လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် လွတ်လပ်ပြီး ထိရောက်သော အဖွဲ့အစည်းဖြစ်လာစေရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အား ပြန်လည် သွေးသစ်လောင်းရမည်

လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် လွတ်လပ်ပြီး ထိရောက်သော အဖွဲ့အစည်းဖြစ်လာစေရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အား ပြန်လည် သွေးသစ်လောင်းရမည်

[ရန်ကုန် – ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့] မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) တွင် ကော်မရှင်အဖွဲ့ဝင်များသည် လူ့အခွင့်အရေး အခြေခံသောစဉ်းစားချက် ကင်းမဲ့နေခြင်းနှင့် MNHRC ဥပဒေတွင် ဖွဲ့စည်းတည်ဆောက်ပုံပိုင်းဆိုင်ရာ ပြဿနာများ ရှိနေခြင်းတို့ကြောင့် ထိရောက်မှုမရှိသည့်အပြင် မြန်မာစစ်တပ် ကိုလည်း အကာအကွယ်ပေးနေသည့် အဖွဲ့တစ်ခုသဖွယ် ဖြစ်နေသည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်း (၂၀) ဖွဲ့မှ ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအသစ်တစ်စောင်တွင် ဆိုထားပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး အတွက် ပိုမိုကောင်းမွန်သော လူ့အခွင့်အရေး အားပေးမြှင့်တင်နိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် MNHRC အား ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် အစီရင်ခံစာတွင် တောင်းဆိုထားသည်။ ဤအစီရင်ခံစာကို လူ့အခွင့်အရေးနေ့မတိုင်မီ ၂၀၁၉  ခုနှစ် ဒီဇင်ဘာလ ၉  ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ အမည်ရှိ အစီရင်ခံစာထဲတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ ကာကွယ်ခြင်းနှင့် အရပ်ဘက်လူမှုအဝန်းအဝိုင်း ကျဉ်းမြောင်းလာခြင်း အခင်းအကျင်းတွင် MNHRC ၏ စွမ်းဆောင်ရည်အား ဆန်းစစ်သုံးသပ်ထားပါသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေ များလာတဲ့အချိန်မှာ အထူးသဖြင့် ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို MNHRC က ကိုင်တွယ်လိုတဲ့ဆန္ဒမရှိတာ ဒါမှမဟုတ် မကိုင်တွယ်နိုင်တာတွေ ဖြစ်နေတယ်။ အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ အမှုတွေဆိုရင် MNHRC က ကိုင်တွယ်လိုတဲ့ဆန္ဒမရှိဘူး။” ဟု Generation Wave အဖွဲ့မှ ကိုဘိုဘိုကပြောသည်။ “လက်ရှိ ကော်မရှင်အဖွဲ့ဝင် တွေရဲ့ သက်တမ်းကကုန်သွားပြီ။ သူတို့ကို အတွေ့အကြုံရှိပြီး ဖြောင့်မတ်တဲ့ လူ့အခွင့်အရေးသမားတွေနဲ့ အစားထိုး ပြီးတော့ အခုကော်မရှင်ကို သွေးသစ်လောင်းနိုင်ဖို့ သမ္မတကလုပ်ဖို့ အချိန်တန်ပြီ။” ဟုလည်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ကိုအောင်ဇော်ဦးက ထပ်ဖြည့်ပြောကြားသည်။ လက်ရှိ ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်ငြားလည်း ကော်မရှင်အဖွဲ့ဝင် အသစ်ရွေးချယ်ရေးနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ကြေညာ အသိပေးခြင်း တစ်စုံတစ်ရာမျှ မတွေ့ရသေးပေ။

