သက်တမ်းကုန်ဆုံးနေပြီဖြစ်သော MNHRC ၏ အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ရေး လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

သက်တမ်းကုန်ဆုံးနေပြီဖြစ်သော MNHRC ၏ အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ရေး လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့

သက်တမ်းကုန်ဆုံးနေပြီဖြစ်သော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC)  အဖွဲ့ဝင် များကို အသစ်ပြန်လည်ရွေးချယ်မှု ပြုလုပ်ပြီး MNHRC ကို အမြန်ဆုံး ပြန်လည်ဖွဲ့စည်းရန်နှင့် ကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ခန့်အပ်ရာတွင်လည်း ပွင့်လင်း မြင်သာမှုရှိရှိ ဆောင်ရွက်သွားရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများအလုပ်အဖွဲ့မှ နိုင်ငံတော်သမ္မတကြီးအား ယနေ့တိုက်တွန်းလိုက်သည်။  MNHRC အဖွဲ့ဝင် ၁၀ ဦးအနက် ၇ ဦးမှာ ၂၀၁၄ ခုနှစ် ကော်မရှင်ဥပဒေပြဋ္ဌာန်းစဉ်က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ငါးနှစ်သက်တမ်းမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင် ပြည့်ပြီးဖြစ်သဖြင့် သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။

MNHRC ၏ တည်ဆဲဥပဒေအရ စိစစ်ရွေးချယ်ရေးအဖွဲ့က ကော်မရှင်အဖွဲ့ဝင်လောင်းများ အမည်စာရင်း တင်သွင်းရေး လုပ်ထုံးလုပ်နည်းများ ချမှတ်ပြီး သမ္မတထံသို့ လူပုဂ္ဂိုလ် (၃၀) ဦး၏ အမည်စာရင်းကို တင်သွင်း ရသည်။ သမ္မတမှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဥက္ကဌများနှင့် ညှိနှိုင်းကာ ကော်မရှင်၏ ဥက္ကဌနှင့် ဒုဥက္ကဌအပါအဝင် သင့်တော်သူများကို ရွေးချယ်ခန့်အပ်ရသည်။ ယခုအခါတွင် စိစစ်ရွေးချယ်ရေးအဖွဲ့က ကော်မရှင်အဖွဲ့ဝင်လောင်း (၃၀) ဦး၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံသို့ တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သတင်းများ ရရှိပါသည်။ သို့သော် ထိုကိုယ်စားလှယ်လောင်း (၃၀) ဦး၏ အမည်စာရင်းကို အများပြည်သူများ သိရှိအောင် အသိပေးခြင်း မရှိသေးပါ။

ကမ္ဘာလုံးဆိုင်ရာ အမျိုးသားလူ့အခွင့်အရေးဌာနများအဖွဲ့ – အရည်အသွေးသတ်မှတ်ရေးဆပ်ကော်မတီ (GANHRI-SCA) မှ MNHRC အနေဖြင့် “အရည်အသွေးအပေါ် အခြေခံသည့် ရွေးချယ်မှု၊ အလွှာစုံစနစ်ကို အာမခံမှု၊ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန၏ ဆုံးဖြတ်ချက်ချနိုင်သူ ခေါင်းဆောင်ပိုင်း၏ လွတ်လပ်မှုနှင့် အများပြည်သူ ယုံကြည်မှုများ ရှိလာစေရန် အားပေးမြှင့်တင်သည့် ရှင်းလင်းပွင့်လင်းမြင်သာ၍ အားလုံး ပါဝင်ခွင့်ရှိသော ရွေးချယ်ရေးလုပ်ငန်းစဉ်တစ်ရပ်” လိုအပ်ကြောင်း အလေးပေး ထောက်ပြခဲ့သည်။

