု မျှော်ရည်သင့် ကြပေသည်။ အာရကန်ပြည်သူတို့ သာတူညီမျှမှုရရှိရေး၊ တရားမျှတမှုကို ခံစားနိုင်ရေးမှာ မြန်မာတစ်နိုင်ငံလုံး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့နှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်နေပေသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.