ယခုအစီရင်ခံစာတွင် ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးကိစ္စရပ်များကို ခြုံငုံသုံးသပ် ထားပြီး ၂၀၁၉ ခုနှစ် အစောပိုင်းကာလတွင် ဖြစ်ပွားခဲ့သည့် အဓိကဖြစ်ရပ်များကိုလည်း ထည့်သွင်းရေးသား ထားပါသည်။ ဤအထဲတွင် မြန်မာစစ်တပ်မှ အရပ်သားများအပေါ် ခြိမ်းခြောက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ စိတ်ထင်သလို ဖမ်းဆီးချုပ်နှောင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို မီးမောင်းထိုးပြထားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်၌ နိုင်ငံရေးအကျဉ်းသားဦးရေ တိုးမြင့်လာမှုကိုလည်း ထောက်ပြထားသည်။ ယခု အစီရင်ခံစာ၌ အထင်ကရ အမှု (၂) မှုဖြစ်သော ရိုက်တာသတင်းထောက်နှစ်ဦးအပေါ် တရားစီရင်မှုနှင့် ၂၀၁၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော လူငယ်ငြိမ်းချမ်းရေးလှုပ်ရှားမှု ဆန္ဒပြပွဲများကြောင့် (၄၇) ဦး အဖမ်းခံရမှုတို့ကို ထောက်ပြရာတွင် MNHRC သည် မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များကို ရင်ဆိုင်၍ သတင်းထောက်များ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် တက်ကြွလှုပ်ရှားသူများအား လူသိရှင်ကြား ကာကွယ်ဆောင်ရွက် ပေးရန် ပျက်ကွက်ခဲ့ခြင်းတို့ကို မီးမောင်းထိုးဖော်ပြထားသည်။ ထို့အပြင် သံချပ်ထိုးတင်ဆက် ဖျော်ဖြေမှုကြောင့် မကြာသေးမီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်များ အမှုကိုလည်း ဤအစီရင်ခံစာတွင် ဆွေးနွေးတင်ပြထားပါသည်။

“MNHRC အနေနဲ့ လူ့အခွင့်အရေးကိစ္စတိုင်းကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ဆိုရင် ပထမဦးဆုံး လက်ရှိကော်မရှင်အဖွဲ့ဝင်တွေအစား လူ့အခွင့်အရေးကို တကယ်လေးစားလိုက်နာတဲ့ သူတွေနဲ့ ပြောင်းလဲဖို့ လိုပါတယ်။ ဒုတိယအနေနဲ့က ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ကို ချဲ့ထွင်နိုင်ဖို့ ဥပဒေပြင်ရမယ်။” ဟု အသံအဖွဲ့မှ မောင်ဆောင်းခ ကပြောသည်။ “ဥပဒေစိုးမိုးရေး အကြိမ်ကြိမ်အခါခါ ပျက်ပြားနေတဲ့အတွက် ကျမတို့ဟာ မြန်မာ ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေ အားပေးမြှင့်တင်ရုံတင်မကဘဲနဲ့ ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းတစ်ခု တအားလိုအပ်နေပြီ။” ဟု အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့မှ မသက်သက်အောင်က ဆိုသည်။

ယခုအစီရင်ခံစာ၌ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ MNHRC ၏ စွမ်းဆောင်ရည်အား သုံးသပ်ဆန်းစစ်ရာတွင်  ၎င်းမှ တိုးတက်မှုတချို့ လုပ်ဆောင်ထားသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် MNHRC မှ တချို့သော အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင် လာခြင်းနှင့် အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေးခြင်းတို့ဖြစ်ပြီး အဓိကအားဖြင့်မူ လူ့အခွင့်အရေး အားပေးမြှင့်တင်မှုအပိုင်းတွင် ပိုမိုအလေးပေးထားသည်ကို တွေ့ရှိရသည်။ MNHRC အနေဖြင့် ကာကွယ်စောင့် ရှောက်ရေး လုပ်ပိုင်ခွင့်တာဝန် ထမ်းဆောင်ရာ၌ အဓိကအဟန့်အတားတစ်ခုမှာ ယခင်စစ်အာဏာရှင်အစိုးရနှင့် နီးစပ်နေဆဲဖြစ်သည့် ကော်မရှင်အဖွဲ့ဝင်များ၏ နောက်ကြောင်းရာဇဝင်နှင့် လက်ရှိစိတ်နေစိတ်ထားတို့ပင် ဖြစ်သည်။

“အခြေခံမူလ လူ့အခွင့်အရေးတွေကို နားလည်မှုလည်း မရှိခဲ့ဘူး။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးလည်း နောက်ခံသမိုင်းကြောင်း မကောင်းခဲ့တဲ့ စစ်တပ်နဲ့ နီးစပ်နေတဲ့လူတွေ၊ အရာရှိဟောင်းတွေ ပါနေတဲ့ ကော်မရှင် အဖွဲ့ဝင်တွေက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ကာကွယ်ပေးမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ။” ဟု The Seagull အဖွဲ့မှ မစုချစ်က ပြောသည်။။ ရှေ့ပြေးအသံအဖွဲ့မှ Rin Fujimatsu ကလည်း “HRD တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျူးလွန်ခံရသူတွေနဲ့ ရှင်သန်လွတ်မြောက် လာသူတွေအတွက် ခါတိုင်းထက် ပိုပြီး မဟာမိတ်လိုအပ်နေတဲ့အချိန်မှာ MNHRC က ဆိုးရွားလွန်းတဲ့ပြစ်မှုတွေကို ဖုံးကာပေးဖို့အတွက် လုပ်နေတယ်။” ဟုပြောသည်။