ယခုအထိမူ စိစစ်ရွေးချယ်ရေးအဖွဲ့က ချမှတ်ထားသည့် ရွေးချယ်ရေးလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်း များမှာ ပွင့်လင်းမြင်သာမှု မရှိပေ။ ရွေးချယ်ရေးလုပ်ငန်းစဉ်များအကြောင်းကို အများပြည်သူသိရှိနားလည်စေရန် လုပ်ဆောင်ခြင်း မရှိသကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းများကိုလည်း ကော်မရှင်အဖွဲ့ဝင် ရွေးချယ်ခန့်အပ်ရေး လုပ်ငန်းစဉ်တွင် လုံလောက်သော တိုင်ပင်ညှိနှိုင်းခြင်း မရှိသည်ကို မိမိတို့မှ လေ့လာမိသည်။ ကော်မရှင်အဖွဲ့ဝင် ရွေးချယ်ရေးလုပ်ငန်းစဉ်တွင် အများပြည်သူတို့ ပါဝင်စိစစ်နိုင်မှုနှင့် ထိတွေ့ဆက်ဆံမှု အခွင့်အလမ်းသည် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ပိုမိုပွင့်လင်းမြင်သာစေနိုင်ရုံသာမက ကော်မရှင်တွင် အလွှာစုံပါဝင်ရေးကိုလည်း အားပေးရာရောက်မည်ဖြစ်သောကြောင့် ၎င်းကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်လှသည်။ ထို့ကြောင့် ရွေးချယ်ရေးလုပ်ငန်းစဉ်ထဲတွင် လျှောက်လွှာတင်ခြင်း၊ စိစစ်ခြင်း၊ ရွေးချယ်ခြင်း၊ ခန့်အပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ် တလျှောက်လုံး၌ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လွတ်လပ်ပွင့်လင်းစွာ၊ ကျယ်ကျယ်ပြန့်ပြန့် မျှမျှတတ တိုင်ပင်ဆွေးနွေးမှုများ ပါဝင်သင့်သည်။ သို့မှသာ ကော်မရှင်အပေါ် အများပြည်သူ ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ပေသည်။

ယခင်စစ်အာဏာရှင်စနစ်လက်အောက် အမှုထမ်းခဲ့သူများအပါအဝင် လက်ရှိကော်မရှင်အဖွဲ့ဝင်များ၏ ယခင်အလုပ်အကိုင် သမိုင်းကြောင်းမှတ်တမ်းများနှင့် နောက်ကြောင်းရာဇဝင်တို့ကြောင့် MNHRC အပေါ် လူထု၏ ယုံကြည်မှုအားနည်းနေပြီး  ကော်မရှင်နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများအကြား ယုံကြည်မှုမှာလည်း နိမ့်ကျနေသည်။ ထို့ကြောင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အတွက်သော်လည်းကောင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် လက်တွဲ နိုင်ရန်အတွက်သော်လည်းကောင်း၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် လူ့အခွင့်အရေးအတွက် လုပ်ဆောင်လိုသည့် စိတ်နေသဘောထား ရှိသူများဖြင့် ကော်မရှင်ကို အားသစ်လောင်းရန် ယခုကော်မရှင်အဖွဲ့ဝင် အပြောင်းအလဲသည် အခွင့်ကောင်းတစ်ရပ်ပင် ဖြစ်သည်။

အစိုးရနှင့် လွှတ်တော်အနေဖြင့် MNHRC တွင် အများပြည်သူ ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ရန် အတွက် ကော်မရှင်အဖွဲ့ဝင်သစ်များ ရွေးချယ်ရေးကို ကော်မရှင်ဥပဒေ ပြုပြင်ပြောင်းလဲရေးများနှင့်လည်း တွဲဖက် လုပ်ဆောင်ရန် လိုအပ်သည်။ သို့မှသာ ရွေးချယ်ရေးလုပ်ငန်း ပိုမိုတိုးတက်စေမည် ဖြစ်သည်။

ကော်မရှင်ဥပဒေ၌ စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်နှစ်ဦးသည် လွှတ်တော်မှဖြစ်ရမည်ဟု သတ်မှတ် ထားသော်လည်း ယင်းကိုယ်စားလှယ်နှစ်ဦးကို သမ္မတက ရွေးချယ်ခန့်အပ်ခြင်းမျိုး မဟုတ်ဘဲ  လွှတ်တော်ကသာ ရွေးချယ်စေခြင်းသို့ ပြင်ဆင်သင့်ပေသည်။ ထိုမျှသာမက ယင်းကိုယ်စားလှယ်များမှာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်စေရန်နှင့် စစ်တပ်က ခန့်ထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ မဖြစ် စေရန်လည်း သတ်မှတ်သင့်သည်။ နောက်ဆုံးအချက်အဖြစ် မှတ်ပုံတင်ထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် နှစ်ဦး ဖြစ်စေရန် သတ်မှတ်ထားခြင်းမှာ ကန့်သတ်လွန်းရာကျသဖြင့် သတင်းစာဆရာများ၊ တစ်သီးပုဂ္ဂလများနှင့် ပညာရှင်များအပါအဝင် ကျယ်ပြန့်သော အရပ်ဘက် လူမှုအသိုင်း အဝိုင်းများမှ ကိုယ်စားလှယ်များ ပါဝင်သင့်သည်။ ထို့ကြောင့် မှတ်ပုံတင်ထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအစား “လွတ်လပ်သော အရပ်ဘက်လူထုအဖွဲ့အစည်းဝင်များ” ဟု ပြင်ဆင်သင့်သည်။

အထက်ဖော်ပြပါ အချက်များသည် MNHRC အဖွဲ့ဝင်သစ်များ ရွေးချယ်ရေးလုပ်ငန်းစဉ်တွင် အခရာ ကျပါသည်။ ထို့ကြောင့် အစိုးရနှင့် လွှတ်တော်တို့အနေဖြင့် သက်တမ်းကုန်ဆုံးပြီးသော ကော်မရှင်အဖွဲ့ဝင် အသစ် ပြန်လည်ရွေးချယ်တင်မြှောက်ရမည့် ယခုအချိန်တွင် ပြည်သူလူထု၏ လူ့အခွင့်အရေးကို အမှန်တကယ် အကာအကွယ်ပေးနိုင်သည့် ကော်မရှင်တစ်ခုအဖြစ် MNHRC အား ရှင်သန်နိုးထလာအောင် ပြုလုပ်ပေးပါရန် မိမိတို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ အလုပ်အဖွဲ့မှ  အလေးအနက် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ အလုပ်အဖွဲ့

အလုပ်အဖွဲ့၏ အဖွဲ့ဝင်များမှာ

  • ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)
  • ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)
  • ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)
  • စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)
  • ညီမျှခြင်းမြန်မာ (EQMM)
  • တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
  • ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)
  • နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)
  • မျိုးဆက်လှိုင်း (GW)
  • မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)
  • မြန်မာ့အရေးလေ့လာသူများအဖွဲ့ (BM)
  • ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ (Yangon Watch)
  • ရှေ့ပြေးအသံအဖွဲ့ (PV)
  • လောကအလင်း လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း (Loka Ahlinn)
  • လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)
  • လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် (HREN)
  • အနာဂတ်အလင်းတန်းဆုံမှတ် (FLC)
  • အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (Athan)
  • Metta Campaign – Mandalay
  • Myanmar People Alliance (Shan State)
  • Synergy (Social Harmony Organization)
  • The Seagull:Human Rights, Peace & Development

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

အောင်မျိုးမင်း၊ အမှုဆောင်ဒါရိုက်တာ၊ ညီမျှခြင်းမြန်မာ
+၉၅ (ဝ)၉ ၄ ၄၈၀ ၁၅၃၀၆၊ [email protected]

အောင်မျိုးကျော်၊ ပြည်တွင်းတာဝန်ခံ၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရေးအသင်း
+၉၅ (၀)၉၄ ၂၈၁ ၁၇၃၄၈၊ [email protected]

စုချစ်၊ The Seagull: Human Rights, Peace & Development
+၉၅ (ဝ)၉၇ ၈၄၇ ၅၅၆၅၊ [email protected]

အယ်ဒီတာ့မှတ်စု – မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား လွတ်လပ်အမှီခိုကင်း၍ ပွင့်လင်းမြင်သာမှုရှိရှိ ထိရောက်စွာဖြင့် ပါရီအခြေခံမူများနှင့်အညီ မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ အခွင့်အရေးကို အမှန်တကယ် ကာကွယ်မြှင့်တင်ပေးနိုင်သော ကော်မရှင်တစ်ရပ်ဖြစ်လာစေရေး စည်းရုံးလှုံ့ဆော်နိုင်ရန်အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ အလုပ်အဖွဲ့ (MNHRC Reform Working Group) ကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။


ထုတ်ပြန်ချက်မြန်မာဘာသာ PDF.
Statement in Egnlish.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia