04 August 2019
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် စိစစ်ရွေးချယ်ရေးမှာ ပြည်ထဲရေးဝန်ကြီးနဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ် ကိုယ်စားလှယ်တို့ကို ဖယ်ရှားပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၂၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းဟာ ငါးနှစ်ဖြစ်တဲ့အတွက် လာမယ့် စက်တင်ဘာလဆိုရင် လက်ရှိကော်မရှင် အဖွဲ့ဝင်တွေရဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အဖွဲ့ဝင်အသစ်တွေကို ခန့်အပ်ရတော့မှာပါ။
အဲဒီလိုခန့်အပ်နိုင်ဖို့အတွက် ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းရမယ်လို့ လက်ရှိတည်ဆဲ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေမှာ ပြဌာန်းထားတာဖြစ်ပါတယ်။
တည်ဆဲဥပဒေအရ ကော်မရှင် အဖွဲ့ဝင်လောင်းတွေ စိစစ်ရွေးချယ်ရေးအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီး ပါဝင်နေသလို တပ်မတော်နဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ကိုယ်စားလှယ် တစ်ဦးလည်း ပါဝင်နေတဲ့အတွက် ဒီဥပဒေပါပြဌာန်းချက်တွေကို ပြင်ဆင်ဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၊ ညီမျှခြင်းမြန်မာ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ HRDP၊ ရှေ့ပြေးအသံအဖွဲ့၊ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး၊ အသံ- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ စတဲ့ အရပ်ဖက်အဖွဲ့ ၂၄ ဖွဲ့က အကြံပြုတိုက်တွန်းချက် စာတမ်းထုတ်ပြန်ပြီး တောင်းဆိုလိုက်တာပါ။
တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ HRDP က ဦးအောင်ဇော်ဦး က အခုလို ပြောပါတယ်။
“အဓိကကတော့ ရွေးချယ်ရေးဘုတ်အဖွဲ့မှာ ပါတဲ့သူတွေက ကော်မရှင်အဖွဲ့ဝင်လောင်းတွေကို ရွေးချယ်ပြီး သမ္မတကို တင်ပေးရတာဆိုတော့ သူတို့ရွေးချယ်လိုက်တဲ့သူတွေက လူ့အခွင့်အရေးကို ထဲထဲဝင်ဝင်မြင်နိုင် မယ့်သူတွေ၊ နဂိုတုန်းက လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေ မဖြစ်အောင်လို့ ကျွန်တော်တို့က လိုချင်တာ။ နောက်ပြီး စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့မှာလည်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်မယ့် သမာသမတ်ရှိမယ့်သူတွေကိုပဲ ကျွန်တော်တို့က ပါစေချင်တာ”
လက်ရှိ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၁၀ ဦးထဲမှာ အငြိမ်းစားသံအမတ်တွေ၊ တပ်မတော်က အငြိမ်းစား အရာရှိတွေ၊ တပ်မတော်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေ အများစုပါဝင်နေတဲ့အတွက် ကော်မရှင်အနေနဲ့ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်စစ်ဆေးရာမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ အရပ်ဘက်အဖွဲ့တွေက သုံးသပ်ကြတာပါ။
ဒါကြောင့် ပွင့်လင်းမြင်သာပြီး လွတ်လပ်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေနဲ့သာ ဖွဲ့စည်းဖို့ အရပ်ဘက်အဖွဲ့ ၂၄ ဖွဲ့က တောင်းဆိုကြပါတယ်။
မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများဆုံးရှိနေတာက နယ်မြေမတည်ငြိမ်တဲ့ ဒေသတွေ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ဒေသတွေမှာဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေကပဲဖြစ်စေ၊ ငွေကြေးအင်အား တောင့်တင်းသူတွေကပဲဖြစ်စေ၊ ကျူးလွန်တဲ့ ချိုးဖောက်မှုတွေလို့ ပြောရမှာပါ။
ဒီဒေသတွေက လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စတွေအပေါ် ကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းပေးနိုင်မှုကို တိုင်းရင်းသား အရပ်ဖက်အဖွဲ့တွေက ရှုတ်ချကြပြီး လုံလောက်တဲ့ ကာကွယ်စောင့်ရှောက်မှု မရဘူးလို့လည်း ပြောကြပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းTWO က ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါး က – တအာင်းတိုင်းရင်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ပတ်သက်လို့ ကော်မရှင်ထံ တိုင်ကြားမှုတွေ ရှိခဲ့ပေမယ့် တစ်စုံတစ်ရာအကြောင်းပြန်ကြားတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။
“ကျွန်မတို့ အရင်တုန်းကဆိုရင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု တစ်ခုခုဖြစ်ပြီဆိုရင် ဒီကော်မရှင်ကို အီးမေးလ်လိပ်စာနဲ့ သိအောင်ပို့တာ။ တဖက်တလမ်းကနေ ဖြေရှင်းပေးဖို့ စာပို့တာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ဘက်က စာပို့တာ တစ်ခါမှမရဘူး။ အထူးသဖြင့် ရှမ်းပြည်ဘက်မှာ သူတို့လုပ်ဆောင်ချက်တွေ၊ စစ်ဆေးမေးမြန်းတာတွေ၊ ကျူးလွန်မှုအပေါ်မှာ စုံစမ်းပေးတာတို့ မရှိသလောက်ပဲ။ ကော်မရှင်ရှိမှန်းတောင် တချို့ပြည်သူတွေက မသိဘူး”
ဒီကော်မရှင်ရဲ့ သက်တမ်းကာလအတွင်း လုပ်ကိုင်ဆောင်ရွက်ချက်တွေအပေါ် အားရကျေနပ်မှု မရှိဘူးလို့လည်း ပြောကြပါတယ်။
ကော်မရှင်အပေါ် အစိုးရနဲ့ တပ်မတော်ရဲ့ လွှမ်းမိုးမှု မရှိဘူးလို့ ပြောဆိုပေမယ့် လက်တွေ့မှာတော့ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခု မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။
“အဓိကက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အစိုးရနဲ့ ကင်းလွတ်တဲ့ အဖွဲ့အစည်းတစ်ခု ပိုပြီးဖြစ်ရင် ကောင်းမယ်လို့ ထင်တယ်။ လူ့အခွင့်အရေးကို ဘယ်သူကပဲ ချိုးဖောက် ချိုးဖောက် လူ့အခွင့်အရေးကော်မရှင်လို့ ခေါင်းစဉ်တပ်ထားရင် အားလုံးကို ထောက်ပြနိုင်စွမ်း ရှိရမယ်လို့ မြင်ပါတယ်”
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု က ဦးမြအေး ပြောသွားတာပါ။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် နယ်မြေတည်ငြိမ်မှုမရှိဘဲ အရပ်သားသေဆုံးမှုနှုန်း မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ကျောက်တန်းကိစ္စအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေမှာ ကော်မရှင်ဟာ တပ်မတော်ဘက်က ရပ်တည်ခဲ့တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရခိုင်ပြည်သူတွေဟာ ကော်မရှင်အပေါ် ယုံကြည်မှု ကင်းမဲ့နေတယ်လို့ ပြောပါတယ်။
“ကျောက်တန်းဖြစ်စဉ်မှာ သူတို့အစီရင်ခံစာသည် အင်မတန်အားနည်းတယ်။ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတဲ့အတွက် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုက ပျောက်သွားတယ်။ မျှော်လင့်ထားကြတယ်။ ဒီအစီရင်ခံစာမှာတော့ အဖြစ်မှန်တစ်ခုပေါ်လာလိမ့်မယ်ဆိုပြီး ယုံကြည်ခဲ့ကြတယ်၊ အားကိုးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီကော်မရှင်အဖွဲ့က အဲ့လိုမလုပ်နိုင်ခဲ့အတွက် ပြည်သူနဲ့ထပ်တူ ခံစားရတယ်”
အရပ်ဖက်အဖွဲ့ ၂၄ ဖွဲ့ရဲ့ အကြံပြုတိုက်တွန်းချက်တွေ၊ တောင်းဆိုချက်တွေ၊ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။
“ကောင်းတဲ့အကြံပြုချက်တွေပါပဲ။ ကျွန်တော်တို့ကလည်း ဥပဒေပြင်ဆင်ဖို့ လုပ်နေတာ သူတို့ တင်ပြထားတဲ့အချက်တွေ အများကြီး အကျုံးဝင်ပါတယ်။ သူတို့တင်ပြထားတဲ့အတိုင်းပဲ ဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့ လက်ရှိ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ အကြံပြုချက်တွေဆိုရင် တပ်မတော်က လိုလိုလားလား လိုက်ပြီးတော့ အရေးယူတာ၊ သူတို့တပ်မတော်သားတွေ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးအဆင့်၊ ဗိုလ်ကြီးတွေကို အရေးယူတာ ထောင်ချတာတွေ အကုန်လုံးလုပ်ပေးနေတာပဲလေ”
တပ်မတော်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကော်မရှင်ဘက်က ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းတယ်လို့ ဝေဖန်ချက်တွေအပေါ် ဦးယုလွင်အောင်က တပ်မတော်ဟာ ကော်မရှင်ရဲ့ အစီရင်ခံစာတွေကို အသိအမှတ်ပြုကြောင်း၊ တပ်တွင်းမှာ အရေးယူဆောင်ရွက်တာတွေ ရှိခဲ့ကြောင်း၊ တပ်မတော်ဟာ ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းလည်း တုံ့ပြန်ပြောဆိုပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက –
“ကော်မရှင်အပေါ် တပ်မတော်ရဲ့ လွှမ်းမိုးမှု မရှိပါဘူး။ ကော်မရှင်ဆိုတာ တပ်မတော်က ဖွဲ့စည်းပေးလိုက် တာလည်း မဟုတ်ပါဘူး။ နိုင်ငံတော်အဆင့် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီကော်မရှင်ဆိုရင် ကော်မရှင်ဥက္ကဋ္ဌက ဝန်ကြီးအဆင့်၊ ကော်မရှင်အဖွဲ့ဝင်တွေဆိုရင် ဒုဝန်ကြီးအဆင့် ပေးထားတဲ့သူတွေဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိပါတယ်။ လွတ်လွတ်လပ်လပ် ဆောင်ရွက်နေတာလည်း တေ့ွပါတယ်”
လက်ရှိ ကော်မရှင် ဥပဒေအရ အဖွဲ့ဝင်တွေဟာ ငါးနှစ်သက်တမ်းဖြစ်ပေမယ့် နှစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ပါရှိတာကြောင့် လက်ရှိ အဖွဲ့ဝင်တွေဟာ ဒုတိယသက်တမ်းကိုလည်း ထမ်းဆောင်ခွင့် ရှိနေပါသေးတယ်။
ဒါပေမဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ ကော်မရှင်ကို အဖွဲ့ဝင်အသစ်တွေနဲ့သာ ဖွဲ့စည်းလိုပြီး မြန်မာပြည် လူ့အခွင့်အရေး အခြေအနေကို နားလည်သူတွေ၊ လူ့အခွင့်အရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် တက်ကြွဆောင်ရွက်နေသူတွေ၊ အစိုးရ၊ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေနဲ့ ကင်းလွတ်သူတွေနဲ့သာ ဖွဲ့စည်းလိုကြတယ်လို့ ပြောကြပါတယ်။
ဒါ့အပြင် အရပ်ဖက်အဖွဲ့တွေ၊ သတင်းစာဆရာတွေ၊ ပညာရှင်တွေ စတဲ့ အလွှာပေါင်းစုံက ကိုယ်စားလှယ်တွေ ကော်မရှင်အဖွဲ့ဝင်အဖြစ် ဝင်ရောက်လျှောက်ထားနိုင်ခွင့်ရှိဖို့၊ အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုရှိဖို့ကိုလည်း တောင်းဆိုကြပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.