ဤအစီရင်ခံစာကိုပူးတွဲရေးသားခဲ့သော အရပ်ဘက်လူထုအဖွဲ့အစည်း (၂၀) ဖွဲ့မှ MNHRC ၏ လွတ်လပ်မှု နှင့် ထိရောက်မှုတို့ တိုးတက်စေရန်အတွက် ကော်မရှင်ဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပြင်ဆင်ချက်များ အဆိုပြုရန်အတွက်လည်း မြန်မာအစိုးရအား အကြံပြုတိုက်တွန်းခဲ့သည်။ ထို့အပြင် ယင်းအဖွဲ့အစည်းများမှ သမ္မတ အနေဖြင့် ကော်မရှင်အဖွဲ့ဝင်များခန့်အပ်ရာတွင် ပွင့်လင်းမြင်သာသည့် လုပ်ငန်းစဉ်ဖြင့် တရားရေးလမ်းကြောင်း အတိုင်း လိုက်နာပြီး ရွေးချယ်ရေးဘုတ်အဖွဲ့ဝင်များကို လူအများသိရှိစေရန် ကြေညာရမည်ဟုလည်း အကြံပြု တိုက်တွန်းလိုက်သည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

  • ကိုအောင်ဇော်ဦး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၊ +၉၅ (ဝ) ၉၄ ၂၁၀ ၃၉၄၉၃၊ 2012hrdpnetworks@gmail.com
  • ကိုဘိုဘို၊ မျိုးဆက်လှိုင်းအဖွဲ့၊ +၉၅ (ဝ) ၉၄ ၂၁၀ ၈၇၉၉၂၊ bobo@generationwave.org
  • မောင်ဆောင်းခ၊ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့၊ +၉၅ (ဝ) ၉၇ ၇၃၉ ၃၇၂၇၃၊ saungkhasithu@gmail.com
  • မစုချစ်၊ The Seagull:Human Rights, Peace & Development အဖွဲ့၊ +၉၅ (၀) ၉၇ ၈၄၇ ၅၅၆၅၊ theseagull@gmail.com
  • Rin Fujimatsu၊ ရှေ့ပြေးအသံအဖွဲ့၊ +၉၅ (ဝ) ၉၇ ၆၈၃ ၂၅၂၈၅၊ rin@progressive-voice.org

အယ်ဒီတာ့မှတ်စု –

ဤအစီရင်ခံစာသည် အာရှဒေသအမျိုးသားလူ့အခွင့်အရေးဌာနများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စွမ်းဆောင်ရည် များအပေါ် သုံးသပ်တင်ပြထားသည့် အာရှဒေသအမျိုးသား လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှ မြန်မာနိုင်ငံနှင့် ပတ်သက်သောအခန်း ဖြစ်သည်။ ANNI အစီရင်ခံစာအပြည့်အစုံကို ပေးထားသောလင့်ခ်၌ ရှာဖွေဖတ်ရှုနိုင်ပါသည်။ https://www.forum-asia.org/?p=29979&nhri=1

မြန်မာနိုင်ငံဆိုင်ရာအခန်းဖြစ်သည့် ဤအစီရင်ခံစာကို ရေးသားထုတ်ဝေသူများမှာ

  • ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)
  • ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)
  • ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)
  • စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)
  • တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
  • ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)
  • မျိုးဆက်လှိုင်း (GW)
  • မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)
  • မြန်မာ့အရေးလေ့လာသူများအဖွဲ့ (BM)
  • ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ (Yangon Watch)
  • ရှေ့ပြေးအသံအဖွဲ့ (PV)
  • လောကအလင်း လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း (Loka Ahlinn)
  • လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)
  • လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် (HREN)
  • အနာဂတ်အလင်းတန်းဆုံမှတ် (FLC)
  • အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (Athan)
  • Metta Campaign – Mandalay
  • Myanmar People Alliance (Shan State)
  • Synergy (Social Harmony Organization)
  • The Seagull:Human Rights, Peace & Development တို့ဖြစ်ပါသည်။

သတင်းထုတ်ပြန်ချက်ကို pdf ဖြင့်ရယူရန် မြန်မာဘာသာEnglish

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia